Monday 23 December 2013

ကျမတို့ ရဲ့  လူမှုသူရဲကောင်း ဒေါက်တာစင်သီယာမောင်





        


          ကျမ၁၀ တန်း ကျောင်းသူဘ၀တုန်းကပေါ့။ ကျမမဲဆောက်ကိုရောက်တာလည်း မကြာသေးပါဘူး။ တနေ့ ကျ တော့ “မယ်တော်ဆေးခန်းမှာအခမ်းအနားတစ်ခုရှိတယ်။ သွားရမယ်”လို့ အတန်းပိုင် ဆရာမက ပြောတယ်။ ကျမသူငယ်ချင်းတွေဆီကစပ်စုကြည့်လိုက်တော့ မယ်တော်ဆေးခန်းဆို
တာ ရွှေ့ ပြောင်း အလုပ်သမား တွေ ဆေး ကုသဖို့  အတွက် အခမဲ့ ဖွင့်ထားတဲ့ဆေးခန်းဆိုပဲ။ ကျမအရမ်းစိတ်ဝင်စား သွားတယ်။နာမည်ကမယ်တော် ဆေးခန်းဆိုတော့ တည်ထောင်တဲ့သူကဘယ်သူဖြစ်မလဲဆိုတာကိုလည်း ကျမသိ ချင် လာခဲ့ တယ်လေ။

          ကျမမယ်တော်ဆေးခန်းကိုရောက်သွားချိန်မှာတော့ လူနာအမျိုးမျိုးကိုတွေ့ ရပါတယ်။ တချို့ က အသက်အရွယ်အိုနေပါပြီ။ တချို့ က ဒဏ်ရာရလို့ ခေါင်းမှပတ်တီးကြီးနဲ့ ။ တချို့ ကျပြန်တော့လည်းအခုမှ လူ့ လောကကိုရောက်လာတဲ့ ကလေးငယ်လေးကိုရင်ခွင်မှာပိုက်လို့ ….။လက်သမားဝတ်စုံဝတ်ထားတဲ့အမျိုး သားတစ်ယောက်ကလည်း  ခြင်းတောင်းတစ်လုံးကိုဆွဲ ပြီးသူ့ ရဲ့ အမျိုးသမီးကိုယ်ဝန်သည်ကို လက်တွဲပြီးသားဖွားဆောင်ထဲကို ၀င်သွားတာတွေ တွေ့ ရပြန်တယ်။ တချို့ လည်းခြေလက်တွေ ပြတ်ပြီးဒုက္ခိတတွေ ပြီးတော့ ဆေးသင်တန်းတက်တဲ့သူတွေ ၊ ကုသဆောင်တွေ မှာအလုပ်ရှုပ်နေကြတဲ့ ဆရာတွေ ဆရာမတွေ ကိုကြည့်ရင်းမယ်တော်ဆေးခန်းအကြောင်းကျမသိချင်လာပါတယ်။

          မယ်တော်ဆေးခန်းကိုတချို့ က ကျောင်းသားဆေးခန်း လို့ လဲခေါ်ကြပါတယ်။ မယ်တော်ဆေးခန်း တည်ထောင် ချိန်က၁၉၈၉ခုနှစ်  ဖေဖေါ်ဝါရီလဖြစ်ပြီးလူအင်အားခြောက်ယောက်နဲ့စတင်တည်ထောင် ခဲ့တာဖြစ်ပါတယ်။လူအင်အားခြောက်ယောက်နဲ့ စတင်ခဲ့ရတယ်ဆိုပေမယ့် ၀ိုင်းဝန်းကူညီပေးကြသူတွေ အများကြီးရှိပါတယ်။

          နောက်ထပ်ကျမထပ်သိခဲ့ရတာကမယ်တော်ဆေးခန်းကိုတည်ထောင်သူ က ကရင်အမျိုးသမီး ဒေါက်တာစင်သီယာမောင်တဲ့။ နာမည်ကို ကြားလိုက်တာနဲ့  ရင်ထဲကိုအေးမြပြီး နွေးထွေးခြင်း တွေ ရောက် လာသ လိုပါပဲ။သူမကိုတွေ့  လိုက်ရတော့လည်း တကယ်ကိုအေးချမ်းတဲ့ မျက်နှာပိုင်ရှင်ဖြစ်တာ ကိုတွေ့ လိုက်ရ တယ်။ဒေါက်တာစင်သီယာမောင်ကို၁၉၅၉၊ဒီဇင်ဘာလ၆ရက်နေ့မှာ မွေးဖွားခဲ့ပြီး မိဘဖြစ်သူတွေက မိခင် နမ့်လှကြည်နှင့်ဖခင်မန်းငြိမ်းမောင်တို့ဖြစ်ပါတယ်။မြန်မာနိုင်ငံကနေထိုင်းနယ်စပ်ကိုထွက်ပြေးလွတ်မြောက်လာ ကြတဲ့ ဒုက္ခသည်တွေကိုဆေးဝါးများကုသပေးခြင်း၊ကျန်းမာရေးပညာပေးခြင်းတို့နဲ့  သူမရဲ့  ဂုဏ်သတင်းဟာထင်ရှားကျော်ကြားလာတာ ဖြစ်ပါတယ်။ဒါ့အပြင် ဒေါက်တာစင်သီယာမောင်ဟာ လူမျိုး ဘာသာ မရွေးစေတနာထားတတ်သူဆိုတာလည်းသိလာခဲ့ရပါတယ်။ အဲဒီ အချိန် ကျမ၁၀တန်း ကျောင်းသူ ဘ၀ထဲကစိတ်ဝင်စားပြီး သတိပြုမိလာခဲ့တာယခုအချိန်ထိပါပဲ။

          ဒေါက်တာစင်သီယာမောင်ကိုလေးစားထိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ ကျမသတ်မှတ်ထားတယ်။ ဘာကြောင့် ဒီလိုသတ်မှတ်ထားသလဲဆိုတော့ သူမမှာလူအများလေးစားရလောက်တဲ့အရည်အချင်းတွေ ၊ စိတ်နေသဘောထားတွေရှိလို့ ပါပဲ။သူမဟာမရှိဆင်းရဲသားတွေအတွက် အမြဲစဉ်းစားပေးတတ်သူပါ။ မရှိဆင်းရဲသားတွေအတွက်လည်းအကျိုးရှိတဲ့ အလုပ်တွေ ၊ လူမှုရေးကိစ္စတွေ အများကြီးလုပ်ပေးခဲ့ပါတယ်။ တချို့ က သူမကိုကရုဏာရှင် လို့ တောင် တင်စားခေါ်ဝေါ်ကြပါတယ်။

သူမဟာမြန်မာနိုင်ငံသားကရင်လူမျိုးဖြစ်ပြီး၁၉၈၉ခုနှစ်ကတည်းကထိုင်းနိုင်ငံမဲဆောက်မြို့မှာနေထိုင်ခဲ့ပါတယ်။ဆရာမဟာ မြန်မာနိုင်ငံရဲ့ှ၈၈၈၈ကျောင်းသားအရေးတော်ပုံ ပြီးချိန်မှာ ထွက်ခွါ လာခဲ့ပြီး၊ နယ်စပ်မှာ ဆေးခန်းဖွင့် ခဲ့ပါတယ် မြန်မာနိုင်ငံကနေလာကြတဲ့ဒုက္ခသည်တွေ တော်လှန်ရေးအဖွဲအစည်းက တော်လှန်ရေးသမားတွေ ၊မိဘမဲ့ကလေးတွေ ၊ရွှေ့ပြောင်းလာရောက်နေထိုင်ကြသူတွေကို မယ်တော်ဆေးခန်းမှာဆေးကုသပေးခဲ့တာပါ။ ဆရာမက လူမျိုးဘာသာ နိုင်ငံေ၇းမခွဲခြားပါဘူး ။ တော်လှန်ရေးသမားသာမက မြန်မာစစ်တပ်က ခြေပြန်လက်ပြတ်တွေကိုလည်း ခြေတုတပ်ပေးပြီး ကုသမူတွေပေးခဲ့တာပါ။ ဒီဆေးခန်းမှာ ၀န်ထမ်းတွေလည်း အတော်များပြီး နိုင်ငံခြားသား စေတနာ ၀န်ထမ်း တွေလည်း အများအပြားတွေ့ ရပါတယ်။

          မယ်တော်ဆေးခန်း စတင်းတည်ထောင်တုန်းကတော့ တရားဝင်နေရာမဟုတ်တဲ့အတွက် ဘယ်သူ့ ကိုမှအသိပေးဘဲတိုးတိုးတိတ်တိတ်ဆေးခန်းကိုဖွင့်ခဲ့တာ ဖြစ်ပါတယ်။နောက်ပိုင်းမှာသူမရဲ့  ဆေးခန်းကို ABSDF ကဆရာဝန်တွေ ၊ခေါင်းဆောင်တွေသွား လာဝင်ထွက်ရင်းလူနာ ကုသပေးတာတွေ၊ ဆေးသင်တန်းပေးတာမျိုးတွေရှိလာပါတယ်။ဒီလိုနဲ့ ပဲသူမရဲ့ ဆေးခန်းကိုတစ်စတစ်စလူသိများလာပါတယ်။အထူးသဖြင့်ထိုင်းနိုင်ငံမှာအလုပ်လာလုပ်ကြတဲ့အလုပ်သမားတွေသိလာကြတဲ့ အချိန်မှာတော့စက်ရုံ၊ဆောက်လုပ်ရေးမှာထိခိုက်ဒဏ်ရာရလာတဲ့လူနာတွေ၊ငှက်ဖျားရောဂါသည်တွေကိုပါကုသပေးလာရပါတယ်။အမျိုးသမီးအလုပ်သမားတွေပါဝင်လာချိန်မှာတော့သားဖွားပေးရတာမျိုးတွေ၊ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုတွေအထိလုပ်လာနိုင်ပါတယ် အခုအချိန်မှာတော့ မယ်တော်ဆေးခန်းနဲ့  ဒေါက်တာစင်သီယာမောင်ဟာထိုင်းနယ်စပ်မှာနေထိုင်ကြတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေအတွက် အားအထားရဆုံး ခိုလှုံရာနေရာတခု နဲ ခိုလှုံရာရင်ခွင် တစ်ခု ဖြစ်လာပါတယ် ။ တိုးတိုးတိတ်တိတ်လေးနဲ့ဆေးကုသပေးနေတဲ့ မယ်တော်ဆေးခန်းဟာ နယ်စပ်တလျှောက် ထိုင်းဆေးရုံကြီးတွေ တွဲဖက်လုပ်ဆောင် အကူအညီပေးခဲ့တဲ့ ဆေးခန်းအဖြစ် အခုအချိန်မှာတော့ ထိုင်းအစိုးရကပါ အသိမှတ်ပြုလာပြီဖြစ်ပါတယ်။

          လူထုကျန်းမာရေးအပြင် သူမဟာရွှေ့ ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေ ပညာဆက်လက် သင်နိုင်ဖို့ အတွက် ကျောင်းတစ်ကျောင်းဖွင့်ခဲ့ပါသေးတယ်။ ၁၉၉၄ခုနှစ်မှာတော့ မူကြိုကျောင်းလေးကိုစတင် တည်ထောင်ခဲ့ပါတယ်။ဒီလိုနဲ့ ပဲဒေါက်တာစင်သီယာမောင်၏ကြိုးပမ်းဆောင်ရွက်မှုကြောင့်ယခုအချိန်မှာတော့ လူမျိုးပေါင်းစုံတက်ရောက်နိုင်ပြီးကျောင်းသားပေါင်း၁ဝဝဝကျော်သင်ကြားပေးနိုင်တဲ့ Children Development Center(CDC) အထက်တန်းကျောင်းကြီးကိုဖွင့်လှစ်နိုင်ခဲ့ပါပြီ။

              “ကရုဏာရှင်”လို့ အများကတင်စားခေါ်ကြတဲ့  ဒေါက်တာစင်သီယာမောင်ဟာသူမရဲ့  စေတနာထားမှု၊အပင်ပန်းခံမှုတွေကြောင့်နိုင်ငံပေါင်းများစွာကချီးကျူးမှတ်တမ်းတင်ခဲ့ကြပြီးဆုများစွာကိုလည်းရရှိခဲ့ပါတယ်။သူမဟာအရှေ့တောင်အာရှရေမွန်မက်ဆေးဆေး (Southeast Asia’s Ramon Magsaysay Award) ဆုကို၊လူမှုကူညီစောင့်ရှောက်မှု အရေးများ အတွက်ခေါင်းဆောင်မှု ပြုလုပ်နိုင်ခဲ့တဲ့ အတွက်ရရှိခဲ့ ပါတယ်။ ၂၀၀၃ခုနှစ် Time Magazine ရဲ့ အာရှနိုင်ငံအာဇာနည်များစာရင်းမှာလည်းအမည်ရွေးခံခဲ့ရပြန်ပါတယ်။ ၁၉၉၉ခုနှစ်မှာJonathan Mann Award ကိုပထမဦးဆုံး လက်ခံရရှိသော အမျိုးသမီးတစ်ဦြး ဖစ်ပြီး၊ ထိုဆုဟာအမေရိကားနိုင်ငံနှင့်ဆွစ်ဇာလန်နိုင်ငံဆေးဝါးအဖွဲ့အစည်းများကနေပူးပေါင်းချီးမြှင့်တဲ့ ဆုဖြစ်ပါတယ်။

ဒါ့အပြင် သူမဟာအမေရိကန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျာမဏီ၊ စပိန် စတဲ့ နိုင်ငံတွေကပေးအပ်တဲ့ ဆုတွေအပြင် ၂၀၁၃ခုနှစ် အတွင်းမှာသြစတြေး လျ နိုင်ငံကပေးတဲ့ ဆစ်ဒနီငြိမ်းချမ်းရေးဆုကိုလည်းရရှိထားသူဖြစ်ပါတယ်။ထိုင်းနိုင်ငံအထင်ကရတက္ကသိုလ်တွေထဲကတစ်ခုဖြစ်တဲ့ UbonRatchathani University ကလည်း၂၀၁၃ခုနှစ် ဒီဇင်ဘာလ၁၈ရက်နေ့မှာ ဒေါက်တာစင်သီယာမောင် ကိုဆေးပညာဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ခဲ့ပါတယ်။နှစ်ပေါင်း၂၀ကျော်အတွင်းထိုင်းတက္ကသိုလ်တွေကနေပေးအပ်တဲ့ဆုဖြစ်တဲ့ဆေးပညာဆိုင်ရာဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကိုပထမဦးဆုံးအကြိမ် မြန်မာလူမျိုးတစ်ဦးဖြစ်တဲ့ဒေါက်တာစင်သီယာမောင်ကပဲရရှိခဲ့တာ ဖြစ်တယ်လို့  သတင်းဌာနများမှာဖော်ပြကြပါတယ်။

          ဒါ့အပြင် လူထုအခြေပြု အဖွဲ့ အစည်းဖြစ်တဲ့ Social Action for Women (SAW) ရဲ့  အကြံပေးအဖွဲ ၀င်တဦးလည်းဖြစ်ပါတယ်။ အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ (SAW) ကို၂၀၀၀ခုနှစ်ဂျွန်၂၅ရက်နေ့ ကစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ SAW အဖွဲ့ တည်ထောင်ချိန်က အခက်အခဲများစွာရင်ဆိုင်ခဲ့ရပေမဲ့ ဆရာမကြီးဒေါက်တာစင်သီယာမောင်ကအကူအညီတွေ ၊အထောက် အပံ့ တွေ အများကြီးပေးခဲ့တယ်။ နွေးထွေးတဲ့ မေတ္တာတွေပေးခဲ့တယ်  လို့SAW ကိုတည်ထောင် ခဲ့သူတွေ ကလည်းပြောပြကြပါတယ်။ဘာ ကြောင့်လဲဆိုတော့ SAW အဖွဲ့ ဟာမယ်တော်ဆေးခန်း မှာရံပုံငွေရှာ ဈေးရောင်းပြီး မိဘမဲ့ကလေးဂေဟာကိုစတင်တည်ထောင်ခဲ့ရတယ်လို့ ပြောပြကြပါတယ် ။ SAW အဖွဲ့ အစည်းမှာ  အခုအ ခါမှာတောဂေဟာ၅ခုရှိပြီး မိဘမဲ့ကလေးတွေ  မြန်မာနိုင်ငံတွင်းပညာ သင်ကြားဖို့  အတွက်အခက်အခဲဖြစ်နေကြတဲ့ ကလေးတွေ  HIV/AIDS ရောဂါရှင်တွေး လူကုန်းကူးခံရတဲ့အမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေ ကလေးတွေ အပြင် ဒုက္ခရောက်နေတဲ့  မြန်မာရွေ့ ပြောင်းအလုပ်သမားတွေ အတွက်အခု့အချိန်အထိလူမှုစောင့်ရှောက်ရေးအကူအညီများပေးနေတာပါ ။  မိဘမဲ့ကလေးတွေနဲ့ ဝေဒနာရှင် အများစု ဟာမယ်တော်ဆေးခန်းကနေ လွှဲ ပြောင်းပေးတဲ့ သူတွေလို့  သိရပါတယ်။ ဒီတော့မယ်တော် ဆေးခန်း နဲ့   SAW အဖွဲ့ အစည်းဟာ လည်းမိသားစုဝင်တွေ လိုဖြစ်နေကြပါတယ်။

           ဒါအပြင် ဒေါက်တာစင်သီယာမောင်ဟာ လူမူရေးလုပ်ငန်းကျန်းမာရေးလုပ်ငန်းတွေသာမက နိုင်ငံရေးကိုလည်း နားလည်တဲ့သူဆိုတာကို ကျမမထင်မှတ်ပဲသိလိုက်ရပါတယ်။ ဒါကတော့ သူမဟာကြုံကြိုက်တိုင်းမှာ မြန်မာနိုင်ငံမှာ တရားမျှတမူတွေရဖို့ ငြိမ်းချမ်းရေးတွေ ရဖို့ စစ်မှန်တဲ့ အခွင့်အရေးတွေရဖို့ တဦးချင်း တာဝန်ယူကြဖို့ပြောဆိုတာတွေကိုကျမကြားခဲ့ရတယ်လေ ။ တကယ်တော့ ကျမအနေနဲ့  ဒီလို့ စံပြအမျိုးသမီးတယောက်အကြောင်းဆောင်းပါးလေးရေးမိတာ  ပထမဦးဆုံးအကြိမ်လို့ ဆိုရမှာပါ။ သူမကိုလေးစားစွာနဲ့သီဖွဲ့ ခဲ့တဲ့ကျမရဲ့ ဆောင်းပါးလေးဟာ လိုအပ်ချက်များရှိနိုင်ပေမဲ့ ကျမရင်ထဲက ရိုးရှင်းစွာ အားကျစိတ် ဆရာမ စင်သီယာမောင်ကိုေ လးစား စိတ်တွေ နဲ့ရေးဖွဲ့ ခဲ့တယ် ဆိုတာကိုပဲ စာဖတ်သူေ တွကို  ပြောပြချင်နေမိပါတော့တယ်……။

ပင်လယ်ကြွေ

0 comments: