Sunday 30 June 2013

မနေ့ကအထိ ကမ္ဘာကြီး

 

 
ဘရာဇီးနိုင်ငံရှိ အိန္ဒိယလူမျိုးစုတစ်စု၏ ရိုးရာဓလေ့တစ်ခုမှာ အမျိုးသမီးများ မီးဖွားလျှင် တစ်ယောက်တည်း (ဘယ်သူမှ မကူညီရဘဲ) မီးဖွားရန်ဖြစ်သည်။ မမွေးဖွားနိုင်၍ ဘယ်လောက်ပင် အခက်အခဲရှိရှိ၊ မကူညီရ။ ရက်စက်သည်ဆိုဆို၊ ကလေး မွေးဖွားနိုင်၍ မိခင်ရော၊ ကလေးပါ အသက်ဆုံးရှုံးရတာလည်း ရှိသည်။ သူတို့၏ ယုံကြည်မှုက လူရယ်လို့ ဖြစ်လာလျှင် ယောက်ျားဖြစ်စေ၊ မိန်းမ ဖြစ်စေ၊ မိမိ၏ ဒုက္ခဆင်းရဲကို မိမိ ဘာသာ ခံစားကျော်လွှားရမည် ဟူ၍ဖြစ်သည်။

ထိုကဲ့သို့ အဖြစ်အပျက်များစွာကို ကယ်လီဖိုးနီးယားတက္ကသိုလ် ပါမောက္ခ ဂျရက်ဒိုင်းမွန်း၏ နောက်ဆုံးထုတ် စာအုပ်တွင် ဖော်ပြထားသည်။ စာအုပ်အမည်က “မနေ့ကအထိ ကမ္ဘာကြီး” (The World Until Yesterday)တဲ့။ “အစဉ်အလာရိုးရာ လူ့အဖွဲ့အစည်းများမှ ဘာတွေ သင်ယူနိုင်မလဲ” ဟု ဒုတိယခေါင်းစဉ်ပေးထားသည်။ သူက နယူးဂီနီ၊ အမေဇုံနှင့် သြစတြေးလျတို့မှ မူရင်းနေ လူမျိုးစုများအား ငါးနှစ်ကျော် သုတေသနပြုလေ့လာထားပြီး ပထဝီဝင် ပါမောက္ခ ပီပီ နိုင်ငံတို့၏ အနာဂတ်ကို ပထဝီနှင့် သဘာဝပတ်ဝန်းကျင်တို့က မည်သို့ပုံဖော်သည်ကို ဥပမာသာဓကများဖြင့် ရှင်းပြထားသည်။

Guns, Germs and Steel နှင့် Collapse စသည့် နာမည်ကြီး စာအုပ်များရေးခဲ့သည့် ပါမောက္ခ ဒိုင်းမွန်းက ရိုးရာအစဉ်အလာအတိုင်း နေထိုင်ကြသော (တောတွင်း) လူမျိုးစုများကို ယနေ့လူ့အဖွဲ့အစည်း၏ ဆန့်ကျင်ဘက်က ပုံရိပ်အဖြစ် တင်ပြထားသည်။ ရှေးလူမျိုးစုများသည် လူ့ဘဝတွင် ကြုံရမည့် ပြဿနာများအား နှစ်ပေါင်းထောင်ချီသော အတွေ့အကြုံ၊ သင်ခန်းစာများကို အခြေခံ၍ဖြေရှင်းကြသည်တဲ့။ သူတို့ ဘာတွေတွေ့ရှိခဲ့ကြပြီး သူတို့၏အတွေ့အကြုံများမှ ယနေ့လူတို့ မည်သို့ သင်ခန်းစာ ယူနိုင်မည်လဲ။

ဒိုင်းမွန်း၏ အလိုအရ ယနေ့ လူသားတို့နှင့် မြို့ပြနိုင်ငံများ မတိုင်မီက လူမျိုးစုတို့၏ သိသာသော ခြားနားချက်မှာ ရက်စက် ကြမ်းကြုတ်ခြင်း ဖြစ်သည်။ ရှေးလူတို့အတွက် မြေဆီမြေနှစ်ကောင်းမွန်သော စိုက်ပျိုးမြေမှာ အလွန်တန်ဖိုးရှိသည်။ သတ်မှတ်ထားသော နယ်နမိတ်ထက်ကျော်၍ ကျူးကျော်ဖြတ်သန်းလေ့မရှိ။ အချင်းချင်း ငြိမိပြီဆိုလျှင် စီးနင်းတိုက်ခိုက်ခြင်း၊ လက်စားချေ ပြန်လည် သတ်ဖြတ်ခြင်းတို့မှာ အဆက်မပြတ် သူတစ်လှည့်၊ ငါတစ်လှည့် အဆုံးမရှိ ဖြစ်ပွားတော့သည်။

ယနေ့ခေတ်သစ်ကမ္ဘာတွင် အမျိုးသားနိုင်ငံများလည်း စစ်ပွဲကြီးများ ဆင်နွှဲလေ့ရှိကြသော်လည်း လူအမြောက်အများ သေဆုံး ပျက်ဆုံးရသော စစ်ပွဲများကား ရှားသည်ဟု ဆိုရမည်တဲ့။ ယနေ့ခေတ် စစ်ပွဲကြောင့် သေကြေပျက်စီးမှု ပမာဏမှာ ရှေး တုန်းက စစ်ပွဲများထက် ပျမ်းမျှအားဖြင့် ဆယ်ပုံတစ်ပုံသာ ရှိသည်။ ၂၀ ရာစု၏ အသေအပျောက် အများဆုံး ကမ္ဘာစစ်ကြီးများတွင်ပင် ရှေးကစစ်ပွဲများမှ သေကြေပျက်စီးမှုများ၏ သုံးပုံတစ်ပုံသာရှိသည်။ ယနေ့ခေတ်လူတို့မှာ လူအချင်းချင်း သတ်ဖြတ်ဖို့ ရှေးကလောက် ရဲရင့်ခြင်းမရှိ။ လက်စားချေခြင်းဆိုသည်ကိုလည်း မကောင်းမှုအဖြစ် ရှောင်ကျဉ်ရန် သင်ကြားထားကြသည်။ သို့သော် ရှေးခေတ် လူ့အဖွဲ့အစည်းတို့မှာ ဤကဲ့သို့ သဘောထားမရှိပါတဲ့။ (စစ်ပွဲကို အဆုံးသတ်ဖို့ ညှိနှိုင်းပေးမည့်) ဗဟိုအစိုးရမရှိသည့်အတွက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ တိုက်ခိုက်ကြပြီဆိုလျှင် အဆုံးသတ်လို့ မရတတ်ပေ။

ဤသည်မှာ လက်ရှိ ၂၁ ရာစု လူ့အဖွဲ့အစည်းသည် ရှေးက လူတို့ထက် အကြွင်းမဲ့ ပို၍ ကောင်းသောအချက် ဟု ဆိုနိုင် သည်။ သို့သော် သားသမီးများ ပြုစုပျိုးထောင်ခြင်း၊ အသက်အရွယ်ကြီးသူများအပေါ် ဆက်ဆံရေးနှင့် ပဋိပက္ခဖြေရှင်းခြင်း စသည်တို့တွင်တော့ ယနေ့ခေတ် လူများသည် ထိုလူတို့ထံမှ သင်ယူစရာတွေ အများကြီးရှိသည်။

ယနေ့ လူတို့သည် ကုဒ် (code) ရေးထားသော စနစ်ကြီးတစ်ခု၊ တစ်နည်းအားဖြင့် လူသားဂုဏ်ရည်များ လျော့ပါးလာနေသော စက်ရုပ်ဆန်သည့် လူ့အဖွဲ့အစည်းတွင် နေထိုင်ကြသည်။ ရှေးတုန်းကတော့ ဒီလိုမဟုတ်။ လူတစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်ကြသည်မှာ (ကြားခံကိရိယာ မသုံးသော) တကယ့် အစစ်အမှန်လူများဖြစ်သည်။ အမှတ်သင်္ကေတများနှင့် ကိုယ်စားပြုမထားသော အချင်းချင်း တိုက်ရိုက်ဆက်သွယ်ကြခြင်း ဖြစ်သည်။ ယနေ့လူများက ရှုပ်ရှက်ခတ်နေသော ကားများ၊ ရထားများပေါ်တွင် ကိုယ့်အတွေးနှင့်ကိုယ် သို့မဟုတ်၊ စမတ်ဖုန်းများတွင် နစ်မျောနေရင်း လူအုပ်ကြီးထဲတွင် အထီးကျန်စွာ ပျောက်ဆုံးနေကြသည်။ အစဉ်အလာရိုးရာဓလေ့အတိုင်း နေထိုင်ကြသော လူများကတော့ တစ်ယောက်နှင့် တစ်ယောက် အမြဲထိတွေ့နေကြသည်။ တစ်ယောက်အတွေ့အကြုံမှ တစ်ယောက် သင်ယူကြသည်။ မျှဝေကြသည်။ “အထီးကျန်ဖြစ်တယ်ဆိုတာ အဲဒီ လူ့အဖွဲ့အစည်းတွေအတွက် ပြဿနာမဟုတ်” ဟု ဒိုင်းမွန်းက ရေးသည်။ အစဉ်အလာ ရိုးရာ လူတို့က သူတို့၏ ချက်မြှုပ်ဇာတိအရပ်များတွင်သာ မှီခိုနေထိုင်ကြသည်။ သူတို့၏ ဘဝမှာ ငယ်စဉ်ကတည်းက အတူ ကြီးပြင်းလာသော ငယ်ပေါင်းကြီးဖော်များ၊ ရောင်းရင်းဆွေမျိုးများနှင့် ဝိုင်းရံနေသော ကြွယ်ဝသည့် ဘဝဖြစ်သည်။

တရားတဘောင်ကိစ္စ မတော်တဆ ပေါ်ပေါက်ပြီဆိုလျှင် ယနေ့လူများက တရားရုံးသို့ သွား၍ ဖြစ်ပွားခဲ့သော အပြစ်အကြီး၊ အသေး ပေါ်မူတည်၍ မျှတသော အဖြေတစ်ခုသို့ ရောက်အောင် ကြိုးစားကြမည်ြုဖစ်သော်လည်း အစဉ်အလာ ဓလေ့ထုံးစံဖြင့် နေထိုင်ကြသော ရှေးလူတို့ကတော့ မျက်နှာချင်းဆိုင် တွေ့ဆုံ၍ မိမိတို့ကိုးကွယ်ယုံကြည်မှုအလျောက် ဝတ်ပြုဆုတောင်းကာ ဖြေရှင်းကြသည်။ ရည်ရွယ်ချက်မှာ အပြစ်ရှာရန်မဟုတ်၊ ပျက်စီးသွားသော လူမှုဆက်ဆံရေးကို မူလအတိုင်း ပြန်လည် ပြင်ဆင်ရန်ဖြစ်သည်။

အမှတ်အသားသရုပ်နှင့် ပတ်သက်၍လည်း ရှေးအစဉ်အလာလူ့အဖွဲ့အစည်းတို့တွင် ဘယ်တော့မှ ပြဿနာမတက်။ ၎င်းတို့အတွက် မိမိသည် ဘာဖြစ်သည်၊ မည်သည့်အစုတွင် ပါဝင်သည် ဟူသည့် အမှတ်အသားသရုပ်မှာ ရှုပ်ထွေးစရာ မရှိသလို အထူးတလည် စိတ်ဝင်စားရမည့်အရာ မဟုတ်။ ရှေးခေတ်လူတို့၏ဘဝမှာ ယနေ့ခေတ်လူတို့၏ ဘဝထက် ပို၍ လေးနက်သော အဓိပ္ပာယ်ဆောင်ပြီး စိတ်ဝင်စားစရာ၊ တောက်ပလင်းလက်နေသည်မျိုး ဖြစ်သည်။ တခြားနေရာများမှ ကြည့်လျှင် ကမ္ဘာကြီးမှာ စိတ်ညစ်ညူးစရာ မွဲခြောက်ခြောက် ထင်ရသော်လည်း ပါပူဝါနဂူးဂီနီလူမျိုးစုတစ်စု အတွက်ကတော့ ကမ္ဘာလောကကြီးမှာ လင်းလက်တောက်ပပြီး စိတ်လှုပ်ရှားစရာအပြည့်ဖြစ်သည်။

ဒိုင်းမွန်း၏ နက်နက်နဲနဲ လေ့လာဖော်ထုတ်မှုက အံ့သြချီးကျူးစရာကောင်းသည်။ သို့သော် သူ့စာအုပ်က လူမျိုးစုများ၏ ထူးဆန်းသော ဓလေ့စရိုက်များကို အသားပေးဖော်ပြမှုကပိုများပြီး ထိုလူမျိုးစုတို့၏ အသံက မကြားရသလောက်ဖြစ်သည်။ ရှေးရိုးအစဉ်အလာအတိုင်း နေထိုင်ကြသည့် လူမျိုးစုတို့၏ လူမှုဓလေ့ ဇာတ်လမ်းများ၊ ကိုးကွယ်ယုံကြည်သော ဘာသာတရားနှင့် သူတို့ကိုယ်သူတို့ မည်သို့ ထင်မြင်ယူဆသလဲ၊ အခြားသူများကို သူတို့ကမည်သို့မြင်သလဲ ဟူသောအချက်များ မတွေ့ရ။ (ပထဝီဝင် ပါမောက္ခ ပီပီ) လူသား၏ဘဝကို ပုံဖော်ရာတွင် ပထဝီနှင့် သဘာဝ ပတ်ဝန်းကျင်၏ အခန်းကဏ္ဍကို အထူးတင်ပြထားပြီး လူတစ်ဦးချင်းစီ၏ အတွေးအခေါ်နှင့် စိတ်ကူးစိတ်သန်းတို့၏ အခန်းကဏ္ဍမှာ မှိန်နေသည်။

ဒိုင်းမွန်းဖော်ပြသော လူမျိုးစုများမှာ တစ်ဦးချင်းတစ်ယောက်ချင်းရပ်တည်နေသည်ထက် ၎င်းတို့၏ အဖွဲ့အစည်းနှင့် တသား တည်း ဖြစ်သည်။ တစ်ကိုယ်တော် လှုပ်ရှားပြုမူသည်ကို မတွေ့ရ။ တစ်ကိုယ်ရေဘဝ တိုးတက်ရေးနှင့် သူရဲကောင်းဖြစ်ရေးအတွက် ကြိုးပမ်းကြသည်မျိုးမရှိ။  သူတို့အတွက် ဘဝဆိုသည်မှာ တစ်ယောက်ချင်း အကျိုးစီးပွားကိုသာ ဦးစားပေးသော အတ္တကဲသည့် သဘောမဟုတ်။ လူ့ဘဝဆိုသည်ကို ယနေ့လူတို့ ညွှန်းဆိုကြသလို ခရီးတစ်ခုဟု မယူဆ။ သူတို့အတွက် လူ့ဘဝဟူသည်မှာ သံသရာစက်ဝန်းတစ်ခု ဖြစ်သည်။ သူတို့အတွက် သမိုင်းဆိုသည်မှာ လမ်းညွှန်မှုပေးသည့်အရာမဟုတ်၊ အဆုံးမရှိ အဖန်တလဲလဲ လည်ပတ်နေသော ဖြစ်စဉ်ကြီးဖြစ်သည်။

အလွန်အကျွံ ပုဂ္ဂလိကသဘောဆောင်လာသော ယနေ့လူ့အဖွဲ့အစည်းကို စုစုစည်းစည်းရှိသော အစဉ်အလာ လူ့အဖွဲ့အစည်းနှင့် နှိုင်းယှဉ်သည့်စာအုပ်များ မနည်းမနော ထွက်ရှိပြီးပါပြီ။ ယခု ဒိုင်းမွန်း၏ စာအုပ်ပါ လူမျိုးစုများထံမှ ဘာတွေ သင်ယူနိုင်မည်လဲ ဆိုသည်ကတော့ ပြောဖို့ခက်လှပါသည်။ အကြောင်းမှာ၎င်းတို့သည် ယနေ့ခေတ်လူတို့နှင့် များစွာခြားနားကြသောကြောင့် ဖြစ်သည်။ ရှေးရိုးစဉ်လာအတိုင်း နေထိုင်ကြသော လူတို့သည် ယနေ့လူတို့နှင့်မတူကြ။ ဖြတ်သန်းရာ သမိုင်း အဖြစ်အပျက်များ၊ အတွေးအခေါ်နှင့် ဘာသာတရားတို့၏သင်ကြားမှု စသည့် မည်သည့် ရှုထောင့်မှ ကြည့်ကြည့် ၎င်းတို့မှာ ယနေ့လူတို့နှင့် ဘာမှမဆိုင်သော တခြားတစ်နေရာမှလူများကဲ့သို့ ဖြစ်နေသည်။

ယနေ့လူ့အဖွဲ့အစည်းရှိ လူတို့သည် တစ်ယောက်နှင့် တစ်ယောက် ဝေးကွာလျက် မေတ္တာစိတ်ကင်းမဲ့ကာ လူသားမဆန် ဖြစ်နေပြီလား။ အဲဒါတော့ သေချာပါသည်။ အစဉ်အလာ ဓလေ့ထုံးစံအတိုင်း နေထိုင်ကျင့်သုံးကြသော လူ့အဖွဲ့အစည်းများသည် ယနေ့လူတို့၏ ဘဝနေဟန် အပြောင်းအလဲအတွက် လိုက်နာကျင့်သုံးအပ်သည့် မော်ဒယ် ဖြစ်နိုင်သလား။ ဒါတော့ ပြောဖို့ခက်ပါသည်။ ထိုသူတို့ကား ယနေ့ခေတ်နှင့် လွန်စွာ ဝေးကွာလှပါသည်။      ။

TTO
၅  ဖေဖော်ဝါရီ ၂၀၁၃

စာညွှန်း။
David Brooks – What traditional societies can teach us (New York Times)

The World until Yesterday စာအုပ်၏ အဖွင့်စာမြည်း
                                                                       
 
     

0 comments: