Sunday 10 February 2013

မဲဆောက်အထူးစီးပွားရေးဇုန်ကြောင့် အခွင့်အလမ်းများ ပိုလာနိုင်

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် အထူးစီးပွားရေးဇုန်တည်ဆောက်ရန် ထိုင်းအစိုးရက ဇန်န၀ါရီလ ၂၀ ရက်နေ့ တွင် အတည်ပြုခဲ့ခြင်းကြောင့် လုပ်သား လိုအပ်မှုမြင့်မားလာကာ လုပ်ခ လစာလည်း အပြိုင်အဆိုင်ပေးလာနိုင်ပြီး မြန်မာလုပ်သားများအတွက် အထူးအခွင့်အလမ်းများရရှိနိုင် ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက မြန်မာတိုင်း(မ်)ကို ပြောသည်။ "နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့်ကိစ္စပါ။ ဒီစီးပွားရေးဇုန်တည်ဆောက်လို့ အာဆီယံစီးပွားရေးအသိုင်း အ၀ိုင်းဖြစ်လာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်း တွေ ပိုမိုရရှိစေနိုင်မှာပါ။ အရင်ကဆို အလုပ်အကိုင် က မြို့ကြီးတွေမှာပဲရနိုင်တယ်။ အခုတော့ ညီညီမျှမျှနဲ့ ဘယ်မှသွားစရာမလိုဘဲ အလုပ်တွေရနိုင်လာ မယ်။ သူတို့သတ်မှတ်ထားတဲ့ အနိမ့်ဆုံး ဘတ် ၃၀၀ ဆိုပေမယ့် နောက်ပိုင်းမှာ လုပ်ခလစာတွေ အပြိုင်ပေးလာကြလာမှာပါ" ဟု ၎င်းက ပြောသည်။ လတ်တလောတွင် မြ၀တီမြို့တွင်လည်း အထူးစီးပွားရေးဇုန် ဖော်ဆောင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းလျက် ရှိကြောင်း ၎င်းက ပြောသည်။ "နယ်မြေစီးပွားရေးကောင်းမှ ဖွံ့ဖြိုးတိုးတက်လာမယ်။ အလုပ်အကိုင်တွေကောင်းမှ ဆင်းရဲနွမ်းပါးမှု တွေလျှော့ချ နိုင်မယ်။ အားလုံးက ဆက်စပ်နေတယ်။ ယှဉ်ပြိုင်မှုတွေပေါ်မူတည်ပြီး အခွင့်အလမ်း တွေနဲ့ လုပ်ခလစာတွေ အားလုံးတိုးလာမှာပါ" ဟု ၎င်းက ပြောသည်။ အထူးစီးပွားရေးဇုန် တည်ဆောက် ခြင်းကြောင့် နယ်စပ်ရှိ မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိလာနိုင်ပြီး အာဆီယံ နှင့် အရှေ့အာရှနိုင်ငံများကို သုတေ သနပြု လုပ်နေသောEconomics Research Institute for ASEAN and East Asia (ERIA) မှ စီးပွား ရေးပညာရှင် Mr.Ikumo Isono က မြန်မာတိုင်း(မ်)ကို ပြောသည်။ "မဲဆောက်မှာက နဂိုကတည်းက အထည်ချုပ်စက်ရုံတွေအများကြီးရှိ တယ်။ စက်ရုံတွေမှာကလည်း မြန်မာလုပ်သားတွေကို သုံးတာများတယ်။ စီးပွား ရေးဇုန်တည်ဆောက်လိုက်မယ်ဆိုရင် မြန်မာ အလုပ်သမားအနေနဲ့ တရားဝင်အလုပ်အကိုင်ကောင်းတွေ ပိုရလာနိုင်တယ်။ လက်ရှိ လိုအပ်နေတာ က အလုပ်သမားပဲ" ဟု ၎င်းက ပြောသည်။ ထိုင်းနိုင်ငံတွင် ပြည်နယ်ဒေသများတွင် လုပ်ကိုင်နေသော အလုပ်သမားများကို ဇန်န၀ါရီလ ၁ ရက် နေ့မှ စတင်ခါ အခြေခံလစာကို ဘတ်ငွေ ၃၀၀ သတ်မှတ် လိုက်သောကြောင့် စီးပွားရေးဇုန် တည် ဆောက်ပြီးပါက မြန်မာအလုပ်သမားများကို အနည်းဆုံး၎င်းတို့ သတ်မှတ်ထားသော အခြေခံလစာ မှ စတင်ပေးသင့်ကြောင်း ၎င်းက ပြောသည်။ "ထိုင်းကုမ္ပဏီတွေက မြန်မာအလုပ် သမားဆိုရင် ဘတ် ၃၀၀ အောက်ပဲ ပေးချင်ကြတယ်။ အထူး သဖြင့် တရားဝင်အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့သူမျိုးဆို ပိုပြီး လစာနှိမ်ပေးတာတွေ တွေ့ရတယ်" ဟု ၎င်းက ပြောသည်။ ထိုင်းနှင့် မြန်မာနယ်စပ်မြို့ဖြစ်သော မြ၀တီမြို့သည် နှစ်နိုင်ငံအကြားအကြီးမားဆုံး နယ်စပ်ကုန် သွယ်ရေးနေရာ တစ်ခု ဖြစ်သည်။ "အထူးစီးပွားရေးဇုန် တည်ဆောက် ခြင်းကြောင့် မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံကြား မှာ ကုန်သွယ်မှုပိုများ လာနိုင်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံကို ထိုင်းက အသင့်စားသုံးနိုင်တဲ့ စားသောက်ကုန်နဲ့ အခြား လူသုံးကုန်ပစ္စည်းကောင်းတွေ ၀င်လာလိမ့်မယ်"ဟု Mr.Ikumo Isono က ပြောသည်။ အဆိုပါ စီးပွားရေးဇုန်ကို ထိုင်းနိုင်ငံ မြောက်ပိုင်း တတ်ခ်ပြည်နယ်၊ မဲဆောက် ခရိုင်အတွင်းရှိ မဲပါ ဒေသနှင့် သာစိုင်လုဒေသများတွင် တည်ဆောက်မည်ဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ သောင်းရင်းမြစ် အနီးအထိ ဧရိယာ ၈ ဒသမ ၉၆ စတုရန်း ကီလိုမီတာခန့် ကျယ်ဝန်းကြောင်း ဇန်န၀ါရီလ ၂၁ ရက် နေ့ထုတ် ဘန်ကောက်ပို့(စ်)သတင်းစာတွင် ဖော်ပြထားပြီး အဆိုပါစီးပွားရေးဇုန်တွင် သယ်ယူပို့ ဆောင်ရေးနှင့်ပတ်သက်သည့် အခြေခံအဆောက်အအုံများ၊ အခွန်လွတ်ဒေသများ၊ ကုန်လှောင်ရုံ များ၊ ၀န်ဆောင်မှုဌာနများ၊ အကောက်ခွန်စစ်ဆေးရေးဌာနများလည်းပါဝင်ကြောင်း ဖော်ပြသည်။ Bangkok Research Center (JETRO Bangkok) ၏ ဒုတိယဥက္ကဋ္ဌ Mr.Masami Ishida က " နှစ်ဦး နှစ်ဖက် အကျိုးရှိဖို့ဆိုတာက နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ဌာနက အာဏာပိုင်တွေရဲ့စည်းမျဉ်း စည်းကမ်းကန့်သတ်ချက်တွေပေါ်မှာလည်း မူတည်နေတယ်။ မြန်မာ အာဏာပိုင်တွေက မြန်မာ အလုပ်သမား တွေကို ထိုင်းဘက်မှာ အလုပ်သွားလုပ်ခွင့်မပေးရင်တော့ မြ၀တီဘက်က ကုမ္ပဏီ တွေက လုပ်ခလစာနည်းတဲ့ အကျိုးအမြတ်ရနိုင်မယ်။ တကယ်လို့ နယ်စပ် ဖြတ်ကျော်တာကို မတင်းကျပ်ဘူးဆိုရင် တော့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေ အနေနဲ့ ထိုင်းဘက်မှာ လခကောင်း ကောင်း နဲ့ အလုပ်လုပ်နိုင်တဲ့ အခွင့်အလမ်းကို ရမယ်။ သေချာတာကတော့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အကောင်းဆုံးအခွင့်အရေးပဲ"ဟု ပြောသည်။ မြ၀တီနှင့် မဲဆောက်မှာ မြစ်တစ်ဖက် တစ်ချက်စီတွင် တည်ရှိနေသော်လည်း လုပ်ခလစာကွာခြင်းမှု မြင့်မားလျက်ရှိ ကြောင်း ၎င်းက ပြောသည်။ ၂၀၁၂ ခုနှစ်က မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်မှု တန်ဖိုး 'ကန်' ဒေါ်လာ တစ်ဘီလျံခန့်ရှိ ကြောင်း ဘန်ကောက်ပို့(စ်) တွင် ဖော်ပြသည်။ By Myanmar Times

0 comments: