Tuesday 29 January 2013

ဂျေယန်းဒုက္ခသည်စခန်း၌ ၀မ်းရောဂါဖြစ်နေသော ကလေးအမြောက်အမြားရှိနေ

ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိ ဂျေယန်းဒုက္ခသည်စခန်းအတွင် လာရောက်ခိုလှုံနေသော ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေပြီး ၎င်းရောဂါကို ကုသရန် ဆေးဝါးနှင့် အခြား အကူအညီပေးမည့်သူများ နည်းပါးလျှက်ရှိနေသည်ဟု သိရသည်။ ဒုက္ခသည်စခန်းရှိ ကလေးငယ်အားလုံးနီးပါး ဝမ်းရောဂါ ဖြစ်ပွားနေကာ ဆေးကုသရန် လိုအပ်နေခြင်း ဖြစ်သည်ဟု အဆိုပါဒုက္ခသည်စခန်းမှ ရန်ကုန်သို့ပြန်လည်ရောက်ရှိလာသော အဖြူရောင်တွဲလက်များ အဖွဲ့မှ မဖြူအိသိမ်းထံမှ သိရသည်။ “ဝမ်းလျှောတာ တစ်ရက်ကို အယောက် (၂၀) လောက်ရှိတယ်။ ခုဆို တစ်နေ့ကို အယောက် (၁၀၀) ကျော်သွားပြီ။ ရောဂါ ကူးစက်နေတယ်။” ဟု မဖြူအိသိမ်းက ပြောသည်။ အဆိုပါ စခန်းတွင်းရှိ ဆရာဝန်၏ ပြောဆိုချက်အရ သန့်ရှင်းမှုမရှိသည့် ချောင်းရေ သောက်သုံးခြင်းနှင့် အာဟာရချို့တဲ့မှု တို့ကြောင့် ဖြစ်သည်ဟု သိရသည်။ အဆိုပါ ဂျေယန်းဒုက္ခသည်စခန်းသည် ဂျေယန်းချောင်းနှင့် တရုတ်ပြည်နယ်နမိတ်ကြားတွင်တည်ရှိပြီ အသက် (၅) နှစ် ၀န်းကျင်ရှိသော ကလေးငယ် (၁၅၀၀) ကျော်အပါအ၀င် စစ်ဘေးရှောင် ဒုက္ခသည် ပေါင်း (၇၅၃၂) ဦး ရှိသည် ဟု သိရသည်။ ဒုက္ခသည်စခန်းအတွင်း ရေသန့်လုံလောက်စွာ မသုံးနိုင်ခြင်းနှင့် ချောင်းရေးကို အဓိကထား သုံးနေရ သဖြင့် ဝမ်းရောဂါဖြစ်ပွားရပြီး ၀င်ငွေမရှိ၍ အစားအသောက်အတွက် အလွန်ဒုက္ခရောက်နေရ ကြောင်းကိုလည်း မဖြူအိသိမ်းက ပြောသည်။ ထို့အပြင် မိုးမောက်မြို့နယ်ရှိ ဒုက္ခသည်စခန်းများတွင်လည်း ရေရှားပါးမှု ပြဿနာနဲ့ ကြုံတွေ့နေရ ကြောင်း သိရသည်။ ၎င်း မိုးမောက်မြို့နယ် ဒုက္ခသည်စခန်းတွင် ဒုက္ခသည် (၁၄၂၀) ဦးခန့်ရှိပြီး (၃) ရက်တစ်ကြိမ် ရေသန့်ဗူးကြီး (၃၀) နီးပါးခန့်သာ ရရှိကြောင်း စခန်းတာဝန်ခံ ဆရာနော်အောင်က ပြောသည်။ “ရေက အရမ်းအရေးကြီးတယ်။ အိမ်သာမှာလည်း ရေးသုံးရမယ်။ ခုက ရေတွင်းကလည်း ရေခမ်း၊ ရေတွင်းက အမှိုက်ပုံနဲ့ နီးတော့ ရေကမသန့်ဘူးလေ။ အပြင်က ရေသန့်လည်းမရလာတော့ အတော် အခက်အခဲဖြစ်တယ်။” ဟု ဆရာနော်အောက်က ပြောသည်။ မကြာခင်ရောက်ရှိတော့မည့် နွေဦးရာသီကာလတွင် ရေတွင်း၊ အဝီစိရေများ ခမ်းခြောက်သွားမည်ကို စခန်းအသီးသီးမှ စိုးရိမ်နေကြသည်။

By Myitmakha

0 comments: