Tuesday 29 January 2013

လူနာသုံးရာဆံ့ HIV/AIDS Prevention & Care Centre တည်ဆောက်မည်

HIV/AIDS Prevention & Care Centre မှ လူနာသုံးရာကျော် တက်ရောက် ကုသနိုင်မည့် ဆေးကုသဂေဟာသစ် တစ်ခုကို ဒဂုံမြို့နယ် (အရှေ့)၊ အမှတ် ၆ ရပ်ကွက်တွင် တည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဂေဟာသစ်ကို အရှေ့ဒဂုံမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ခါတော်မှီလမ်း၊ မြေကွက်အမှတ် ၄၉၉၊ ၅၀၀၊ ၅၀၁၊ ၅၀၂ တို့တွင် တည်ဆောက်သွားမည်ဖြစ်ပြီး ပေ ၄၀ ပေ ၁၀၀ ကျော် ကျယ်ဝန်းသည်ဟု သိရသည်။ ၎င်းဂေဟာ တည်ဆောက်ရန် မြေနေရာကို မေတ္တာရှင် ရွှေပြည်သာ ဆရာတော်မှ လှူဒါန်းထားခြင်းဖြစ်ပြီး ဂေဟာတည်ဆောက်ရန် ကျပ် သိန်း ၃၀၀၀ ၀န်းကျင် ကုန်ကျမည်ဖြစ်သည်။ လက်ရှိတွင် HIV/AIDS စင်တာနှစ်ခုကို တောင်ဒဂုံနှင့် မြောက်ဒဂုံ မြို့နယ်များအတွင်း ဖွင့်လှစ်ထားရှိပြီး တက်ရောက်ကုသသူ ဦးရေ ၂၆၁ ဦး ရှိပြီဖြစ်ကြောင်း၊ လာရောက်ကုသသူများတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ အများဆုံးဖြစ်ကာ မိသားစုအလိုက် လာရောက်ကုသသူများလည်း ရှိကြောင်း သိရသည်။ အဆိုပါ စင်တာနှစ်ခု၌ တက်ရောက်ကုသသူ ဦးရေမှာ ၂၀၁၀ ခုနှစ်တွင် တစ်နေ့ပျှမ်းမျှ ဦးရေ ၈၀ ကျော်ခန့်ရှိရာမှ ၂၀၁၂ ခုနှစ်အတွင်း တစ်နေ့ပျှမ်းမျှဦးရေ ၃၀၀ ကျော် ရှိလာခြင်းကြောင့် သုံးနှစ်အတွင်း လေးဆနီးပါးခန့် မြင့်တက်လာခဲ့ကြောင်း သိရသည်။ HIV/AIDS Prevention & Care Centre သည် ၂၀၀၄ ခုနှစ်မှ စတင်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း အပါအ၀င် လူငယ်ကိုးဦးမှ စတင်ဖွဲ့စည်းကာ HIV/AIDS ရောဂါပိုးရှိသူ မည်သူမဆို ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာလအထိ လာရောက် ကုသသူ အရေအတွက်မှာ ငါးသောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ ၄င်း HIV/AIDS Prevention & Care Centre ကို ဒဂုံမြို့သစ်တောင်ပိုင်း၊ ၁၈ ရပ်ကွက်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဗိုလ်ရွှေဗျိုင်းလမ်းတို့တွင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

By Eleven

0 comments: