Thursday 18 November 2010

ဖားကန့်မြေပြို လူ ၅၀ ခန့်သေဆုံး

Wednesday, 17 November 2010 21:00 ဆိုင်းဂျာ/   KNG
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မော်ရှန် ခခူးကျေးရွာ အထက် မော်လကိန်ကျေးရွာ၌ အမြင့်ပေ ၂၀၀ခန့်ရှိ မြေစာပုံသည် နိုဝင်ဘာလ ၁၃ရက် မနက် ၄နာရီခွဲတွင် မြေပြိုကျခဲ့ရာ လူဦးရေ ၅၀ကျော်ခန့် သေဆုံးခဲ့တယ် လို့ ဒေသခံတစ်ဦးပြောသည်။

“မြေသွန်တဲ့ သူတွေက ဟိုးအပေါ်မှာ အောက်မှာက ရေမဆေးကောက်တဲ့ သူတွေ၊ ခါတိုင်းက လူ ၁၀၀ ကျော်လောက်ကောက်တာ၊ ခုက မနက် ၄နာရီခွဲဆိုတော့ လူဘယ်နှစ်ယောက်မှန်းကို မသိတာ” ဟု ၎င်းဒေသခံ ခရစ်ယာန် သင်းထောက် ဆရာတစ်ဦးမှ ပြောသည်။

၁သုံးလုံးကုမ္မဏီမှ ပုံထားသည့် မြေစာပုံမှာ မြင့်မားလွန်းပြီး သိပ်သည်းမှုမရှိ အားကြီးစွာ ပြိုကျလာခြင်း ဖြစ်သည်ဟု သိရသည်။

ရေမဆေးကျောက်ကောက်နေသည့် လုပ်သားများနှင့် မြေစာပုံတောင်အောက် အနီးတစ်နေရာ၌ မီးလုံ ထိုင်နေသည့် သူဌေးသုံးဦးတို့မှာ နက်နဲသည့် လျှိုမြောင်ချိုင့်ဝှမ်းတွင် တောင်ပြိုမြေစာများထဲ ပိသိပ် ပါသွားခဲ့သည်။ မြေစာသယ်ကားနှင့် အချက်ပြ ခရာမှုတ်သူတစ်ဦးလည်း ပါသွားခဲ့သည်။

“အဲဒီရေမဆေးကောက်တဲ့ လူတွေ လာရောင်းရင် ဝယ်ဖို့ အောက်မှာ မီးလုံပြီးစောင့်နေကြတာ မြေဖို့ပြီး သေသွားကြတယ်။ ကားမောင်းသူတော့ ပါလားမပါလား မသိသေးပါဘူး။” ဟု သင်းထောက်မှ ဆက်ပြော သည်။

ကုမ္မဏီမှ ၎င်းသူဌေးသုံးဦး ဦးဂျုံးလွမ်း (အသက်၅၂နှစ်)၊ ဦးအင်ခွန်နော်အောင် (အသက်၄၂နှစ်)၊ အင်ခွန်လဂေါင် (အသက် ၃၈နှစ်) တို့ အလောင်းသုံးလောင်းကိုသာ မြေစာပုံထဲမှ တူးဖော်ထုတ်ယူခဲ့ပြီး ကျန်သည့် ရေမဆေးကျောက်ကောက်သမားအလောင်းများအား ထုတ်ယူခြင်း မရှိခဲ့ကြောင်း ဒေသခံတစ်ဦးမှပင် ပြောသည်။

ယခုလို မြေပြိုမှုမှာ မကြာခဏဖြစ်လေ့ရှိပြီး လူသေမှုမှာလည်း တစ်ဆက်တည်းဖြစ်လေ့ရှိသည်ဟု သိရသည်။

ယင်းမြေပြိုသည့် နေရာကို ကုမ္မဏီမှ ပိတ်ပင်လိုက်ပြီဖြစ်ပြီး နောက်ထပ် အလောင်းများအား ထုတ်ယူခြင်း မလုပ်တော့ကြောင်း သိရသည်။

အာဏာပိုင် အစိုးရမှလည်း အလောင်းများ ထုတ်ယူဖို့ ကူညီမှုမရှိခဲ့ကြောင်း ကုမ္မဏီနဲ့သာ သက်ဆိုင်သည်ဟု ဆိုကြောင်း ဒေသခံမှ ပြောသည်။

0 comments: