Wednesday, 30 December 2009

ကျမဘ၀နဲ့ ကျမသိခဲ့တဲ့ လူ့အခွင့်အရေးတွေ ဘယ်ရောက်ကုန်ပြီလဲ

လူဆိုတာ လူရယ်လို့ဖြစ်လာရင် အခွင့်အရေးအမျိုးမျိုးရှိကြပါသည်။ တဦးတည်းနေ၍မရပါ။ အများနှင့် ဆက်သွယ်၍နေထိုင်ကြပါသည်။ ကလေး အမိဝမ်းတွင်းရှိသည့်အချိန်ကစလို့အခွင့်အရေးရှိပါသည်။ ကျ မ၏အမည်မှာ ခင်မျိုး ဖြစ်ပါသည်။ ကျမ၏အသက်မှာ (၇) နှစ်ရှိပါသည်။ ကျမ ငယ်ငယ်ကတည်းကနေ ယခုအထိ စာကိုမသင်ခဲ့ရပါ။ ကျမ ဖခင်၏အမည်မှာ ဦးလှရွှေ ဖြစ်ပါသည်။ ကျမ ဖခင်မှာ ကျမ (၂) နှစ် အရွယ်တွင် အမေနှင့်ရန်ဖြစ်ပြီး အိမ်ပေါ်မှဆင်းခဲ့သည်။ ယခုအထိကျမ၏အဖေသည် သေသလားရှင် သလားဟု မသိပေ။ ကျမ၏မိခင်အမည်မှာ ဒေါ်ခင်မျိုးကြည် ဖြစ်ပါသည်။ ကျမ၏ အမေသည် ကျမ (၅) နှစ်သမီးအရွယ်တွင် HIV ပိုး AIDS ရောဂါနှင့် သေဆုံးခဲ့ပါသည်။ ကျမမှာ HIV ပိုး AIDS ရောဂါဝေဒနာ ခံစားနေရသော ညီမလေး မျိုးသွယ် တယောက်ရှိသည်။ ညီမလေး၏ အသက်မှာ (၄) နှစ်ရှိခဲ့သည်။

ကျမတို့၏ မိဘများမရှိသည့်နောက်ပိုင်း ကျမတို့ညီအစ်မများသည် အဖွားနှင့် နေထိုင်ခဲ့ရပါသည်။ အဖွား က ကျမတို့ ညီအစ်မနှစ်ယောက်ကို မုန့်တီရောင်း၍ ကျွေးခဲ့ပါသည်။ ကျမတို့ ညီအစ်မနှစ်ယောက်ဟာ ပတ်ဝန်းကျင်တွေက HIV ပိုး AIDS ရောဂါသည်တွေလို့ အမျိုးမျိုးအနှိမ်ခံကြရပါသည်။ အထူးသဖြင့် သူငယ်ချင်းအပေါင်းအဖေါ်တွေနဲ့ ကစားရင် ပိုပြီးအပြောခံ အနှိမ်ခံရပါသည်။ တခါတလေကြရင်လည်း ကျမ အဖွားမုန့်တီသွားရောင်းရင် လူတွေက အဲဒီအဖွားကြီးမှာ HIV ပိုး AIDS ရောဂါတွေပါလာမှာစိုးလို့ ၀ယ်မစားကြပါဘူး။

အဲဒီတော့ လူတွေသိပ်ဝယ်မစားကြဘူး။ အဲဒီထက်ဆိုးတာကတော့ တအိမ်လုံးကို အိမ်ကနေမောင်း ထုတ်ချင်ရုံမက ရွာကပါမောင်းထုတ်ချင်နေကြသည်။ တချို့တလေ သနားတတ်လို့ ၀ယ်စားပါသည်။ ထို့ ကြောင့် ကျမအဖွားဈေးရောင်းမကောင်းတဲ့ နေ့တွေဆိုရင် ကျမတို့မြေးအဖွား (၃) ဦးဟာ ဘုန်းကြီး ကျောင်းမှာရှိတဲ့ ထမင်းတွေကို သွားတောင်းစားရပါသည်။ တခါတလေကျရင်လည်း ဘုန်းကြီးကျောင်း မှာ ထမင်းမရှိသဖြင့် ကျမတို့မြေးအဖွား ဥသျှစ်သီးကိုပင် စားကြရပါသည်။

ကျမတို့ကိုဘာဖြစ်လို့ ဒီလောက်များ မုန်းတီးကြသလဲ မသိပါဘူး။ ကျမတို့ရဲ့ တခါစားရ တခါမစားရတဲ့ ဘ၀ကနေ ဘာဖြစ်လို့များ ရုန်းကန်လို့မရလဲ မသိပါဘူး။ အဲဒီ HIV ပိုး AIDS ရောဂါကိုများ ဘာဖြစ်လို့ ဒီလောက်တောင်ရွံရှာမုန်းတီးကြတာလည်း မသိပါဘူး။ ကျမကတော့ ငယ်သေးသလား၊ စာမသင်ရတာ ပဲလား မသိဘူး HIV ပိုး AIDS ရောဂါကို ဘာမှန်းကိုမသိတာပါ။ ကြာလာတော့ ကျမတို့ရဲ့ ဘ၀ဟာ လူတွေရဲ့ တံတွေးခွက်မှာ မျောလုနီးပါးဖြစ်တဲ့အခါ SCUK ဆိုတဲ့ အဖွဲ့ရဲ့အကူအညီကြောင့် ကျမတို့ ညီအစ်မနှစ်ယောက်ဟာ ကျောင်းနေခွင့်ရကြပါသည်။ ကျမ ကျောင်းနေတဲ့အခါမှာ ကျမရဲ့အသက်ဟာ (၈) နှစ်တောင်ရှိခဲ့ပါသည်။ ကျမညီမလေးရဲ့ အသက်ကတော့ (၅) နှစ်ရှိခဲ့ပါသည်။ ကျမနဲ့ ညီမလေးဟာ အသက်ချင်းကွာသော်လည်း အတန်းချင်းတူခဲ့သည်။

အစကတော့ SCUK အဖွဲ့တွေရဲ့ အတန်းအပ်မှုကြောင့်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ တွေအားလုံး တန်းတူဆက်ဆံခဲ့ကြသည်။ နောက်တပတ်နှစ်ပတ်ကြာတဲ့အချိန်မှာ တချို့ဗမာပြည်က ဆ ရာ၊ ဆရာမတွေဟာ သိတဲ့အတိုင်းပဲ ပိုက်ဆံရှိမှ ကလေးတွေကို မျက်နှာသာ ပေးကြသည်။ ပိုက်ဆံမရှိ တဲ့ ကလေးတွေကိုတော့ နှိမ်သည်။ အဲဒီအထဲမှာ ကျမတို့ ညီအစ်မလည်း ပါတာပေါ့။ ကျမတို့ ညီအစ် မဟာ ဆင်းရဲတော့ သူများကဲ့သို့ ကျောင်းသားအင်္ကျီတွေ ၀ယ်မ၀တ်နိုင်ဘူး။ သူများလို လွယ်အိတ်တွေ ထီးတွေမ၀ယ် နိုင်ဘူး။

ကျမတို့ ညီအစ်မတွေ အိမ်ဝတ်စုံတွေကိုပဲ ၀တ်သည်။ လွယ်အိတ်ကတော့ ပလပ်စတစ်အိတ်ပေါ့၊ ထီးက တော့ သစ်ရွက်နဲ့လုပ်တဲ့ ခမောက်ရှည်လိုမျိုးပေါ့ သူများတွေဟာကျောင်းဝတ်စုံတွေနဲ့ဆိုတော့ သမီးတို့ ညီအစ်မနှစ်ယောက် အားငယ်စိတ်တွေ ၀င်လာမိပါသည်။ ကျမရဲ့ ညီမလေးဟာ ဖျားလိုက်ပျောက်လိုက် နဲ့ ခဏ ခဏဖျားပါသည်၊ ကျောင်းလည်းအပျက်များသည်။ ကျမ ညီမလေးကျောင်းပျက်တော့ ကျမ လည်း ကျောင်းပျက်ရတာပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့ ကျမအဖွားလည်းမအားဘူး။ ကျမတို့ ကျောင်း တက်ဖို့အတွက် ငွေတွေရှာပေးရပါသည်။ သူများတွေမုန့်ဖိုး (၅၀) ကျပ်လောက်ရပေမယ့် ကျမတို့ ညီ အစ်မ နှစ်ယောက်ပေါင်းမှ ၅ ကျပ် ၁၀ ကျပ် ရခြင်မှရရှိပါသည်။

ကျမ (၇) တန်းရောက်တဲ့ အချိန်မှာတော့ ကျမ လူ့အခွင့်အရေးဆိုတာကိုတော့ တချက်နှစ်ချက်လောက် တော့သိခဲ့ရပါသည်။ အဲဒါတွေဟာ လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာလုပ်ပိုင်ခွင့်ဆိုတာကို သမီး သိခဲ့ရသည်။ ကျမ၏ ညီမလေးကတော့ ဖျားလို့နာလို့သမီးထက်တတန်းအောက်ခဲ့ပါသည်။ ဒါပေမယ့် သမီးသိတဲ့ လူအခွင့်အရေးများထဲမှာဆိုရင် သမီးတို့တချက်လောက်ပဲ ခံစားပိုင်ခွင့်ရသည်။ ကျမတို့ဟာ ကလေးဖြစ်ပေမယ့် လူ့အခွင့်အရေးဆိုတာ ဘယ်ရောက်ကုန်ပြီလဲ။ ကျမတို့ရဲ့ ဘ၀ကိုဝင်ပြီးခံစားကြည့် ကြပါ။ အကယ်၍မင်းတို့ညီမလေးတွေ၊ အမေလည်း HIV ပိုး AIDS ရောဂါဖြစ်လျှင် အဲဒီလိုပဲ နှိမ်ကြမှာ လား နည်းနည်းလောက် ကိုယ်ချင်းစာကြပြီး ကျမတို့ ဘ၀ကို ခံစားပေးကြပါ။

ကျမတို့ မြေးအဖွားရဲ့ ဘ၀အဖြစ်အပျက်ဟာ တော်တော့ကို ဆိုးလှပါသည်။ HIV ပိုး AIDS ရောဂါရှိ လောက်ရုံမျှနှင့် အဲဒီလောက်ထိ ခွဲခြားမဆက်ဆံသင့်ပါဟု ကျမ ပြောချင်ပါသည်။ ကျမတို့ မြေးအဖွားကို ကိုယ်ချင်းစာကြပါ၊ ကြင်နာသနားကြပါ လူသားအချင်းချင်းချစ်ခင်ကြပါဟု တိုက်တွန်းပါသည်။ ကျမတို့ ရဲ့ မြေးအဖွားလို လူသားတွေ ခွဲခြားမဆက်ဆံရပါစေနဲ့ဟု ကျမ ဆုတောင်းပေးလိုက်ရင်း ဒီစာကို နိဂုံး ချုပ်လိုက်ပါသည်။

မိုးသူဇာအောင်
(SAW ကျောင်း)
(အများနှင့်ဆိုင်သောဆက်သွယ်ရေးနှင့် လူအခွင့်အရေးခေါင်းစဉ်ကို ကိုယ်စားပြုရေးသားပါသည်။)
ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်


0 comments: