Thursday, 17 September 2009

ကလေးတွေရဲ့ ဒုက္ခ အပိုင်း(၁)

Children of Conflict BBC World service (Human right issues)
ကလေးလုပ်သား သန်း ၂၅၀
ကျောင်းနေအရွယ် ကလေး အနည်းဆုံး သန်း ၂၅၀ ၀န်းကျင် ခန့်ဟာ လုပ်ငန်းခွင်ထဲ ရောက်ရှိနေကြပြီး ဒီအထဲကမှ ထက် ၀က်ခန့်ဟာ အချိန်ပြည့် လုပ်သားအဖြစ် ရောက်ရှိနေကြရပြီး အနိမ့်ဆုံး လုပ်အားခကို သာရရှိတဲ့အပြင် ကျန်းမာရေးနဲ့ လုံခြုံ ရေးအရ စိုးရိမ်ဖွယ် အနေအထားနဲ့ ရင်ဆိုင်နေရတယ်။
စစ်ပြီးကာလ
စစ်တွင်းကာလတုန်းက အာဖဂန်နစ္စတန် ကလေးအများစုဟာ အချိန်ကာလကိုတောင် အမှတ်မရကြ တော့ဘူး။ နှစ် ၂၀ ကာလအတွင်း ဆိုဗီယက်ပြည်ထောင်စုရဲ့ ၀င်ရောက်ကျူးကျော်မှုကို ခံခဲ့ရပြီး ယနေ့ ကာလမှာလည်း ဆူနီမွတ်ဆလင် တာလီဘန်တွေရဲ့ ထိန်းချုပ်မှုအောက်ရောက်ရှိနေတယ်။ ခန့်မှန်းချေ တွက်ချက်မှုအရ ပြောရမယ်ဆိုရင် ကဘူးမြို့မှာရှိတဲ့ ကလေးထက်ဝက် နီးပါးခန့်ဟာ ဖခင်မဲ့ဘ၀ကို ရောက်ရှိနေကြရပြီး တာလီဘန် အုပ်ချုပ်မှုအောက်မှာ ဆင်းရဲကြပ်တည်းလွန်းပြီး အမျိုးသမီး တွေအနေ နဲ့ ပညာသင်ကြားရေးနဲ့ လုပ်ငန်းခွင်အတွင်း ၀င်ရောက်နိုင်ဖို့ရာအတွက် တားဆီးပိတ်ပင်ခြင်း ခံနေရ တယ်။ ဒီအကျိုးဆက်တွေရဲ့ နောက်ဆက်တွဲကတော့ ဖခင်မဲ့ကလေးငယ်တွေဟာ မိသားစုတာဝန်ကို အစားထိုး ၀င်ရောက်လုပ်ကိုင်နေကြရတယ်။

အာဖဂန် ဒုက္ခသည် တသန်းခွဲဝန်းကျင်ဟာ ပါကစ္စတန် နိုင်ငံအတွင်း ခိုလှုံနေကြရပြီး ကလေးငယ် အ များအပြားဟာ ပရှာဝါ ဒုက္ခသည်စခန်းအနီးတ၀ိုက်က ကော်ဇောစက်ရုံမှာအလုပ် လုပ်ကိုင်နေကြရ တယ်။ ကော်ဇောစက်ရုံကတော့ ကလေးအလုပ်သမားတွေ မထားတော့ဘူးလို့ ကတိပေးပြောဆိုနေ ပေမယ့်လည်း နေရာအတော်များများမှာ ကလေးအလုပ်သမားတွေကတော့ ရှိနေတုန်းပါ။ ၀င်ငွေနိမ့်ကျ မှု ပြဿနာကြောင့် မိဘတွေကိုယ်တိုင်က လုပ်ငန်းခွင်အတွင်း ကလေးတွေဝင်ရောက်လုပ်ကိုင်ခြင်းကို ခွင့်ပြုထားတယ်။ လုပ်ငန်းရှင်တွေအတွက်ကတော့ ကလေးအလုပ်သမားတွေဟာ ဈေးနှုန်း သက်သာ တဲ့အပြင် ပုံစံသွင်းရလွယ်ကူခြင်း၊ ငယ်ရွယ်ပြီး တက်ကြွတဲ့အတွက် အလုပ်ရုံအတွက်တော့ အလွန်တ ရာမှကို တန်ဖိုးရှိလှတယ်။

ကလေးတွေရဲ့ အလုပ်လုပ်နိုင်မှုစွမ်းရည်ဟာ ကန့်သတ်ချက်ရှိတဲ့အတွက် အသက်အရွယ်ကြီးရင့်လာ ချိန်မှာ သူတို့လေးတွေရဲ့ ကျန်းမာရေးဟာ အလွန်တရာမှကို ယိုယွင်းပျက်စီးနေပြီ။ အကြောင်း ကတော့ ဆိုးဝါးတဲ့ လုပ်ငန်းခွင်အတွင်း ကြာမြင့်လှတဲ့ အချိန်ကာလကြောင့် ပညာသင်ကြားဖို့ အခွင့်အရေးတွေ မရှိခဲ့သလို အနာဂတ်ဟာလည်း ပျောက်ဆုံးနေခဲ့ရပြီး သူတို့ရဲ့ လစ်လပ်သွားတဲ့နေရာမှာ ဆွေမျိုးသား ချင်း နောက်မျိုးဆက်လေးတွေက ၀င်ရောက်အစားထိုး လုပ်ကိုင်လာခြင်းကြောင့် ကလေးငယ်တွေရဲ့ ဘ၀ဟာ ဒီအဆိုး သံသရာအ၀န်းအ၀ိုင်းထဲမှာတင် လုံးခြာလည်နေတယ်လို့ ဆိုရမယ်။

နိုင်ငံရေးအရ တည်ငြိမ်မှု ရှိခဲ့ပေမယ့်လို့ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ အခြေခံအဆောက်အအုံ တွေကတော့ ယိုယွင်းပျက်စီးလျက်ရှိပြီး ၁၅ နှစ်ကြာ ပြည်တွင်းစစ်ဒဏ်ကြောင့် မိုဇမ်ဘစ် နိုင်ငံဟာနဲ့ လံမထူနိုင် လောက်အောင်ကို ဖြစ်နေရှာတယ်။ မြို့တော် မပူတို မှာဆိုလို့ရှိရင် ကလေး အတော်များများဟာ စစ် ဒဏ်ကြောင့် မိဘမဲ့ဘ၀ကိုရောက်ရှိနေကြရပြီး လမ်းပေါ်မှာအမှိုက်ကောက်ရင်း တောင်းရမ်းစားသောက် နေကြရရှာတယ်။ စစ်တွင်းကာလတုန်းက ဖခင်နဲ့အစ်ကိုဖြစ်သူ ပျောက်ဆုံးသွားတဲ့အတွက် အယ်လ်ဘာ တို ဆိုတဲ့ အသက်ဆယ့်သုံးနှစ် ကလေးဟာဆိုရင် သူ့ဘ၀သူရုန်းကန်ရင်းနဲ့ မိခင်ကိုထောက်ပံ့ပေးနေ တယ်။ အယ်လ်ဘာတို လိုကလေးငယ်အတွက်ကတော့ ပညာရေး ဆိုတာက အိပ်မက်တခုပါပ။

ကလေးပြည့်တန်ဆာ
ပြည့်တန်ဆာလုပ်ငန်းနဲ့ သက်မွေးဝမ်းကြောင်းသူတွေထက် ကလေးပြည့်တန်ဆာတွေဟာ ၀င်ငွေပိုရတဲ့ အတွက် လမ်းပေါ်တင်မှာ ခန္ဓာကိုယ် လက်လွှဲ ရောင်းစားတော့တာပဲ။ ယာဉ်တိုက်မှုကြောင့် ခြေထောက် တဖက်ဆုံးရှုံးပြီး ချိုင်းထောက် အသုံးပြုနေရတဲ့ ၉ နှစ် အရွယ် မိန်းကလေး မာရီယာဇင်းနာ လေးအ တွက်ကတော့ ငွေရဖို့အလွယ်ကူဆုံးနည်းလမ်းဟာ မိုဇမ်ဘစ် ကိုအလည်လာတဲ့ နိုင်ငံခြားသား ဧည့် သည်တွေဆီမှာ ကိုယ်ခန္ဓာရောင်းစားခြင်းပဲ။ ၁၉၇၅ ခုနှစ်တည်းကစတင်လိုက်တဲ့ အန်ဂိုလာ ပြည်တွင်း စစ်ကြောင့် တိုင်းပြည်ရဲ့ သဘာဝ သံယံဇာတ ဖြစ်တဲ့ ရေနံသဘာဝဓာတ်ငွေ့နဲ့ တွင်းထွက်ပစ္စည်း (စိန်) တွေဟာ စစ်သုံးစရိတ် ဖြစ်ခဲ့ရတယ်။ ပြည်တွင်း ပဋိပက္ခကြောင့် ကလေးတွေဟာ စစ်မဲ့ဇုံဖြစ်တဲ့ ကမ်းရိုး တန်းတလျှောက်ကို ထွက်ပြေးခိုလှုံ ခဲ့ရတယ်။ လူအမ်ဒါ မြို့တော်မှာနေထိုင်တဲ့ ၁၆ နှစ် အရွယ် မာရီ ယာနဲ့ ၁၅ နှစ် အရွယ် လီလီ တို့ နှစ်ဦးစလုံးဟာဆိုရင် ကလေးပြည့်တန်ဆာအဖြစ် အသက်မွေးဝမ်း ကျောင်းပြုရင်း မိဘနှစ်ပါးကို ကျွေးမွေးပြုစုနေရတယ်။

ကျွမ်းကျင် ကလေး လုပ်သားတွေ
ဆင်းရဲတဲ့ မိသားစု အသိုင်းအ၀ိုင်းမှာကြီးပြင်းလာတဲ့ ကလေးတွေဟာလုပ်ငန်းခွင် ၀င်ရောက်လုပ်ကိုင်ဖို့ တချို့သော မိဘတွေရဲ့ အဆုံးဖြတ်ကြောင့်ဖြစ်ပြီး နှစ်ကာလ ရှည်ကြာလာတဲ့အခါ ပညာရေးနဲ့ ဝေးတဲ့ လမ်းကြောင်းပေါ်ရောက်ရှိသွား ဆင်းရဲတွင်းကကို မတက်တော့ဘူး။ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန် ပုံငွေအဖွဲ့ (UNICEF) ကတော့ ဒီဆင်းရဲပြီး ၀င်ငွေနိမ့်ကျတဲ့ မိသားစုတွေကို တစုံတရာသော ငွေကြေး ထောက်ပံ့ပေးခဲ့မယ်ဆိုရင် ကလးတွေအနေနဲ့ လုပ်ငန်းခွင်ကိုပစ်ပြီး စာသင်ခန်းကို ရောက်သွားနိုင်မယ် လို့ ယုံကြည်နေပုံရတယ်။ မိုဇမ်ဘစ်မှာ လမ်းပေါ်ရောက်နေတဲ့ ကလေးအလုပ်သမားတွေကို နေရာထိုင် ခင်းအတွက် ထောက်ပံ့ကူညီဖို့ရာအတွက် Cidadela das Criancas စီမံကိန်းအရလုပ်ဆောင်နေ တယ်။ ဂျော့ရှ် ကတော့ အဲဒီအထဲက ကလေး တယောက်ပေါ့။

လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ ကလေးတွေရဲ့
ဘ၀ တစိတ်တပိုင်းကို လှစ်ဟပြနေတဲ့ တွေ့ဆုံမေးမြန်းခန်း


အီမယ်လ် ရဲ့ဘဝ
စစ်ပွဲ ကာလအတွင်းမှာ အဖေ ဟာခြေထောက်တဖက် ဆုံးရှုံးသွားရတဲ့အတွက် လုပ်ငန်းခွင်ထဲကို ၀င် ရောက်နိုင်စွမ်းမရှိတော့ သားအကြီးဆုံးဖြစ်တဲ့ ကျနော်ကပဲ တာဝန်ယူခဲ့ ရတာပေါ့။ သောကြာနေ့ နား ရက်ကလွဲလို့ နေ့တိုင်း မနက် ၇ နာရီ ကနေ ညနေ ၄ နာရီ အထိ လုပ်ငန်းခွင်ထဲမှာ အချိန်ကုန်ရတဲ့ အပြင် အိမ်အလုပ်တွေကိုပါ ၀ိုင်းကူလုပ်ရသေးတယ်။ ပင်ပန်းနွမ်းနယ်ပေမယ့်လည်း ဘာတတ်နိုင်မှာ မို့လဲ။ ကျနော်က ငွေလိုချင်နေတာကိုး။ ကျနော်တို့ကို သင်ကြားပေးမယ့် မူလာကြီးတွေက ဒီမှာမရှိတဲ့ အတွက် တကယ်လို့များ ငွေစလေးသာရွှင်ခဲ့မယ်ဆိုရင် ကျောင်းတက်ပြီး ကျနော် စိတ်ဝင်စားတဲ့ ဘာ သာရေး ကိုလေ့လာဆည်းပူးချင်တယ်။

ဟီလာရီရဲ့ ဘဝ
ကျနော့် အဖေ ကတော့ အင်ဂျင်နီယာ တယောက်ပေါ့။ တနေ့မှာတော့ အဖေ့ အပေါင်းအသင်းတွေ ကျနော်တို့ အိမ်ရောက်လာပြီး မှတ်တမ်းမှတ်ရာတွေအတွက် လက်မှတ်ထိုးပေးဖို့ရာ အကူအညီတောင်း လာတဲ့အတွက် အဖေလည်း ဂိတ်ကိုအသွား ဘယ်ကလာမှန်း မသိတဲ့ ဒုံးကျည်က အဖေ့ ဦးခေါင်းကို လာထိမှန်ပါလေရော။ ဘယ်သူမှလည်း ကူညီနိုင်စွမ်းမရှိတော့ အမေဆိုရင် အရူးမီးဝိုင်းသလိုပဲ ပြေး လွှားနေလိုက်တာ။ ညီလေးဆိုရင်လည်း ဒဏ်ရာရနေတဲ့ အဖေ့လက်မောင်းကို ကိုင်ထားယုံကလွဲလို့ ဘာတတ်နိုင်မှာမို့လ။ မိနစ်အနည်းငယ်အတွင်း ကမ္ဘာ့ကုလသမဂ္ဂ လူနာတင်ယာဉ်ကား ရောက်လာပြီး အဖေ့ကိုဆေးရုံခေါ်သွားပါလေရာ။ ဒီပေါက်ကွဲမှုကြောင့်ပဲ အမေနဲ့ ကျနော်တို့ညီအစ်ကိုတတွေကို အဖေ ထားရစ်ခဲ့ပါလေရော။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ကျနော့်ကို ဆရာဝန်ဖြစ်စေချင်တဲ့ အဖေ့ ရည်ရွယ်ချက်တွေ ကို ဖြည့်ဆည်းပေးဖို့တော့ ကျနော် ဆုံးဖြတ်ချက်ချထားတယ်။

(မေး)“သင့်အဒေါ်ဖြစ်သူက သူမရဲ့ သမီးနဲ့ သင့်ကို အ၀တ်အစားဝယ်ပြီးဆင်မြန်းတဲ့အခါ စိတ်ထဲဘယ် လို ခံစားရသလဲ။သင့်မိခင် ကိုယ်တိုင်ပေးတာကိုပဲ လိုချင်စိတ်ရှိတာလား”။
“သိပ်မှန်တာပေါ့ဗျာ။ အမေ ကိုယ်တိုင်ပေးတာကို ဘယ်အရာကများ အစားထိုးလို့ရမှာလ”။
(မေး) “ကျောင်းနေချိန်မှာ မိဘနဲ့ ခွဲနေဖူးလား”။
“ကဘူးမှာ တာလီဘန် တွေရှိနေတော့ မိဘနဲ့ခွဲပြီး ဒီမှာကျောင်းလာနေရတာပေါ့။ ဟိုမှာက ကျောင်းသား အယောက် ၃၀၀ မှာ ဆရာက တယောက်ထရယ်။ အမျိုးသမီးတွေကို မနှိပ်စက်ဖို့နဲ့ တကယ်တမ်းကြ တော့ သူတို့ဟာ ကျနော်တို့ရဲ့ အမေတွေ အမတွေပါပဲ”။

ရာအီဟာနာ ရဲ့ ဘဝ
(မေး) “အသက်ဘယ်လောက်ရှိသွားပြီလဲ ရာအီဟာနာ”
“၉ နှစ်”
(မေး) “ညီအစ်ကိုမောင်နှမ ဘယ်နှစ်ယောက်ရှိလဲ”
“အစ်မ ၆ ယောက်နဲ့ အစ်ကို ၇ ယောက်”
(မေး) “အဖေ က ဘာအလုပ် လုပ်သလဲ”။
“ဘာမှ မလုပ်ဘူး”
(မေး) “မိသားစုမှာ တယောက်ထဲ အလုပ် လုပ်တာလား”
“မဟုတ်…ဘူး”
(မေး) “ကော်ဇောယှက်လို့ ပိုက်ဆံရရင် ဘာဝယ်မလို့လဲ”
စာရေးကိရိယာဆိုင်သွားပြီး ကျောင်းလွယ်အိတ်ဝယ်မယ်ပြီးရင် ပိုတဲ့ပိုက်ဆံကို မိသားစုကို ထောက်ပံ့ မယ်။

အယ်ဘာတို ရဲ့ ဘဝ
“၁၃ နှစ်သား အရွယ်နဲ့ မမျှအောင် ခံစားရတဲ့ ကျနော့် ဒုက္ခတွေက အဖေ ဆုံးတယ် ပြီးတော့ အစ်ကိုကြီး၊ အမေကလည်း ဘယ်ကိုထွက်သွားမှန်း မသိဘူး။ ဒါနဲ့ပဲ လမ်းပေါ်မှာ တရက်ပြီး တရက် အချိန်တွေကုန် ခဲ့ရတာပေါ့။ တနေ့လုံး လုပ်မှရတဲ့ ၀င်ငွေက အနည်းကျဉ်းလေးရယ်။ ဒေသခံလူတွေနဲ့ နိုင်ငံခြားသား တ ချို့ကတော့ ငွေအနည်းကျဉ်းမစကြလေရဲ့။ ငွေကြေးလိုအပ်ချက်ကြောင့် ပညာရေးကို ကျနော် စွန့်လွှတ် ခဲ့ရပေမဲ့ တစုံတယောက်ကများ ကျနော့် ကျောင်းဝင်ကြေးကို သွင်းပေးမယ်ဆိုရင်ပေါ့လေ ကျောင်းနေ ချင်ပါသေးတယ်။ ကျနော်ရဲ့ စိတ်ကူးအိပ်မက်ကတော့ ဒါရိုက်တာ တယောက်ရဲ့ ဘ၀ကို ပိုင်ဆိုင်ချင် တယ်ဗျာ”။
(ဆက်လက်ဖေါ်ပြသွားပါမယ်)

မန်ဇူး(ဘာသာပြန်သည်)

0 comments: