Wednesday 25 March 2015

မိဘမဲ့ မြန်မာကလေးငယ်တွေ ထိုင်းအစိုးရ အထက်တန်းအဆင့်ကျောင်းတွေမှာ ပညာသင်ကြား

25 March 2015 | SAW

Social Action for Woman အဖွဲ့က စောင့်ရှောက်ဖွင့်လှစ်ထားတဲ့ မိဘမဲ့ဂေဟာမှာရှိတဲ့ ကလေးငယ် ၁၂ယောက်ကို အထက်တန်းအဆင့်ထိပညာသင်ကြားနိုင်ဖို့ အုန်းဖန်မြို့နယ်ထဲက ၀ိထရာခုန်ကျောင်းမှာ မတ်လ (၂၂) ရက်နေ့က ကျောင်းအပ်နှံပေးခဲ့တယ်လို့ SAW အဖွဲ့ရဲ့ Safe House တာဝန်ခံကပြောပါတယ်။

SAW အဖွဲ့ရဲ့ Safe House ဂေဟာမှာ စောင့်ရှောက်ပေးထားတဲ့ ကလေး(၈၃) ဦးထဲက ကျောင်းသား (ရ)ဦးနဲ့ ကျောင်းသူ (၅)ဦးတို့ဟာ  ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် အုန်းဖန်မြို့နယ်တွင်းမှာရှိတဲ့ ထိုင်းအထက်တန်းကျောင်းဖြစ်တဲ့ ၀ိထရာခုန်ကျောင်းမှာ (၇) တန်းအဆင့်နဲ့ (၈) တန်းအဆင့်တွေ တက်ရောက်ပညာသင်ကြားမှာဖြစ်ပါတယ်။

ထိုင်း (ရ) တန်းအဆင့်နဲ့ (၈) တန်းအဆင့်တွေကို တက်ရောက်မယ့် မြန်မာမိဘမဲ့ ကလေး (၁၂) ဦးဟာ မတ်လ (၂၉) ရက်နေ့မှာ သူတို့တက်ရောက်မယ့် အတန်းတွေအတွက်
ဝင်ခွင့်ပုံစံ ပညာရေး စစ်ဆေးတာတွေကို ဖြေဆိုဖို့ရှိတယ်လို့သိရပါတယ်။

ကျန်ကလေးငယ်တွေကိုတော့  မဲဆောက်မြို့နယ် ကန့်ပိဘန်းအရပ်မှာရှိတဲ့ ထိုင်းအစိုးရကဖွင့်လှစ်တဲ့ အလယ်တန်းအဆင့် စာသင်ကျောင်းမှာ ဆက်လက် တက်ရောက်ပညာသင်ကြားခွင့်ရကြမှာဖြစ်ပါတယ်။

SAW အဖွဲ့ကစောင့်ရှောက်ထားတဲ့ မိဘမဲ့ဂေဟာမှာရှိတဲ့ ကလေးတွေရဲ့ ပညာရေးအခြေအနေနဲ့ပတ်သက်လို့ Safe House တာဝန်ခံ မလင်းဒါက အခုလိုပြောပါတယ် “ ကျမတို့ကလေးတွေက မြန်မာကလေးငယ်တွေဆိုတော့ ထိုင်းပညာရေးသင်ကြားတဲ့အခါမှာ အဓိက ဘာသာစကားအခက်အခဲနဲ့ ယဉ်ကျေးမှု ပုံစံတွေ ကွဲလွဲနေတာမှာ အခက်အခဲဖြစ်ရတယ်။ ထိုင်းကျောင်းတွေက အများအားဖြင့် ကျောင်းသင်ခန်းစာတွေ သင်ကြားတဲ့အခါမှဲာ လွတ်လပ်မှုကိုဦးစားပေးပြီး ကျောင်းသား ကိုယ်တိုင်လေ့လာသင်ယူမှတ်သားနိုင်ဖို့ အားပေးတဲ့နည်းနဲ့ သင်ကြားတဲ့အခါမှာ ကျမတို့ကလေးတွေက လွတ်လပ်မှုကိုဘဲယူပြီးတော့ ကိုယ်တိုင်လေ့လာသင်ယူတဲ့ အပိုင်းမှာ အားနည်းတာတွေ့ရတယ်။ ဒါကြောင့် ထိုင်းပညာရေးကို သင်ယူတဲ့အခါမှာ ကျမတို့ကလေးတွေဟာ အဆင့်နဲ့ သတ်မှတ်မယ်ဆိုရင် ဒုတိယအဆင့်လောက်ထိပဲ အောင်မြင်တယ်လို့ပြောလို့ရပါတယ်”

SAW အဖွဲ့ကစောင်ရှောက်ထားတဲ့ မိဘမဲ့ဂေဟာမှာ မြန်မာကလေးငယ် စုစုပေါင်း (၈၃)ဦး ရှိနေပြီး ယောင်္ကျားလေး (၄၀)နဲ့ မိန်းခလေး (၄၃)ယောက်ကို နေရေးထိုင်ရေးကနေ ပညာရေး ကျန်းမာရေးစတာတွေကို တာဝန်ယူ စောင့်ရှောက်ခဲ့တာ (၁၀)စုကျော်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီကလေးတွေထဲမှာ မိဘနှစ်ပါးစလုံးမရှိတော့တဲ့ မိဘမဲ့ကလေးငယ်တွေအများစုပါဝင်နေပြီး မိဘနှစ်ပါးစလုံးမစုံလင်တော့တဲ့အပြင် ကျန်တဲ့ မိဘဖြစ်သူကလည်း ကိုယ့် ကလေးကိုစောင့်ရှောက်ဖို့ မတတ်နိုင်လောက်တဲ့ အခြေအနေမျိုးရှိနေတဲ့ ကလေးငယ်တွေကို (၂၀၀၂)ခုနှစ်ကစတင်ကာ Safe House ဂေဟာ ဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်မှုပေးနေခဲ့တာဖြစ်ပါတယ်။

အခုလက်ရှိအခြေအနေမှာတော့  SAW အဖွဲ့အစည်းအနေနဲ့  စောင့်ရှောက်ထားတဲ့ ကလေးငယ်တွေဟာ အရွယ်ရောက်လာတာနဲ့ တပြိုင်နက် ပညာရေး ကျန်းမာရေးအပါအ၀င် ကလေးတွေရဲ့ လုံခြုံရေးနဲ့ လူမှုရေးနယ်ပယ်အသီးသီးရဲ့ စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ တာဝန်ရှိသူတွေကပြောကြားပါတယ်။

0 comments: