Monday 10 February 2014

ကလေးငယ် ၄ ဦးအား ရောင်းစားလူကုန်ကူးမှု မဲဆောက်မြို့တွင်ဖြစ်ပွား


10 Feb 2014 | ဆုမြတ်ဝင်း | SAW

ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ ထုံထောင်းရပ်ကွက်တွင်၌ ၂၀၁၄ခု မတ်လ ၁ ရက်က ကလေး ငယ် ၄ ဦးအား သွေးဆောင်ဖျားယောင်းပြီး လူကုန်ကူးမှု ဖြစ်ပွားခဲ့သည်။ 

အသက် ၃ နှစ်အရွယ် မိန်းကလေး ၁ ဦး၊ ၁၂ - ၁၃ နှစ် ကြား၊ ယောကျာ်းလေး ၃ ဦး ဖြစ်ကြပြီး ၃.၃.၂၀၁၄ တွင် တရားခံကို ဖမ်းမိကာ ထိုကလေးငယ် ၄ ဦးကို ပြန်တွေ့ခဲ့ပါသည်။

လူကုန်ကူးခံရသော ကလေးငယ် ၄ ဦး၏ မိဘများက ရပ်ကွက်တွင်းရှိ ပြည်သူ့ လုံခြုံရေးရုံးထုံထောင်း) သို့ တိုင်ကြားခဲ့သဖြင့် တရားခံ ၃ ဦးအား ၂.၃.၂၀၁၄ ရက် ည ၁၂ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့သည်။

ထိုတရားခံ ၃ ဦးမှာ အိမ်မဲ့ယာမဲ့ များဖြစ်ကြကာ ၎င်းတို့ အနက် ခေါင်းဆောင်ဟုထင်ရသော တရားခံမှာ

အသက် ၁၇ နှစ်အရွယ် ကလေးတဦးဖြစ်ပြီး ချစ်ကြည်ရေးတံတားအောက်တွင် ကော်ရှူခြင်း၊ ကလေးများအား သွေးဆောင်ဖျားယောင်းပြီး ဘတ်ငွေ ၁၅၀၀ ဖြင့် ရောင်းစားနေခြင်း စသည့် ဒုစရိုက်အလုပ် များ ပြုလုပ်နေခဲ့ပါသည်။

“တရားခံ ကောင်လေးတွေက ဒီလို မှောင်ခို လူကုန်ကူးနေတာ ကြာလောက်ပြီ၊ ဘာလို့လဲဆိုတော့ သူတို့ က မြို့တွင်းက ကလေးငယ်တွေကို မြ၀တီ - မဲဆောက် ကမ်းနဖူးထိ ခေါ်သွားတယ်။ ပြီးရင် အချိတ်အဆက်တွေနဲ့ ကားတစီးက ကလေးငယ်တွေကို လာခေါ်သွားတယ်။ အခုတောင် ဒီကလေးငယ် ၄ ဦးနဲ့ တရားခံတွေကို ကျွန်တော်တို့ ညတွင်းချင်းသွားရှာပြီး ဖမ်းဆီးခဲ့ရတာ။ ပြီးတော့ တရားခံ ၃ ဦးကို ထိုင်းအာဏာပိုင်တွေထံ ပို့ ဆောင်ပေးခဲ့ပြီး ထောင်ဒဏ်ကျခံနေကြပါပြီ။ ဒါ့အပြင် ကျွန်တော်တို့ ဆီက ပျောက်သွားတဲ့ကလေး ၄ ဦးအပြင် ကရင်လူမျိုး ကလေးငယ်၂ ဦးကို ထပ်တွေ့ခဲ့ရသေးတယ်။ ဒီတရားခံတွေ သွေးဆောင် ဖျားယောင်းပြီး သူတောင်းစားလုပ်ခိုင်းထားတာဖြစ်လို့ ကျွန်တော်တို့ ခေါ်ယူစောင့်ရှောက်ထားပါတယ်” လို့ ပြည်သူ့လုံခြုံရေးရုံး (ထုံထောင်း) မှ အဖွဲ့ ဝင်တဦးက ပြောကြားခဲ့ပါသည်။

ပြည်သူ့ လုံခြုံရေးရုံး (ထုံထောင်း) မှ ခေါ်ယူစောင့်ရှောက်ထားသော ခိုကိုးရာမဲ့ ကရင်လူမျိုး အသက် (၆) နှစ်အရွယ်နှင့် အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေး ၂ ဦးကို Social Action for Women (SAW) အဖွဲ့ အစည်းသို့  လွှဲပေးမည် ဖြစ်ကြောင်း သိရသည်။

ယခင်က အလားတူ ကလေးကူးသန်းရောင်းဝယ်မှုမှ လွတ်မြောက်လာသော ကလေးငယ်များအား SAW အဖွဲ့အစည်းမှ စောင့်ရှောက်ပေးထားလျက်ရှိကြောင်း သတင်းရရှိပါသည်။

(ဓါတ်ပုံ- ပြန်လည်လွတ်မြောက်လာတဲ့ ရောင်းစားခံရတဲ့ကလေးငယ် ၂ ဦး)

0 comments: