Tuesday 14 January 2014

(၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် SAW ကျောင်းပါဝင်ဆင်နွှဲ


၁၄ ဇန်န၀ါရီ ၂၀၁၄| ဇင်ကိုမြင့် 

၎၊ ၁၊ ၂၀၁၄ရက်နေ့တွင်ကျရောက်ခဲ့သော (၆၆)နှစ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ၄ပေ၊ ၉လက်မ အောက် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲတစ်ရပ်အား NEW WAVE (လှိုင်းသစ်) စာသင်ကျောင်းတွင် (၁၊ ၁၊ ၂၀၁၄) မှ (၁၀၊ ၁၊ ၂၀၁၄) ရက်နေ့အထိ ကျင်းပခဲ့သည်။ ၄င်းအားကစားပြိုင်ပွဲတွင် SAW, NEW WAVE, NEW BLOOD, GOOD MORNING, PYI CHIT, SKY BLUE နှင့် သုခဟံသာ စုစုပေါင်း (၇)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

အဆိုပါအားကစားပြိုင်ပွဲတွင် ဘောလုံး (ကျား၊ မ)၊ ခြင်းလုံး (ကျား)၊ ထုတ်စည်းထိုး (မ)၊ အပြေး (ကျား၊ မ)၊ ဇွန်းကိုက် (ကျား၊ မ) စသော အားကစားနည်း (၅)မျိုးအား ထည့်သွင်းကျင်းပခဲ့သည်။ SAW ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည်လည်း

အားကစားနည်း (၅)မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဘောလုံးပြိုင်ပွဲတွင် အမျိုးသားအသင်းမှ အုပ်စုအဆင့်၌လည်းကောင်း၊ အမျိုးသမီးအသင်းဘောလုံးအသင်းမှ ဇွဲဆုအားလည်းကောင်း၊ ခြင်းလုံးပြိုင်ပွဲတွင် တတိယဆုအားလည်းကောင်း၊ အမျိုးသမီး အပြေးပြိုင်ပွဲတွင် မနောင်နောင်မှ ဒုတိယဆုအားလည်းကောင်း၊ အမျိုးသမီး ဇွန်းကိုက်ပြိုင်ပွဲတွင် မမာယာသိန်းမှ တတိယဆုအားလည်းကောင်း အသီးသီးရရှိခဲ့ကြသည်။

SAW ကျောင်းမှ ဆရာတစ်ဦးမှ ̏ အခုလိုမျိုး အားကစားပြိုင်ပွဲတွေမှာ ကျွန်တော်တို့ကျောင်းကို ပူးပေါင်းပါဝင်ခွင့်ပေးတဲ့ အိမ်ရှင်ကျောင်းတွေကို ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကျောင်းက ကလေးတွေက အားကစားကို ဝါသနာပါကြတယ်။ သူတို့လေးတွေမှာလည်း ကောင်းမွန်တဲ့ အရည်အချင်းလေးတွေရှိကြတယ်။ ဒါပေမယ့် သူတို့ရဲ့ အရည်းအချင်းတွေကို ပြသဖို့အတွက် အခွင့်အရေးတွေက နည်းခဲ့တယ်။ ဒီတော့ သူတို့မှာ ပြိုင်ပွဲအတွေ့အကြုံဆိုတာ မရှိသလောက်နည်းတယ်။ ကျွန်တော်တို့ဆရာတွေကတော့ တက်နိုင်သလောက် အားကစားနည်းတွေကို လေ့ကျင့်သင်ကြားပေးခဲ့တယ်။ ပြိုင်ပွဲရောက်တော့ ကလေးတွေက ကြောက်စိတ်တွေဝင်လာတယ်။ ကျွန်တော်တို့ထင်ထားသလောက် မအောင်မြင်ခဲ့ဘူး။ ဒါဟာ ကလေးတွေမှာ ပြိုင်ပွဲအတွေ့အကြုံတွေမရှိလို့ဖြစ်ရတာပါ။ ကလေးတွေကတော့ စိတ်ဓာတ်တွေကျကြတယ်။ တစ်ချို့ဆိုရင် ဝမ်းနည်းလို့ငိုကြတယ်။ ကျွန်တော်လည်း နည်းနည်းတော့ဝမ်းနည်းတာပေါ့။ ကိုယ့်ကလေးတွေကို ဆုလေးတွေရစေချင်တယ်လေ။ ကျွန်တော်တို့ ကလေးတွေက အားလုံးတော်ခဲ့ကြပါတယ်။ ကျွန်တော်ကတော့ သူတို့အားလုံးကို ချီးကျူးပါတယ် ˝ ဟု ပြိုင်ပွဲအပြီးတွင်ပြောကြားသွားခဲ့သည်။

ပြိုင်ပွဲဝင်ကျောင်းသူတစ်ဦးဖြစ်သော မထက်ထက်ခိုင်မှ ̏ သမီးက ဘောလုံးပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ သမီးတို့ကို ဆရာက ဘောလုံးကန်ကြမလားလို့မေးတယ်။ သမီးတို့က ဘောလုံးမကန်တတ်ဘူး။ ဒါပေမယ့် ဆရာတွေက လေ့ကျင့်သင်ကြားပေးခဲ့တယ်။ သမီးတို့ လေ့ကျင့်ချိန် ၄ ရက်ပဲရခဲ့တယ်။ အခုလို ပြိုင်ပွဲတွေမှာလည်း တစ်ခါမှ မပြိုင်ဖူးဘူး။ ပြိုင်ပွဲကွင်းထဲရောက်တော့ စိတ်ထဲမှာ ကြောက်စိတ်တွေဝင်လာတယ်။ သမီးတို့ ရှုံးခဲ့တယ်လေ။ သမီးတို့ညံ့လို့မဟုတ်ပါဘူး။ တစ်ဖက်ပြိုင်ဘက်အသင်းကိုက တော်လွန်းတာပါ။ သမီးတို့ဘက်က ကျောင်းအတွက် ဘာဆုမှ ယူမပေးနိုင်ခဲ့တာကိုတော့ ဝမ်းနည်းမိတယ်။ သမီးတို့ကို အလုပ်တွေမအားတဲ့ကြားထဲက စေတနာထားပြီး လေ့ကျင့်သင်ကြားပေးခဲ့တဲ့ ဆရာတွေကိုလည်း လက်ဆယ်ဖျာထိပ်မှာမိုးပြီး ရိုသေစွာနဲ့ ကျေးဇူးတင်ကန်တော့ပါတယ်။ အနိုင်ရလို့ ပျော်ပျော်ကြီး လက်ခုပ်တီးပြီး ဂုဏ်ယူမိသလို့ ရှုံးရင်လည်း ပျော်ပျော်ကြီး လက်ခုပ်သီးပြီး အဲ့ဒီအရှုံးကို ဥပမာယူပြီး နောင်တစ်ချိန်မှာ ပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်။ သမီးကတော့ နောက်ပြိုင်ပွဲတွေမှာ ကျောင်းအတွက် ဆုတွေကို ရအောင်ယူပေးနိုင်ဖို့ ကြိုးစားသွားမှာပါဟု ပြောပြသွားခဲ့သည်။

0 comments: