Monday 2 December 2013

၂၀၁၃ ခုနှစ် ကမ္ဘာ့အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ အခမ်းအနားကို မဲဆောက်မြို့ မယ်တော်ဆေးခန်းတွင်ပြုလုပ်



၂ ဒီဇင်ဘာလ ၂၀၁၃ ၊ မဆုမြတ်ဝင်း

ဒီဇင်ဘာလ ၁ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ချီတက်လမ်းလျှောက်ပွဲကို မနက် ၇ နာရီမှ ၉ နာရီအထိ ပြုလုပ်ခဲ့ပြီး အခမ်းအနားကို မနက် ၉နာရီမှ စတင်၍ နေ့လည် ၁၂နာရီခန့်အထိ မဲဆောက်မြို့ မယ်တော်ဆေးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချီတက်လမ်းလျှောက်ပွဲတွင် မဲဆောက်မြို့ရှိ
ရွှေ့ပြောင်းကျောင်းများမှ ကျောင်းသား/သူများ၊ လူမှုအခြေပြုအဖွဲ့အစည်းများ ဖြစ်ကြသည့် Social Action for Women (SAW), Foundation for Education Development (FED),  Empower , International Organization Migrants (IOM) ,Burma Migrant Workers’ Education Committee (BMWEC), Social Health Development Association (SHDA) , Mae Tao Clinic(MTC) , World Vision, Children Development Center(CDC)ကျောင်းစသဖြင့် CBOs NGOs အဖွဲ့အစည်းများစွာနှင့် HIV/AIDS ဝေဒနာရှင်များလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြောင်း တွေ့ရှိရပါသည်။

AIDS ရောဂါဆိုတာ ကုသရေး အပြင်၊ ရောဂါရှိသူတွေကို ခွဲခြားဆက်ဆံတာ မလုပ်ဖို့နဲ့ နွေးထွေးစွာနဲ့ လူ့အသိုင်းအဝိုင်းထဲက လူတယောက်အဖြစ်ဆက်ဆံကြဖို့လိုကြောင်းနဲ့၊ အကြောက်တရားနဲ့ခြောက်လှန့်ထားတဲ့ ဆောင်ပုဒ်တွေအသုံးပြုခြင်းကြောင့် ဝေဒနာရှင်တွေဟာ ပွင့်လင်မှု မရှိတော့တာတွေဟာ ဒီရောဂါ ကူးစက်ပျံ့နှံ့ဖို့အတွက် အကြောင်းတရားတွေဖြစ်ကြောင့် Burma Medical Association (BMA) မှ ဒုဥက္ကဋ္ဌ ဒေါက်တာလွဏ်းဆွေ မှ ပြောကြားခဲ့ပြီး၊ Children Development Center (CDC) ကျောင်းမှ ကျောင်းအုပ်ကြီး ဦးမန်းရွှေနှင်းမှ ကမ္ဘာ့အေအိုင်ဒီအက်နေ့ စာပေပြိုင်ပွဲမှ ဆုရရှိသူများကိုဆုချီးမြှင့်ခဲ့သည်။ စာပေပြိုင်ပွဲတွင် SAW ကျောင်းမှ စာစီစာကုံးအထက်တန်းအဆင့် တတိယဆု၊ စာစီစာကုံးအလယ်တန်းအဆင့် တတိယဆုနှင့်ကဗျာအလယ်တန်းအဆင့် နှစ်သိမ့်ဆုတို့ အသီးသီးရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ထို့အပြင် SAW ရန်ပုံငွေ အတွက် SAW Health Care House (HCH) ဂေဟာ မှ အမျိုးသမီးများပြုလုပ်ထားသည့် လက်မှုပစ္စည်းများ၊ သိုးမွှေးပိုက်ဆံအိတ်များ၊ လက်ကိုင်အိတ်များနှင့် ခေါင်းစည်းကြိုးများ ကလစ်များ၊ ရင်ထိုးများ ရောင်းချခဲ့ပါသည်။ FED အဖွဲ့မှလည်း HIV/AIDS , STI ရောဂါများနှင့်ပတ်သက်သည့် ဉာဏ်စမ်းအမေးအဖြေ အစီအစဉ်ပြုလုပ်ခဲ့ပြီး လက်ဆောင်ပစ္စည်းများပေးကာ အသိပညာဗဟုသုတများပေးခဲ့ပါသည်။ ထိုအဖွဲ့မှာ ဖုတ်ဖရဒေသ ၄၂ ကီလိုမီတာရှိ The Best Friend ကျောင်းမှ ကလေးများနှင့်၎င်းဒေသတ၀ိုက်နေ အမျိုးသား၊ အမျိုးသမီးများကို HIV/AIDS နှင့်ပတ်သက်သည့် လှုပ်ရှားမှုများ သွားရောက်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားပွဲများကို မဲဆောက်မြို့တ၀ိုက်မှ လူမှုရေးအဖွဲ့ အစည်းများနှင့် ရွှေ့ပြောင်းအလုပ်သမားများ ၊ HIV/ AIDS ဝေဒနာရှင်များ စုပေါင်း၍ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရှိရပြီး၊ ဒီနှစ်မှာတော့ လူဦးရေ ၁၀၀၀ ကျော် စီတန်းလမ်းလျောက်ပွဲမှာ ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။

0 comments: