Sunday 30 June 2013

သံမဏိ အမျိုးသမီး (သို့မဟုတ်) ဂုဏ်သိက္ခာ ရှိရှိ ဝတ်စား ဆင်ယင်တတ်သူ မာဂရက်သက်ချာ

  
အင်္ဂလန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် မာဂရက်သက်ချာက အင်္ဂလန်နိုင်ငံ သာမက ကမ္ဘာ့နိုင်ငံရေး လောကမှာပါ အထင်ကရ အမျိုးသမီး ဆိုတာကို အားလုံး က လက်ခံ ထားကြပါတယ်။ အရည်အချင်း ထက်မြက်တဲ့အပြင် နိုင်ငံရေး ခံယူချက် ပြင်းထန်တာကြောင့် သူမကို Iron Lady (သံမဏိ အမျိုးသမီး) လို့ လည်း ခေါ် တွင်ပါတယ်။

မာဂရက်သက်ချာကို ၁၉၂၅ ခုနှစ် အောက် တိုဘာ ၁၃ ရက်တွင် အင်္ဂလန်နိုင်ငံ ဂရမ်သမ် အရပ်မှာ မွေးဖွားခဲ့ပါတယ်။ အောက်စဖို့ တက္ကသိုလ်၊ ဆိုမာ ဗီးလ် ကော လိပ်ကနေ ဓာတု ဗေဒ ဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပြီး သုတေသန ဆိုင်ရာ ဓာတု ပညာရှင် အဖြစ် အလုပ်လုပ်ကိုင် ခဲ့ပြီး ရှေ့နေလည်း လုပ်ခဲ့ဖူး ပါ တယ်။ နောက်ပိုင်း မှာ သူမ ဟာ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် တစ်ဦး ဖြစ်လာခဲ့ပြီး ၁၉၇၉ ခုနှစ်မှာ ဝန်ကြီးချုပ် အဖြစ် ရွေးကောက် ခံရပါတယ်။ ဝန်ကြီးချုပ်အဖြစ် သက်တမ်း သုံးကြိမ် ဆက်တိုက် တာဝန် ထမ်းဆောင် ခဲ့ကာ ယင်းကာလအတွင်း စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ၊ ကုန်သွယ်ရေး ဆိုင်ရာ အခွင့် အာဏာကို လျော့ချပေးခဲ့တဲ့ အပြင် ၁၉၈၂ ခုနှစ် တွင် အာဂျင်တီးနားနှင့် ဖြစ်ပွားတဲ့ ဖောက်က လန်စစ်ပွဲ အတွင်း ဦးဆောင် တိုက်ခိုက်နိုင်မှုတွေ ကြောင့် လူထုရဲ့ တစ်ခဲနက် ထောက်ခံ အားပေးမှုကို ရရှိခဲ့ပါတယ်။ သူမက ဝန်ကြီးချုပ် အဖြစ် ၁၉၇၉ ခုနှစ်မှ ၁၉၉ဝ ခုနှစ်အထိ သက်တမ်း သုံးဆက် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။

နိုင်ငံရေး ပြဿနာတွေ စီးပွားရေး လူမှု ရေးဖွံ့ဖြိုး တိုးတက်ရေးမှု လုပ်ငန်း ဆောင်တာတွေ ကို ဂျင်ခြေလည်အောင် နေ့စဉ်နဲ့ အမျှ ဖြေရှင်း ဆောင်ရွက်နေ ရပေမယ့် သက်ချာ က အဝတ် အစား ဖက်ရှင်ပိုင်း ဆိုင်ရာကို ဖြစ်သလို နေတတ် သူ မဟုတ်ပါဘူး။ ဝတ်စား ဆင်ယင်မှုကို အင်မတန် ဂရုစိုက်သူပါ။ သက်ချာရဲ့ ဝတ်စား ဆင်ယင်မှု ဖက်ရှင်တွေက သူမရဲ့ နိုင်ငံရေး အယူအဆတွေကို ပေါ်လွင်စေရုံတင် မဟုတ်ပါဘူး။ သံမဏိ အမျိုးသမီး လို့ခေါ်တွင် ရလောက်အောင် စိတ်ဓာတ်ကြံ့ ခိုင်လှတဲ့ မိန်းမ တစ်ယောက် ဆိုတာကို သိသာ ထင်ရှားစေပါတယ်။ ဘယ်လိုပဲ စိတ်ဓာတ်မာ ကြောတယ်ပြောပြော အမျိုးသမီး တစ်ဦး၊ မိခင် တစ်ဦးဖြစ်တဲ့ သက်ချာ မှာလည်း အလှ အပကို ချစ်မြတ်နိုး စိတ်ရှိတယ် ဆိုတာ နဲ့ အထက်တန်းလွှာ အမျိုးသမီး တစ်ဦးပီပီ ဣနြေ္ဒရတဲ့ ဖက်ရှင် စတိုင် တွေကို ဆင်မြန်းတတ်တယ် ဆိုတာ သူမရဲ့ ဝတ်ပုံ စားပုံတွေ က သက်သေခံနေပါတယ်။

ကြောင်နားရွက်ပုံ လည်စည်းအင်္ကျီ Pussy bow blouse သိုးမွေး ထည်ဝတ်စုံ နဲ့ အမိုက်စား ဦးထုပ်တွေက သက်ချာရဲ့ အသည်းစွဲ အဆင် တန်ဆာတွေပါ။ သူမရဲ့ သြဇာ လွှမ်းမိုးမှုက အဝတ်အစား ဝတ်ဆင် ရာမှာပါ ထင်ဟပ်မှု ရှိတယ် ဆိုတာ ကြည့်လိုက်ရုံနဲ့ သိသာစေပါတယ်။ Perfect Power Dressing ဂုဏ်သိက္ခာ ကို ဝတ်စား ဆင်ယင်မှု ပိုင်းမှာ ပေါ်လွင်အောင် ပထမဆုံး တခမ်းတနား ဝတ်တတ်သူရယ်လို့ နိုင်ငံတကာ ဖက်ရှင် ချစ်သူအားလုံးက သူမကို သတိရနေမှာ မလွဲဧကန်ပါပဲ။ ရိုးရှင်းသော် လည်း လိုက်ဖက် တင့်တယ်စွာ တွဲဖက်ဝ တ်ဆင်တတ်တာ ကြောင့် သူမကို ဆိုဗီယက် အာမီ သတင်းစာ တစ်စောင်ဖြစ် တဲ့ Red Star ထဲမှာ ဗြိတိန်နိုင်ငံ ရဲ့ သက်တမ်း အရှည်ကြာဆုံး ဝန်ကြီးချုပ်က အမျိုးသမီး များရဲ့ စတိုင် အိုင်ကွန် တစ်ခုပါဟု ဆိုထားပြီး ခန္ဓာကိုယ် အချိုးအစား နဲ့ ကွက်တိကျ လိုက်ဖက်မှု ရှိတဲ့ ဆင်ယင်မှု မှာ အဆန်းတကြယ် တီထွင်မှုများ မပါဝင်ဘဲ အထက်တန်းလွှာ အမျိုးသမီး တစ်ဦးဖြစ် ကြောင်း ပေါ်လွင်စေတဲ့ ဖက်ရှင်က သူမရဲ့ ဂုဏ်ဒြပ်နဲ့ လိုက်ဖက် ညီပါတယ် လို့ ရေးသားထားပါတယ်။

တိုင်းရေးပြည်ရေး ကိစ္စရပ်တွေနဲ့ အလုပ်ရှုပ် လွန်းတဲ့ သက်ချာမှာ ပင်တိုင် ဖက်ရှင်ဒီဇိုင်း အကြံပေးရှိပါတယ်။ ဘယ်သူလဲ ဆိုတော့ ယူကေ အခြေစိုက် Aquascutum နဲ့ Magaret King အဝတ်အစား တံဆိပ်ရဲ့ဒါရိုက်တာ စင်သီယာက ရော့်ဖို့ပါ။ သူမက သက်ချာ အကြောင်းကို သိ နားလည်မှု၊ သက်ချာ ကိုကျော့ကော့ နေအောင် အဝတ် အစား ဆင်ယင်ပေးမှု အနေနဲ့သာမက ဘဝတစ်လျှောက်လုံး နီးပါးတိုးတိုးဖော်၊ ကူဖော် လောင်ဖက် အနေနဲ့ ရပ်တည်ပေးခဲ့သူ တစ် ယောက်ပါ။ သက်ချာ မိသားစု ဝင်တွေက သူမကို ကရော်ဖို့ လို့ခေါ်ပါတယ်။ သက်ချာနဲ့ ပတ်သက် လို့ကရော်ဖို့က အခုလို မှတ်ချက်ပေးခဲ့ဖူးပါတယ်။ ”သက်ချာဟာ တအား အလုပ် ကြိုးစား တဲ့သူပါ။ အလုပ်လုပ်ပြီ ဆိုရင် အာရုံကို အဲဒီ အလုပ်ထဲမှာပဲ လုံးဝနစ်မြုပ်ထားသူ၊ တစ်နေ့တာ ရေးသားစရာ ရှိတဲ့ စာတွေကို တစ်ရွက်မကျန် ရေးသားပြီးမှ အိပ်ရာဝင် တတ်သူပါ” လို့ သူမက အင်တာဗျူး တစ်ခုမှာ ဖောက်သည်ချခဲ့ဖူးပါတယ်။

သံမဏိ အမျိုးသမီးလို့ တင်စားခံရတဲ့ သက်ချာက ကဗျာစာပေ ဖတ်ရှု ရတာကိုလည်း ကြိုက်နှစ်သက်ပြီး စန္ဒရား နဲ့အော်ဂင်ကို ကောင်း ကောင်း တီးနိုင်ပါတယ်။ သူမ ဟာ အဝတ်အစား ဖက်ရှင်ပိုင်း နဲ့ ပတ်သက် လာရင် အထက်တန်းလွှာ အမျိုးသမီး တစ်ဦး ပီပီ စမတ်ကျအောင် တခမ်း တနား ဆင်မြန်းတတ်တယ် ဆို တာကို Lelegraph သတင်း ဌာနမှ ကော်လံစား ဖြစ်သလို သက်ချာရဲ့ တရားဝင် အတ္ထုပ္ပတ္တိ ရေးသားသူ ချားလ်မိုးက အခုလိုပြောခဲ့ပါတယ်။

”သက်ချာက အင်္ကျီ အဝတ်အစားနဲ့ ပတ်သက်လာရင် လုံးဝ စွဲလမ်းရူးသွပ်သူလို့ ဆိုရမှာ ပါ။ ဒါပေမဲ့ တံဆိပ်နဲ့ ဘရန်း(Brand) အမျိုးအစား တွေကို ကြည့်ပြီး ဝတ်တတ် သူတော့ မဟုတ်ပါ ဘူး။ ခန္ဓာကိုယ်နဲ့ ကွက်တိကျပြီး ဝတ်လိုက်ရင် လှပကြော့ရှင်းမှု ပေးနိုင်မယ့် ဝတ်စုံတွေက သက် ချာရဲ့ အသည်းစွဲ အဝတ်အစားတွေပါ။ သူမ အမေ က အင်္ကျီ ချုပ်သူ တစ်ယောက် Fitting ကျတဲ့ ဝတ်စုံတွေကို သူမ ကကောင်းကောင်း သိတယ်”လို့ သက်ချာရဲ့ ဖက်ရှင် စတိုင်အပေါ် စွဲလမ်းနှစ် ခြိုက်ပုံကို ဖွင့်ဟခဲ့ ပါတယ်။

ဝန်ကြီးချုပ် တာဝန်ကို ယူထားစဉ်က အမှတ် ၁ဝ၊ ဒေါင်းနင်းလမ်း မှာရှိတဲ့ ဝန်ကြီးချုပ် နေအိမ် မှာ ဖက်ရှင် လောကသားတွေကို ဧည့်ခံဖိတ်ကြား လေ့လည်း ရှိပါတယ်။ ဧည့်ခံ ပွဲတစ်ခုမှာ ဒီဇိုင်နာ ကတ်သရင်း ဟမ်းနတ်က ”၅၈ ရာခိုင်နှုန်းသော ပြည်သူတွေက Pershing ကို မလိုလားဘူး” ဆိုတဲ့ စာတမ်းပါ အင်္ကျီကို ဝတ်ဆင်ပြီး ဧည့်ခံပွဲ တက်ရောက် ခဲ့ပါတယ်။ ဒီစာတမ်းက အမေရိ ကန်ပဲ ထိန်း ဒုံးကျည်တွေကို ဗြိတိန်ဘက်သို့ ယူ ဆောင်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ကန့်ကွက် ရေးသား ထားတာပါ။ သက်ချာက ဒီကိစ္စကို တည် တည်ငြိမ်ငြိမ်ပဲ ဖြေရှင်းခဲ့ပါတယ်။ ဟမ်းနက်က သူမကို ကြောင်နားရွက် ပုံစံလည်စည်း အင်္ကျီ ဝတ်စုံတွေကို စမတ်ကျကျ ချုပ်ပေးခဲ့သူပါ။ အဲ့ဒီ နောက်ပိုင်းမှာ သက်ချာက ဟမ်းနတ်ကို လက်တွဲ ဖြုတ်ခဲ့ပြီး ”ကျွန်မတို့ဆီမှာ Pershing တော့ မရှိ ဘူး။ တိုက်ချင်းပစ် ဒုံးကျည်တွေပဲ ရှိတယ်”လို့ တုံ့ပြန်ပြော ဆိုခဲ့ ပါတယ်။

မစ္စသက်ချာက အပြာရောင်ကို စွဲလမ်းနှစ် ခြိုက်လွန်းသူဖြစ်ပြီး ဝန်ကြီးချုပ် ရာထူးလက်ခံ ကာ ဒေါင်းနင်းလမ်းကို စတင် ရောက်လာစဉ် ကလည်း အပြာရောင် ဝတ်စုံနဲ့ပါ။ အပြာရောင် အပြင်ခရမ်းရောင်၊ ကြက်သွေးရောင်၊ အစိမ်း ရောင်တွေ ကလည်း သက်ချာ အသည်းစွဲတွေပါ ပဲ။ မစ္စသက်ချာရဲ့ ကိုယ်ပိုင် ဖက်ရှင်စတိုင်လို့ ပြောရမယ့် အချက် ငါးချက်ရှိပါတယ်။ သံမဏိ အမျိုးသမီးကြီးက အလှအပ ကြိုက်တတ်သူ၊ ကိုယ့် ကိုယ်ကိုယ် ဂရုစိုက်တတ်သူ ဖက်ရှင် တကျနေလို သူဆိုတာ ဒီအချက်တွေက အခိုင်အမာ ထောက်ခံ ပေးနေပါတယ်။

ဆံပင်ပုံစံ

ပထမဆုံး အချက်က ဆံပင်ပုံစံ (Hair Style) ပါ။ ရှေ့ဆံပင်ကို အထက်သို့ ပင့်တင်ကာ အမောက်ပြေပြေလေး ထောင်ထားတာက သက် ချာ့ ဖက်ရှင်ပါ။ ကုတ်ထောက် သာသာ ဆံပင်ကို အနောက်သို့ လှန်ကာ ဆံပင်ပုံစံ သပ်ရပ်စေဖို့ စပေ ရေးရဲ့ အကူအညီ ကို ယူထားပါတယ်။ မျက်နှာ ပြင်ပေါ်ကို ဆံပင် တစ်မွေး တစ်မျှင်မှ ဖုံးလွှမ်းမှု မရှိ ဘဲ ထူးချွန် ထက်မြက်တဲ့ အမျိုးသမီး တစ်ဦးရဲ့ ရုပ်သွင်ကို ပိုမိုပေါ်လွင်မှု ရှိစေပါတယ်။ ရှေ့ပိုင်း ဆံပင်ကို အမောက်ထောင်တဲ့ စတိုင်က တစ်ခေတ် တစ်ခါမှာ အလွန်ရေ ပန်းစားခဲ့ပါတယ်။

ပုလဲရတနာဆင်မြန်းသူ

ပုလဲ ရတနာကို တမြတ်တနိုး နှစ်ခြိုက်စွာ ဝတ်ဆင် တာကလည်း သံမဏိ အမျိုးသမီးကြီးရဲ့ သိသာ ထင်ရှားစေတဲ့ စတိုင်တစ်ခုပါ။ ပုလဲ ဘုရင်မ လို့ တင်စား ရလောက်အောင်ကို ပုလဲနားကပ်၊ ပုလဲကုံး ပုတီး၊ ပုလဲ ဆွဲကြိုးတွေကိုသာ ကာလရှည် ကြာ စွဲစွဲလမ်းလမ်း ဝတ်ဆင်လာတာကြောင့် သူမရဲ့ အကြံပေး တစ်ဦးဖြစ်သူ ရုပ်သံ ထုတ်လုပ်သူ တစ်ဦးက တခြား လက်ဝတ် ရတနာပြောင်းလဲ ဝတ်ဆင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ သက်ချာက လက်မခံခဲ့ပါဘူး။ အဲ့ဒီ ပုလဲရတနာတွေ က သူ အမြွှာကလေးနှစ်ဦး မွေးဖွားစဉ်က ခင်ပွန်း ဖြစ်သူ ဒန်းနစ် လက်ဆောင်ပေးထားတာပါ။

အပြာရောင်ဝတ်စုံ

၁၉၇၉ ခုနှစ်၊ မေလ ၄ ရက်မှာ ဝန်ကြီးချုပ် ရာထူး တာဝန်ထမ်းဆောင်ဖို့ ရွေးကောက်ခံရ ကတည်းက မူပိုင် ဝတ်စုံလို့ ပြောစမတ် ပြုရအောင် ဝတ်ဆင်ခဲ့တဲ့ အပြာရောင် ဝတ်စုံကို ဒီဇိုင်း ပုံစံ အမျိုးမျိုး၊ ဖက်ရှင် အမျိုးမျိုးနဲ့ မရိုးနိုင်အောင် ဝတ်ဆင်ခဲ့ပါတယ်။ အပေါ်ဝတ် ကုတ်အင်္ကျီနဲ့ လိုက်ဖက်ညီတဲ့ ဒူးဖုံးစကတ်ကို တွဲဖက် ဝတ်ဆင် လေ့ ရှိပါတယ်။ အပြာရောင်ကို စွဲလမ်းသူ သက်ချာက အမည်းရောင် ဝတ်ဆင်ခဲ့ပြီး အနက် ရောင် ဝတ်စုံကို ဝတ်လိုက်ရင် အားလုံးက ပုံစံ တူတွေပဲလို့ ပြောခဲ့ဖူးပါတယ်။
သက်ချာက ၂ဝ၁၁ ခုနှစ်က လက်ရှိ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ ဂေါ်ရင်း ဟိုတယ်မှာ ညစာစား ခဲ့စဉ်ကလည်း အပြာရောင် ဝတ်စုံ ဝတ်ဆင်ခဲ့ပြီး ၁၉၉ဝ ခုနှစ် ရာထူး ကနုတ်ထွက်စဉ် မိန့်ခွန်း ပြောကြားရာမှာလည်း အပြာရောင် ဝတ်စုံဝတ်ဆင်ခဲ့ပါတယ်။

ကြောင်နားရွက်ပုံစံလည်စည်းအင်္ကျီ

ကြောင်နားရွက် ပုံစံဆင်တူတဲ့ လည်စည်း အင်္ကျီ ဒီဇိုင်းတွေက သက်ချာ မက်မက်မောမော ဝတ်ဆင်လာတဲ့ အဆင် ဒီဇိုင်းတစ်ခုပါ။ သူမဆီမှာ ကြောင်နားရွက် ပုံစံ ဒီဇိုင်းတွေက မရေတွက်နိုင် လောက်အောင်ကို တပုံတပင် ရှိပါတယ်။ ဆေးဆိုးပန်း ရိုက်ထည်တွေရော ဗြောင်အဆင် တွေရော စုံလို့ပါပဲ။ ကြောင်နားရွက် ပုံစံလည်စည်း ပါ အင်္ကျီလေး ကိုဝတ် ခပ်မိုက်မိုက် ဦးထုပ်လေး ဆောင်လို့ အဝတ်အစားကို လိုက်ဖက် ညီအောင် တွဲဖက် ဝတ်ဆင်တတ်သူပါ။ ”ကျွန်မက လည် စည်းပဝါ ဝတ်စုံ ဝတ်လေ့ ရှိပါတယ်။ သူတို့က နူးညံ့သလို လှပတယ်လေ” လို့ သက်ချာက ပြော ခဲ့ဖူးတယ်။ ဦးထုပ် ခပ်မိုက်မိုက်တွေကို ဝတ်စုံနဲ့ လိုက်ဖက်ညီအောင် ဝတ်ဆင် ရတာကို လည်း သက်ချာက သိပ်ကြိုက်ပါတယ်။ အရောင် အသွေး စုံလင်တဲ့ အမိုက်စား ဦးထုပ်တွေက သက်ချာ့ အဝတ်ဗီရိုထဲမှာ အပြည့်ပါပဲ။

လက်ကိုင်အိတ်များနှင့် သက်ချာ

လက်ကိုင်အိတ်တွေ က ဒေါင်းနင်းလမ်းမှာ လုံခြုံစိတ် အချရဆုံး နေရာတစ်ခုပါလို့ သက်ချာ က သူမရဲ့ လက်ကိုင်အိတ်တွေကို တင်စားခဲ့ပါတယ်။ လက်ကိုင် အိတ်ကိုင်လေ့ ရှိတဲ့ သက်ချာရဲ့ ဖက်ရှင်က သူမအစိုးရ လက်ထက်စတိုင် တစ်ခု ဖြစ်လာခဲ့ပါတယ်။ အနက်ရောင် အက်စပရေး၊ လက်ကိုင်အိတ်က သူမ အသည်းစွဲ ပစ္စည်း တစ်ခု ဖြစ်ပြီး အမြဲလိုလို သူမနဲ့အတူ တွဲဖက်တွေ့ရလေ့ရှိ ပါတယ်။ ၂ဝ၁၁ ခုနှစ်က ပြုလုပ်တဲ့ လေလံတင် ရောင်းချပွဲမှာ အနှစ် ၃ဝ ကြာအမြတ်တနိုးပိုင်ဆိုင် ထားတဲ့ အနက်ရောင် အက်စပရေး လက်ကိုင် အိတ်ကို စတာလင်ပေါင် ၂၅,ဝဝဝနဲ့ ရောင်းချခဲ့ ပါတယ်။ သက်ချာကို လေးစား ထောက်ခံအားပေး သူတွေက သက်ချာရဲ့ ဈာပန အခမ်းအနားမှာ သူမရဲ့စတိုင်ကို ဝတ်စား ဆင်ယင်ခဲ့ကြပါတယ်။
သက်ချာဟာ နိုင်ငံရေးလောကမှာ သြဇာ အာဏာ ရှိသူတစ်ဦးဖြစ်ပြီး အမျိုးသမီး တစ်ဦး ဖြစ်သော်လည်း ဆုံးဖြတ်ချက် ခိုင်မာပြတ်သားသူ အမျိုးသားတွေ နဲ့ ရင်ပေါင် တန်းနိုင် သူ တစ်ဦးပါ။ ဝတ်စား ဆင်ယင်မှုပိုင်းကို လေ့လာကြည့်ပါက လည်း သက်ချာ ဖက်ရှင် ဒီဇိုင်းရယ်လို့ ပြောစမှတ် ပြုရလောက်အောင် စမတ်ကျကျ ဝတ်ဆင် တတ် တဲ့ သူ့ဂုဏ် သိက္ခာကို ဝတ်စုံပေါ်မှာ ထင်ဟပ်နေ အောင် ဝတ်တတ်လွန်းသူ တစ်ယောက်ပါ။ ပုလဲ ရတနာ ဆင်မြန်းမှု၊ အပြာရောင် ဝတ်စုံ၊ ကြောင် နားရွက်ပုံစံ အင်္ကျီ၊ လက်ကိုင်အိတ် ဆင်မြန်းမှုတွေ က အတုမရှိတဲ့ သူမရဲ့ ကိုယ်ပိုင် ဖက်ရှင်တွေပါ။ သူမက အသက်ရှစ်ဆယ်ကျော် လာသည်အထိ ဖက်ရှင်ကျနစွာ ဝတ်ဆင်လာ ခဲ့သူပါ။

သက်ချာဟာ အသက်အရွယ် ကြီးရင့်လာ တာနဲ့အမျှ ကျန်းမာရေး ချို့တဲ့လာခဲ့ပြီး လေသင် တုန်းဝေဒနာကို မကြာခဏ ခံစားခဲ့ရပါတယ်။ နိုင်ငံရေး ခံယူချက် ပြင်းထန် လွန်းတဲ့ သက်ချာ က ၂ဝ၁၃ ခုနှစ် ဧပြီ ၈ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။ လူထုရဲ့ ချစ်ခင် လေးစားမှုကို ရရှိခဲ့ပြီး အမျိုးသမီး တို့ အားကျ အတုယူထိုက်သူ အင်္ဂလန် ဝန်ကြီးချုပ် ဟောင်း မာဂရက်သက်ချာရဲ့ နိုင်ငံရေး ဇာတ် ကြောင်းနဲ့ တစ်မူထူးတဲ့ ဖက်ရှင် စတိုင်တွေကို ရတီ စာဖတ်ပရိသတ်ကြီးအတွက် တင်ဆက်လိုက် ပါတယ်။

သိမ့်နှင်းအိမ်
Yati Magazine

0 comments: