Friday 15 March 2013

မြန်မာလုပ်သား များသည့် နိုင်ငံများတွင် အလုပ်သမား သံအရာရှိများ ထားမည်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံမှ အလုပ်သမား အများဆုံး သွားရောက် လုပ်ကိုင်နေသည့် နိုင်ငံများတွင် အလုပ်သမားသံအရာရှိများ ထားရှိရန် စီစဉ်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဒုတိယ ဝန်ကြီး က ပြောသည်။ “ထိုင်းနိုင်ငံနဲ့ ကိုရီးယားနိုင်ငံတို့တွင် အလုပ်သမားသံအရာရှိများ ခန့်ထား ဆောင်ရွက်လျက် ရှိသကဲ့သို့ မကြာမီ ကာလတွင် မလေးရှားနိုင်ငံတွင်လည်း ထားရှိနိုင်ရန်အတွက် ဆောင်ရွက်လျက် ရှိပါတယ်” ဟု မတ်လ ၁၂ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ဒု-ဝန်ကြီး ဒေါ်ဝင်းမော်ထွန်း က အသိပေး ပြောဆိုသွားခြင်း ဖြစ်သည်။ ဝန်ကြီးဌာနအနေဖြင့် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်းဆိုင်ရာ မူဝါဒတရပ် ချမှတ်နိုင်ရေး အတွက် နိုင်ငံတကာ စံများနှင့် လက်ရှိ ကျင့်သုံးလျက်ရှိသော ပြည်ပ အလုပ်အကိုင် မူဝါဒတို့အပေါ်အခြေခံပြီး Labour Migration Policy မူကြမ်း ရေးဆွဲခဲ့သည်။ ထိုမူကြမ်းကို သမ္မတရုံးမှ အတည်ပြုချက်ရရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားပြီး ဖြစ်သည်ဟု ဆိုသည်။ လက်ရှိအချိန်အထိ မြန်မာရွှေ့ပြောင်း လုပ်သား ၁၂ သိန်းကျော်ကို ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ “မူဝါဒ ရေးဆွဲ အကောင်အထည်မဖေါ်မီ အချိန်ကတည်းက ပြည်ပမှာ အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီရဲ့ ဦိးဆောင်မှုနဲ့ ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို ကာကွယ် စောင့်ရှောက်မှု တွေ ပြုလုပ်ပေးနေတာကို တွေ့ရပါတယ်။ ထင်သာမြင်သာ ဆွဲထုတ်ပြရရင် ထိုင်းနဲ့ မလေးရှားတို့မှာ ရှိတဲ့ အထောက် အထားမဲ့ အလုပ်သမားတွေကို နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးနေတာကို တွေ့ရပါတယ်” ဟု ဝန်ကြီးဌာနမှ အငြိမ်းစားအရာထမ်း ဦးအောင်မြင့် က ဆိုသည်။ မလေးရှားရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား နိုင်ငံကူး လက်မှတ် ထုတ်ပေးလျက်ရှိရာ ကျန်ရှိနေသေးသည့် အလုပ်သမား ၁ သိန်းခန့် အတွက်လည်း စီစဉ်နေကြောင်း သိရသည်။ ပြည်ပတွင် အထောက်အထားမဲ့ လုပ်သား ၈ သိန်းမှ ၁ သန်းခန့်အထိ ကျန်ရှိနေသေးသည်။ 

By Mizzama

0 comments: