Friday 15 March 2013

ပြည်ပ ထွက်ခွါခွင့် ပုံစံ လျှောက်ထားရန် မလိုဘဲ ခရီးသွားလာနိုင်ပြီ

ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်ပနိုင်ငံများသို့ ခရီးသွားလာရန်အတွက် ပြည်ပ ထွက်ခွါခွင့် ပုံစံ လျှောက်ထားရန်မလိုတော့ ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာနမှ ပြောဆိုလိုက်သည်။ “မတ်လ ၁၅ ရက်က စပြီး ပြည်ပထွက်ခွါရာမှာ ဖြည့်စွက် လျှောက်ထားရတဲ့ ပုံစံ ဃ (Form-D) မလိုဘဲ ပြည်ပကို အလွယ်တကူ ထွက်ခွါနိုင်ပြီ ဖြစ်ပါတယ် ” ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦိးက ပြောသည်။ ယခင်က ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ခရီးထွက်ခွါလိုသည့်အခါ ထိုပုံစံ ဃ ကို ဖြည့်စွက် လျှောက်ထားရပြီး မှန်ကန်၍ ခွင့်ပြုချက် ရမှသာ ပြည်ပသို့ ထွက်ခွါခွင့် ရကြသည်။ “အရင်က ပြည်ပထွက်ခွါတာကို ထိန်းချုပ်မှု အနေနဲ့ သုံးခဲ့တာပါ။ ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ သွားလာနေကြရတဲ့ ဒီနေ့ခေတ်မှာ ပုံစံ ဃ က ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်စေခဲ့ပါတယ်။ ဆိုက်ရောက် ဗီဇာတောင် ပေးထားမှတော့ ပုံစံ ဃကို ဖျက်သိမ်းသင့်တာ ကြာပါပြီ” ဟု အင်္ဂလိပ် ဧည့်လမ်းညွှန် ဦးညီညီိ က ဆိုသည်။ ပုံစံ ဃ မှာ ပြည်ပထွက်ခွါလိုသူ နိုင်ငံသားတဦးက ဘဏ်ဖွင့်ရက်များတွင်သာ လျှောက်ထား ရယူနိုင်သည်။ “ပြည်ပကို ချက်ချင်းသွားရမယ့်ကိစ္စ ပေါ်လာရင် ဘဏ်မှာ ငွေသွင်းလျှောက်ရတဲ့အတွက် စနေ၊ တနင်္ဂနွေလို ဘဏ် ပိတ်ရက်နဲ့ တိုးရင် စောင့်ရရော။ ပြည်ပထွက်ဖို့ အဟန့်အတား တခုကို ဖြည်လျှော့ပေးလိုက်တာလို့ပဲ မြင်ပါတယ်” ဟု စီးပွားရေး ဆွေးနွေးမှုများအတွက် ပြည်ပခရီးစဉ်များ သွားရလေ့ရှိသူ လုပ်ငန်းရှင် ဦးမြင့်ငွေ က ပြောကြားသည်။ 

 By Mizzama

0 comments: