Thursday, 7 February 2013

မိခင်ဘာသာ အားနည်းလာသော အင်တာနေရှင်နယ်ကျောင်းများမှ မြန်မာကလေးများ

ရဲနောင်၊ ဇွဲဉာဏ်

 ပုဂ္ဂလိက အင်တာနေရှင်နယ်ကျောင်းအများစုတွင် သင်ကြားနေသော မြန်မာကျောင်းသားများသည် မိမိကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှုတွင် အားနည်းမှုများ ရှိနေကြောင်း ကျောင်းသားမိဘများနှင့် ပညာရှင်အချို့ကသုံးသပ်သည်။ အင်တာနေရှင်နယ်ကျောင်းများ တက်သောကြောင့် ကျောင်းသားများအနေဖြင့် နိုင်ငံတကာစံချိန်မီ ပညာရေးသင်ကြားရသည်ဟူသော အားသာချက်ရှိသော်လည်း မြန်မာစာပေပိုင်း၌ အားနည်းသွားနိုင်သည်။ ထို့ကြောင့် တတ်သိသောပညာရှင်များထံမှ အကြံဉာဏ်များရယူပြီး မိခင်ဘာသာရပ်ကို မသင်မနေရပြဋ္ဌာန်းကာ မည်သည့်အတိုင်းအတာအထိ သင်ကြားရမည်ဟူသော အခြေခံမူရှိသင့်ကြောင်း နိုင်ငံတကာ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းကပြောသည်။ အင်္ဂလိပ်စာကို အဓိကဘာသာစကားအဖြစ် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးသော်လည်း မြန်မာစာသင်ကြားမှုမှာ အရန်အဖြစ် သင်ကြားပေးခြင်း၊ ကျောင်းသား ကျောင်းသူများ၏ စိတ်ဝင်စားမှုနည်းခြင်း၊ ကျောင်းသားမိဘအချို့ကလည်း မိခင်ဘာသာစကား မကျွမ်းကျင်မှုအပေါ် နားလည်မှုလွဲမှားစွာ ဂုဏ်ယူမှုများရှိနေခြင်းတို့ကြောင့် အင်တာနေရှင်နယ်ကျောင်းများရှိ ကျောင်းသားများ၏ မြန်မာစာပေတတ်မြောက်မှုနှင့် ယဉ်ကျေးမှုအတွက် စိုးရိမ်ရသည်ဟု ပညာရှင်များကသုံးသပ်သည်။ “ကျွန်မတို့က ကကြီးရေးနှစ်ချောင်းငင်ကို “ကူ”၊ “မူ” ကို ဘယ်လိုပေါင်းမလဲမေးရင် သူက Mu လို့ ပေါင်းတယ်”ဟု ဒေါ်ဥမ္မာက အင်တာနေရှင်နယ်ကျောင်းတွင် တက်နေသော သူမ၏သားငယ်အကြောင်းကို ပြောသည်။ သူမ၏ကလေးမှာ ကျောင်းတွင် မြန်မာစာကို အရန်အဖြစ်သာသင်ရသည်။ အင်္ဂလိပ်လိုဖတ်ရသည်ကိုသာ အားသန်ပြီး မြန်မာလိုဆိုလျှင် ကြိုးစား၍မဖတ်ချင်။ အင်္ဂလိပ်ကာတွန်းကားများကြည့်လျှင် နားလည်သည်။ မြန်မာစာနှင့်ပတ်သက်၍ အိမ်တွင် အငြိမ်းစားကျောင်းဆရာမကြီး ခေါ်၍သင်ပေးနေရသည်ဟု ဆိုသည်။ အခြားကျောင်းသားမိဘတစ်ဦးကလည်း “သီတင်းကျွတ်ကို ရေးခိုင်းတာ သတင်းကြွတ်လို့ ရေးတယ်”ဟု သူမ၏ကလေး မြန်မာစာအားနည်းမှုကို ပြောပြသည်။ အိမ်တွင်နေထိုင်သည့်အချိန်မှအပ ကျောင်းနှင့်သက်ဆိုင်သည့် ကျောင်းတွင်းကျောင်းပြင်အချိန်များတွင် အင်္ဂလိပ်စကားကိုသာ အဓိကထား၍ ပြောဆိုသုံးစွဲကြသောကြောင့် အင်္ဂလိပ်စာကျွမ်းကျင်မှုရှိသော်လည်း မြန်မာစာကိုမူ ပြန်လည်အချိန်ပေး သင်ကြားရခြင်းများရှိကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။ “ဆရာ စာသွားသင်ပေးနေတဲ့ အင်တာနေရှင်နယ်ကျောင်းက ကျောင်းသားတစ်ယောက်ဆို သူ့နာမည်သူ မြန်မာလို မရေးတတ်ဘူး”ဟု အဆိုပါကျောင်းသူများတွင် မြန်မာစာသင်ကြားပေးနေပြီး မြန်မာစာကထိကတစ်ဦးဖြစ်သူ ဆရာမောင်သာချိုကပြောသည်။ မြန်မာစာနှင့် မြန်မာ့ယဉ်ကျေးမှုအတွက် ပညာရေးဝန်ကြီးဌာန၏ သင်ရိုးအတိုင်း သင်ကြားပေးခြင်း၊ အထွေထွေဗဟုသုတများ သင်ကြားပေးခြင်း၊ ယဉ်ကျေးမှုအတွက် ပြဇာတ်များကခြင်း၊ အထိမ်းအမှတ်နေ့များတွင် အခမ်းအနားများ ပြုလုပ်ပေးခြင်းတို့ဖြင့် သင်ကြားပေးလျက်ရှိသည်ဟု အင်တာနေရှင်နယ်ကျောင်းများမှ တာဝန်ရှိသူအချို့ကပြောသည်။ အဆိုပါကျောင်းများ၏ ရည်ရွယ်ချက်မှာ တက်ရောက်သည့် ကျောင်းသားများ နိုင်ငံတကာတက္ကသိုလ်များသို့ ၀င်ခွင့်ရရေးအတွက်ပင်ဖြစ်သည်။ ဗြိတိန်သင်ရိုး၊ အမေရိကန်ညွှန်းတမ်းများဖြင့် သင်ကြားပေးနေ၍ ဘာသာရပ်အားလုံးမှာ အင်္ဂလိပ်ဘာသာစကားနှင့် သင်ကြားရ၏။ မြန်မာစာဘာသာရပ်ကိုမူ ကျောင်းသားများအနေဖြင့် အရန်(Minor)အဖြစ်သာ သင်ရ၏။ “အင်တာနေရှင်နယ်ကျောင်းတွေက ကျောင်းသားတွေက ပြည်တွင်းစာမေးပွဲဖြေတာ မဟုတ်တဲ့အတွက် ပြည်တွင်းနဲ့မဆိုင်ပါဘူး။ နိုင်ငံတကာတက္ကသိုလ်တွေရဲ့ သတ်မှတ်ချက်ပဲလိုတယ်။ မြန်မာစာပေနဲ့ ယဉ်ကျေးမှုကို သိဖို့က မိသားစုတွေရဲ့ သတ်မှတ်ချက်ပဲလိုတယ်။ မြန်မာစာပေနဲ့ ယဉ်ကျေးမှုကိုသိဖို့က မိသားစုတွေနဲ့ပဲ သက်ဆိုင်ပါတယ်”ဟု ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောသည်။ လွန်ခဲ့သော နှစ်ပေါင်း ၉၀၀ ကျော်၊ အနော်ရထာမင်းလက်ထက်မှစ၍ မြန်မာစာရေးသားမှု ပေါ်ပေါက်လာသည်ဟု သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကပြောခဲ့သည်။ ထိုခေတ်က မြန်မာလူမျိုးတို့၏ စာပေ၊ ဓလေ့နှင့် ယဉ်ကျေးမှုတို့အကြောင်းကို ထိုသူတို့ ရေးသားခဲ့ကြသော ကျောက်စာ၊ ပေစာများမှတစ်ဆင့် လေ့လာကြရသည်။ အဆင့်ဆင့်ပြောင်းလဲမှုကို သိရှိရသည်။ သမိုင်းကိုလည်း သိရှိရသည်။ “မြန်မာလူမျိုး မြန်မာလို မရေးတတ်၊ မပြောတတ်ရင် ဘာဖြစ်မလဲ စဉ်းစားသာ ကြည့်ပေတော့”ဟု ဆရာမောင်သာချိုကပြောသည်။ ယနေ့ခေတ်ပညာရေးတွင် မြန်မာကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘာသာစကားပိုင်းကိုသာ အချိန်ပေးလေ့လာနေကြ၍ မြန်မာစာပေနှင့် ယဉ်ကျေးမှုတွင် အားနည်းလာသည်ဟု မြန်မာစာရေးဆရာများက သုံးသပ်ထားသည်။ အင်တာနေရှင်နယ်ကျောင်းတက်သော ကျောင်းသားများမှာ တစ်နေ့လုံး အင်္ဂလိပ်စကားကိုသာ ပြောနေကြရပြီး အိမ်တွင် မိဘများကပါ အင်္ဂလိပ်လိုပြောနေပါက မြန်မာစကားပြောရန် အချိန်မရှိသောကြောင့် မိမိတို့အိမ်တွင် မြန်မာလိုသာ ပြောဖြစ်သည်ဟု စင်ကာပူနိုင်ငံမှ ပြန်လာသော မူလတန်းကျောင်းသားတစ်ဦး၏ မိဘတစ်ဦးကပြောသည်။ “ကလေးတွေရဲ့ အားနည်းချက်တစ်ခုက မြန်မာလိုပြောမယ်ဆိုရင် ဘာသာပြန်ပြီး ပြောနေသလိုပဲ။ တစ်မျိုးကြီးဖြစ်နေတယ်။ ဗမာစာ တော်တော်ညံ့တယ်”ဟု အင်တာနေရှင်နယ်ကျောင်းတစ်ခုမှ ကျောင်းသားမိဘတစ်ဦးကပြောသည်။ ကျောင်းသားမိဘများ၏ စိတ်နေသဘောထားနှင့် ပတ်သက်၍ မြန်မာစာဆရာ ဂုဏ်ထူးဦးသိန်းနိုင်က “တချို့မိဘတွေက ကိုယ့်ကလေး မြန်မာစကား ရေရေလည်လည်မပြောတတ်တာကို ဂုဏ်ယူနေတတ်ကြတယ်။ အဲဒီကိစ္စက မှားယွင်းမှုတစ်ခုပဲ။ အဲဒီလိုသာဆက်သွားရင် အမျိုးသားရေးစိတ်ဓာတ်တွေ သင်္ဂြိုဟ်လိုက် ရနိုင်တယ်”ဟု ပြောသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာစာပေနှင့် ယဉ်ကျေးမှုအပေါ် “ကိုယ့်ရဲ့ဘာသာစကားကို ကိုယ့်ရဲ့သားသမီးတွေ မမေ့အောင် ကြိုးစားကြပါလို့ ကျွန်မတိုက်တွန်းချင်ပါတယ်။ ကိုယ့်ရဲ့ယဉ်ကျေးမှုကို ကိုယ်ဂုဏ်ယူနိုင်ရမယ်”ဟု ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း သွားရောက်ခဲ့သော အမေရိကန်ခရီးစဉ်၌ မြန်မာမိသားစုများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ၁၉၂၀ ခုနှစ်များ၌ မြန်မာစာပေနှင့် ယဉ်ကျေးမှုတို့ မှေးမှိန်ခဲ့ရသော အချိန်ကာလများတွင် အစိုရကျောင်းများ၌ပင် မြန်မာစာကို ကောင်းစွာမသင်လို၊ မြန်မာဗျည်း ၃၃ လုံးမှ ၆ လုံးကို နုတ်ပယ်ရန် ကြံစည်ခဲ့ကြဖူးသည့် အဖြစ်အပျက်ရှိသည်ဟု ဆရာ တက္ကသိုလ်တင်ခက ရေးသားခဲ့ဖူးသည်။ ဖွံ့ဖြိုးတိုးတက်မှု မြင်တွေ့နေရသော မြန်မာနိုင်ငံတွင် နိုင်ငံတကာပညာရေးစနစ် ပိုမိုတွင်ကျယ်လာပြီး အင်တာနေရှင်နယ်ကျောင်းများ ပိုမိုများပြားလာနိုင်၍ မြန်မာစာပေ၊ ယဉ်ကျေးမှုအတွက် စိုးရိမ်မှုများ ရှိနေသော်လည်း ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှုဖြင့် ကိုယ်ခံအားကောင်းအောင် ဆောင်ရွက်ထားသင့်သည်ဟု ပညာရှင်များကအကြံပြုသည်။ မြန်မာစာပေသည် မြန်မာလူမျိုးတို့အတွက် ယဉ်ကျေးမှုအမွေအနှစ်ပင်ဖြစ်သည်။ နိုင်ငံတစ်ခု၏ ယဉ်ကျေးမှုအဆင့်အတန်းကို အကဲဖြတ်ရာ၌ စာပေသည် အဓိကကျသောအရာပင် ဖြစ်သည်။ “စာပေမြင့်မှ လူမျိုးတင့်မည်”ဟု ညွှန်းဆိုမှုသည် မိမိနိုင်ငံနှင့်လူမျိုးအတွက် အမျိုးသားစာပေ၏ လေးနက်မှုကို ဖော်ပြလျက်ရှိသည်။ 

By 7 Day Journal

0 comments: