Tuesday, 12 February 2013

လူမဆန်သူများ၏ ပစ်မှတ်ဖြစ်လာသော ကလေးသူငယ်များ

"၂၅ နာရီတိုင်း ကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံနေရ" ကျောင်းဆင်းခေါင်းလောင်း ထိုးလိုက်သည်နှင့် မူလတန်းအရွယ် ကျောင်းသူ၊ ကျောင်းသားလေးများ ကျောင်းတံခါးပေါက်ဆီ အော်ဟစ်ခုန်ပေါက်ပြိုဆင်းလာကြသည်။ ထိုကလေးများအကြား သနပ်ခါးပါးကွက်ကြားလေးနှင့် အဖြူအစိမ်းဝတ် ကျောင်းသူကလေးက ထူးထူးခြားခြားရှိနေ၏။ ရှေ့နဖူးပေါ် ၀ဲကျနေသည့် ဆံယဉ်စအောက် မျက်လုံးအစုံက ကျောင်းတံခါးပေါက်ဆီ လှမ်းမျှော်ငေးကြည့်ရင်း မလှုပ်မယှက် တစ်လှမ်းချင်း ခပ်မှန်မှန် လမ်းလျှောက်နေသည်။ ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှ ထိုကျောင်းသူလေးသည် လွန်ခဲ့သည့် ၁၂ ရက် (ဇန်န၀ါရီ ၂၈ ရက်) က အသိမိတ်ဆွေ ဆွေမျိုးသားချင်းမဟုတ်သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး၏ လှည့်ဖြားခေါ်ဆောင်ကာ သားမယား ပြုကျင့်ခံရသော ရှစ်နှစ်အရွယ်သာရှိသေးသည့် ဒုတိယတန်းကျောင်းသူလေးတစ်ဦး ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒုတိယ အများဆုံးမှုခင်းဖြစ်သည့် အလိုမတူဘဲ ကာမစပ်ယှက်ခံရသော မုဒိမ်းမှုများထဲမှ ထက်ဝက်နီးပါးမှာ ၁၆ နှစ်အောက် ကလေးသူငယ်များဖြစ်ပြီး အသက် ၁၄ နှစ်မှ ၂၅ နှစ်အရွယ်မှာ သားမယားပြုကျင့်မှု အများဆုံးခံရသော အုပ်စုတွင် ပါဝင်လျက်ရှိသည်။ အကြမ်းဖျင်း တွက်ချက်မှုအရ မြန်မာနိုင်ငံတွင် ၂၅ နာရီတိုင်း ကလေးသူငယ်တစ်ဦး အဓမ္မပြုကျင့်ခံနေရခြင်းဖြစ်သည်။ ကျူးလွန်သူကို တစ်သက်တစ်ကျွန်းဒဏ် (နှစ် ၂၀) ဖြစ်စေ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်သည့် မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ မုဒိမ်းမှုများ မြင့်တက်နေခြင်းမှာ အခြေခံကျသော ပညာပေးလုပ်ငန်းများကို လူထုအဖွဲ့အစည်း အလွှာအသီးသီး ပါဝင်ဆောင်ရွက်တပ်လှန့်ရမည့် အရေးကြီးဆုံး အချိန်ဖြစ်ကြောင်း သတိပေးခေါင်းလောင်းသံပင် ဖြစ်သည်။ “ဒီကလေးတွေကိစ္စက တော်တော်စိုးရိမ်စရာကောင်းနေပြီ။ ပြီးတော့ ဒါဟာ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွက် ဘယ်လိုမှ မကောင်းနိုင်တဲ့ ကိစ္စဖြစ်တယ်။ လူ့ ဘောင်အဖွဲ့အစည်းအနေနဲ့ကို ကန့်ကွက်တားဆီးပညာပေးနိုင်ဖို့ လုပ်ဆောင်ရတော့မယ်” ဟု ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေဦးကိုနီကပြောသည်။ ၂၀၁၁ ခုနှစ်အတွင်း မုဒိမ်းမှုပေါင်း ၆၀၅ မှုဖြစ်ပွားခဲ့ရာတွင် ကလေးသူငယ်အမှုမှာ ၃၅၉ မှု ဖြစ်ပွားခဲ့ကာ ၂၀၁၂ ခုနှစ်တွင် မုဒိမ်းမှုပေါင်း ၆၅၄ မှုတွင် ကလေးသူငယ် အမှုမှာ ၃၁၈ မှုပါဝင်ခဲ့သည်။ “ယောက်ျားတစ်ယောက်အတွက် ဒီလိုစိတ်တွေဖြေဖျောက်ဖို့ အပြင်မှာ လွယ်လွယ်ကူကူတွေ ရှိရက်နဲ့ ဘာကြောင့်ကလေးလေး တွေကို ဒီလို စမ်းသပ်ကြရတာလဲ။ လက်တည့်စမ်းချင်ရတာလဲ။ ဒီလိုကိစ္စတွေကို လုံးဝလက်ခံလို့ မရဘူး။ လက်ခံနေလို့မဖြစ်ဘူး” ဟု ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် ရပ်ရွာအခြေပြု ကလေးသူ ငယ်ကာကွယ်စောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ယဉ်ကျေးသော လူ့အဖွဲ့ အစည်းအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် အပြစ်ပေး အရေးယူသည့်အပိုင်းထက် ကြိုတင်ကာ ကွယ်မှုကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။ “ဥပဒေကတော့ နောက်ဆုံးအဆင့်ပေါ့လေ။ ကြိုတင်ကာကွယ်တဲ့ အပိုင်းက အရေးကြီးတယ်။ သမီးမိန်းကလေးမိဘတွေ အတွက် ဟောပြောပွဲတွေ လုပ်ပြီး ဟောပြောရမယ်။ နောက်ပြီး ယောက်ျားလေးတွေအတွက်ကိုလည်း ဒါမျိုးတွေကို ဒီလူ့အဖွဲ့အစည်းက လက်မခံဘူးဆိုတာကို ပညာပေးရမယ်” ဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။ မြန်မာနိုင်ငံတွင် ကလေးငယ်များအား အခြေခံ၊ အလယ်တန်း၊ အထက်တန်းအဆင့်များတွင်သာမက တက္ကသိုလ်များတွင်ပင် လိင်ပိုင်းဆိုင်ရာ ပညာပေးမှုများမရှိသည့်အတွက် မိန်းကလေးငယ်များ၏ လိင်ပိုင်းဆိုင်ရာ အသိပညာအားနည်းမှုများကလည်း မုဒိမ်းမှုကျူးလွန်သူများအတွက် (သို့မဟုတ်) လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်လိုသူများအတွက် အခွင့်ကောင်းဖြစ်နေသည်။ “တက္ကသိုလ်တွေမှာ တစ်နှစ်တစ်ကြိမ်လာပြီးတော့ ကျောင်းသားနှင့်ဆရာသပ်သပ်၊ ဆရာမနှင့်ကျောင်းသူသပ်သပ် လိင်ပညာပေးလာလုပ်တာမျိုးတော့ ရှိပါတယ်။ ပုံမှန်သင်ကြားပေးတာမျိုးတော့မရှိဘူး” ဟု တက္ကသိုလ် ကထိကဆရာတစ်ဦးက ဆိုသည်။ အလားတူ ပညာသင်ကြားမှုအပိုင်းတွင် လူ့ကျင့်ဝတ် လူ့စည်းကမ်းပိုင်းဆိုင်ရာ အခြေခံ သင်ကြားပေးနိုင်သည့် အခြေအနေများကလည်း နည်းပါးနေသည်။ ပညာရေးဘက်တွင် အားနည်းချက်ရှိရုံသာမက စာပေ၊ အနုပညာ အပိုင်းတွင်လည်း နူးညံ့သိမ်မွေ့စေသည့် လူအချင်းချင်း မြတ်နိုးတွယ်တာစေသော စာပေအနုပညာမျိုးလည်း ရှားပါးလာသည်။ “မြန်မာလူမျိုးတွေက ပိုက်ဆံဆင်းရဲသွားတာတင်မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာပါ အကုန်လုံး ကျဆင်းနိမ့်ကျသွားတာ။ လူရိုင်းတွေ သာသာပဲရှိတော့တဲ့အတွက် စာပေအနုပညာနဲ့ပဲ ဒါတွေကို ပြန်ထိန်းရပါမယ်” ဟု စာရေးဆရာ မောင်သာချိုက သုံးသပ်သည်။ ထို့အပြင် ဆင်ခြေဖုံးရပ်ကွက်များရှိ လူနေထိုင်မှုစနစ်၊ ကျပ်သောင်းဂဏန်းတန် အမ်ပီဖိုးမှစ၍ မိုဘိုင်းဖုန်းဟန်းဆက် အမျိုးမျိုးကနေ အလွယ်တကူ ကူးယူကြည့်ရှုနိုင်သည့် ညစ်ညမ်းဗီဒီယို အပိုင်းအစများ၏ ပျံ့နှံ့မှုလွယ်ကူလာခြင်း၊ လူတစ်ဦးချင်းစီ၏ ကျင့်ဝတ်နှင့် အကျင့်သိက္ခာစောင့်စည်းမှုပိုင်း အားနည်းလာမှုစသည်တို့ကလည်း ယခုကဲ့သို့ ကလေးသူငယ် အမှုများ ဖြစ်ပွားလာရခြင်း ၏ အဓိက အခြေခံအကြောင်းအရင်းများဖြစ်သည်။ “ကျွန်တော်တို့ဆီမှာက ကိုယ့်သမီးလေးက ကလေးလေးဆိုတော့ ဒါမျိုးတွေဖြစ်မယ်ဆိုတာတောင် မတွေးမိကြဘူး။ မိဘတွေက။ ဒါကြောင့် အခုချိန်ကစပြီး ကြီးကြီးငယ်ငယ် ကိုယ့်သားသမီးကို ပြောပြထားရတော့မယ်။ သိသင့်သလောက်လေး ပညာပေးထားရတော့မယ်။ ကျောင်းတွေမှာလည်း ပညာပေးဖို့ လိုလာပါပြီ” ဟု ဦးကိုနီက အကြံပြုစကားဆိုသည်။ ကလေးနှစ်ယောက်တွင် တစ်ယောက် လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှု ခံနေရသည့် အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၂ နှစ်ကုန် ပိုင်းက အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအားအုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခံခဲ့ရပြီး သေဆုံးသွားခဲ့သည့် နောက်ဆက်တွဲအဖြစ် အိန္ဒိယ သမ္မတက အဓမ္မပြုကျင့်သူများကို သေဒဏ်စီရင်နိုင်သော ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းနိုင်ရန် လွှတ်တော်သို့ ပေးပို့ခဲ့သည်။ အိန္ဒိယ၏ လက်ရှိဥပဒေအရ ကျူးလွန်သူကို ထောင်ဒဏ် ၇ နှစ်မှ ၁၀ နှစ်အထိသာ ချမှတ်နိုင် သည်။ လက်ရှိမြန်မာနိုင်ငံ၌ လုံလောက်သည့် ဥပဒေများရှိပြီးသားဖြစ်ပြီး ဥပဒေ အကောင်အထည်ဖော်သည့် တရားရုံးများရှိ တရားသူ ကြီးများက မုဒိမ်းမှု ကျူးလွန်သူများအား များသောအားဖြင့် သက်ညှာလေ့မရှိကြောင်း တရားရေးအသိုင်းအ၀ိုင်းက ဆိုသည်။ “ကျွန်မ လိုက်ဖူးတဲ့ အမှုတော်တော်များများမှာတော့ အပြစ်ပေးတာ ထောင်ဒဏ် ခုနစ်နှစ်ဝန်းကျင်အများစု တွေ့ရတယ်။ ဒါပေမဲ့ အမှုတစ်ခုမှ အောက်ရုံး(မြို့နယ် တရားသူကြီးရုံး) က ဘယ်လောက်လိုက်လိုက် ငါးနှစ်ကို မလျှော့ပေမယ့် အပေါ်ခရိုင်ရုံး အယူခံဝင်တော့ တစ်နှစ်ဖြစ်သွားတာမျိုးလည်း ရှိဖူးတယ်” ဟု မုဒိမ်းမှုများတွင် အများဆုံး လိုက်ပါဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဒေါ်မြတ်စုထွေးက ပြောသည်။ အပျိုစင်ဘ၀ကို တန်ဖိုးထားမှုမြင့်မားသည့် အစဉ်အလာကြီးမားသော မြန်မာနိုင်ငံအတွင်းမှ သမီးရှင်များအဖို့၊ မိသားစု ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအဖို့ အရွယ်မရောက်သေးသည့် သမီးမိန်းကလေးတစ်ယောက် အဓမ္မစော်ကားပြုကျင့်ခံရခြင်းက ၎င်းတို့အတွက် အကြီးမားဆုံးသော အိပ်မက်ဆိုးကြီး ဖြစ်သည်။ ဒုတိယတန်းကျောင်းသူလေးနည်းတူ ယဉ်ကျေးသော လူ့အဖွဲ့အစည်းအတွက် လုံးဝလက်မခံနိုင်သော နောက်ဖြစ်ရပ်တစ်ခုကလည်း ပြီးခဲ့သည့်နှစ်လခန့်ကပင်ဖြစ်ပွားခဲ့သေးသည်။ လမ်းပင်မလျှောက်နိုင်သည့် ၁၂ နှစ်အရွယ် မသန်စွမ်းကလေးငယ်တစ်ဦးအား စော်ကားပြုကျင့်ခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။ သမီးဖြစ်သူအတွက် ယူကျုံးမရဖြစ်နေသည့် ဖခင်ဦးတင်ထွန်း(အမည်လွဲ) က ထိုခါးသီးလွန်းတဲ့အဖြစ်အပျက်ကို ယနေ့အထိ နည်းနည်းမျှ မမေ့နိုင်။ “ကျွန်တော့် သမီးလေးက လမ်းတောင်မလျှောက်နိုင်တဲ့ မသန်စွမ်းလေးပါဗျာ။ သိပ်လိမ္မာပါတယ်။ ခုတော့ သမီးလေးရော၊ မိသားစုပါ တစ်ရွာလုံး အရှက်တကွဲ အကျိုးနည်းဖြစ်ကုန်ပါပြီ” ဟု ဦးတင်ထွန်းက မခံမရပ်နိုင် စကားဆိုသည်။ သမီးဖြစ်သူက မိဘနှစ်ပါးကို မျက်စိအောက်က အပျောက်မခံနိုင်တော့လောက်အောင် ကြောက်လန့်မှု ခံစားနေရခြင်းကို ဦးတင် ထွန်းရင်ထဲတွင် မချိ။ “သမီးက အိမ်မှာနေခဲ့ရမှာ ကြောက်တယ်ပဲ ပြောနေတာ။ ကိုယ့်အိမ်ကိုယ့်ရွာမှာတောင် ကလေးထားပြီး အလုပ်သွားလို့ အဆင်မပြေဘူး။ သူ့ကို မထားခဲ့ပါနဲ့ ကြောက်တယ်ပဲ ပြောနေတာ” ဟု ဆိုသည်။ ကလေးငယ်များအတွက် လူမှုဘ၀တွင် အရိပ်မည်းကြီးတစ်ခု၊ အမည်းစက်ကြီးတစ်ခုအဖြစ် ထင်ကျန်ရှိနေခြင်းထက် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု စိုးရိမ်ကြောက်လန့်မှုတို့က ပို၍ ကြီးမားသည်။ “ပတ်ဝန်းကျင် ပြောင်းလဲလိုက်ရင်တောင် မိသားစုနဲ့ ကလေးအတွက် အရိပ်မည်းအောက်က လွတ်မြောက်နိုင်ပေမယ့် ကလေးရဲ့စိတ်ထဲက စိတ်ဒဏ်ရာက ပျောက်ဖို့မလွယ်ကူပါဘူး” ဟု ရပ်ရွာအခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး စေတနာဝန်ထမ်းအဖြစ် ဆောင်ရွက်နေသူ အမျိုးသမီးက သူ့အတွေ့အကြုံကို မျှဝေသည်။ တကယ်တော့ အဓမ္မပြုကျင့်မှုအဆင့်ထိ ရောက်မသွားဘဲ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများစွာ လည်းရှိနေနိုင်သေးသည်။ ညီအစ်ကိုမောင်နှမ၀မ်းကွဲ၊ ဦးလေး၊ အဘိုး၊ ပထွေး၊ အဖေ မကျန်အိမ်နီးချင်း ပတ်ဝန်းကျင်ရှိ အမျိုးသားများက လိင်ပိုင်းဆိုင်ရာ စိတ်ပြေပျောက်မှုအတွက် ကလေးငယ်များကို အသုံးချခြင်းများကလည်း ရှိနေသည်။ ထို့ထက်လွန် သည့် အမှုအခင်းများကလည်း လေး၊ ငါးနှစ်အတွင်း မကြားဝံ့မနာသာထွက်ပေါ်လာခဲ့ပြီးဖြစ်သည်။ “ခုဆိုဘယ်သူနဲ့မှ စိတ်ချလို့ မရဘူး။ အမှုတွေကြားရရင် စိတ်မချမ်းသာစရာချည်းပဲ။ သမီးတွေကို စိတ်ပူရတာနဲ့ စီးပွားရှာရတာနဲ့ မိဘတွေလည်းမလွယ်ဘူး” ဟု သမီးနှစ်ယောက်ကို စောင့်ရှောက်နေသည့် မိခင်တစ်ဦးက စိတ်မသက်မသာ စကားဆိုသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် ရုံးရှောင် ဂတ်ရှောင်ကြရင်း ရဲမှတ်တမ်းများ၊ အဖွဲ့အစည်းများ၏ မှတ်တမ်းများအတွင်း ၀င်မသွားသည့် အမှုများစွာကလည်း ရှိနိုင်သည်။ တစ်ရှက်က နှစ်ရှက်မဖြစ်ရအောင် တိတ်တိတ်ဆိတ်ဆိတ်နှင့်ပင် ပြီးသွားသည့် အမှုတွေကလည်း မည်မျှရှိနေမှန်းမသိနိုင်။ ကိုယ့်ရပ်ကွက်၊ ကိုယ့်ကျောင်းဝန်းကျင်မှာပင် လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားဖို့ စိုးရွံ့နေရသည့် ဒုတိယတန်းကျောင်းသူမလေးလို စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုခံစားနေရသည့် ကလေးငယ်တွေမည်မျှရှိနေသည်ကိုလည်း မသိနိုင်ပေ။ ထို့ကြောင့် အကြမ်းဖျင်း တွက်ချက်မှုအရ ၂၅ နာရီလျှင် ကလေးသူငယ်တစ်ဦး အဓမ္မပြုကျင့်ခံနေရခြင်းသည် အစိုးရနှင့် မြန်မာ့လူ့အဖွဲ့ အစည်းပေါင်းစုံ ပူးပေါင်းအဖြေထုတ်မည့် အရေးကြီးသော ပြဿနာတစ်ရပ်ပင် ဖြစ်တော့သည်။ ။ ရေးသားသူ- ငြိမ်းငြိမ်းနိုင် - 7Day News Journal

0 comments: