Sunday 10 February 2013

အလုပ်သမားဆေးရုံကြီး (ရန်ကုန်) အား အဆင့်မြှင့်တင်ရန် ဂျပန်နှင့် ကနေဒါနိုင်ငံတို့မှ လာရောက်ဆွေးနွေး

အလုပ်သမားဆေးရုံကြီး (ရန်ကုန်) အား အဆင့်မြှင့်တင်ရန် ဂျပန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့မှ လာရောက် ဆွေးနွေးထားကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန လက်အောက်ရှိ လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောသည်။ ''ဖြစ်နိုင်ရင် ဆေးရုံကြီး တစ်ခုလုံးကိုဖြိုပြီး ပြန်ဆောက်ချင်တယ်။ ဆေးရုံက သက်တမ်းလည်း တော်တော်ကြာပြီဆိုတော့ အသစ်ပြန်ဆောက်နိုင်ရင် အကောင်းဆုံးပေါ့။ ခွဲစိတ်ခန်း စတာတွေကိုလည်း ပြန်ပြင်ချင်တယ်။ လက်ရှိမှာ ခွဲစိတ်ပေးနိုင်တယ် ဆိုပေမယ့် အခြားပုဂ္ဂလိက ဆေးရုံတွေလောက်တော့ ကိရိယာတွေ ခေတ်မီစုံလင်မှု မရှိဘူး။ ဒါကြောင့် အဆင်မြှင့်တင်မှုတွေ လုပ်ချင်တယ်'' ဟု ၄င်းကပြောသည်။ ယခုလို အဆင့်မြှင့်တင်ရန် ဆွေးနွေးနေသည့် အလုပ်သမား ဆေးရုံကြီး (ရန်ကုန်) သည် ခုတင်နှစ်ရာဆံ့ ဆေးရုံဖြစ်ပြီး ၁၉၆၃ ခုနှစ်က စတင်တည်ထောင်ခဲ့ရာ ယခုအခါ နှစ်ပေါင်း ၅ဝ ခန့် သက်တမ်းရှိနေပြီ ဖြစ်သည်။ ''ဂျပန်နိုင်ငံက အခုဖေဖော်ဝါရီ လဆန်းပိုင်းက လာသွားတယ်။ ကနေဒါကတော့ တစ်လလောက် ရှိသွားပြီ။ အကြောင်းတော့ မပြန်ကြသေးဘူး။ သူတို့ဌာနမှာ ပြန်ဆွေးနွေးပြီးမှ ရင်းနှီးမြှုပ်နှံဖို့အကြောင်းပြန်မယ်လို့ ပြောသွားတယ်'' ဟု ဦးယုလွင်က ဆက်လက်ပြောကြားသည်။ လက်ရှိတွင် လူမှုဖူလုံရေး ဦးစီးဌာန အောက်၌ အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၊ ခုတင် ၁၅ဝ ဆံ့ အလုပ်သမား ဆေးရုံကြီး (မန္တလေး)၊ ထန်းတပင် တီဘီရောဂါကု အလုပ်သမား ဆေးရံကြီးတို့အပြင် လူမှုဖူလုံရေး ဆေးခန်းပေါင်း ၉ဝ ကျော်ရှိသည်။ အလုပ်သမား ဆေးရုံကြီး (ရန်ကုန်) တွင် လက်ရှိဝေဒနာရှင် ၁၅ဝ ခန့် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိပြီး အခမဲ့ ဆေးကုသမှု ပေးလျက်ရှိကြောင်း၊ နံနက်စာ၊ နေ့လည်စာ၊ ညစာ ကျွေးမွေးခြင်းတို့အပြင် ဆေးကုသမှု ခံယူနေသော အလုပ်သမား၏ မိသားစုကိုပါ ထောက်ပံ့ပေးလျက် ရှိကြောင်း ၄င်း၏အဆိုအရ သိရသည်။ မြန်မာနိုင်ငံ၌ လူမှုဖူလုံရေး အာမခံထားရှိသူ အလုပ်သမားဦးရေ ခြောက်သိန်းကျော် ရှိကြောင်း သိရှိရပြီး ထိုသို့ လူမှုရေး အာမခံထားသော အလုပ်သမားများကို ပုဂ္ဂလိက ဆေးရုံများတွင် အခမဲ့ ဆေးကုသမှု ရရှိနိုင်ရန် ပုဂ္ဂလိက ဆေးရုံများနှင့် ဆွေးနွေးလျက်ရှိပြီး ပုဂ္ဂလိက ဆေးရုံများမှ တောင်းဆိုသော ဆေးကုသစရိတ်မှာ ကြီးမြင့်နေသည့်အတွက် လတ်တလော အဆင်မပြေသေးကြောင်း သိရသည်။ Ref: Eleven 8

0 comments: