Sunday, 24 February 2013

အသက် မပြည့်သူ ကျောင်းသား ကလေးစစ်သား အဖြစ် စုဆောင်းခံရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်မှ ဦးမောင်မောင်သန်းနှင့် ဒေါ်သက်ရင်၏သား အသက် (၁၇) နှစ်ရှိ မောင်ကျော်ဝင်းလှိုင်(ခ) ကိုကိုနိုင် ကို တပ်မတော်မှ ခလေးစစ်သားအဖြစ် အတင်းအဓမ္မ စုဆောင်း သွားကြောင်း သတင်းရရှိသည်။ သူ၏ ကျောင်းသား မှတ်ပုံတင် ကပ်ပြား နံပါတ်မှာ အမှတ်စဉ်-၀၁၉၀၉၄၁၆ ဖြစ်ပြီး ၂၀၁၁ စက်တင်္ဘာလ ၃ ရက်နေ့က ထုတ်ပေးထားကြောင်း သိရသည်။ ကဒ်ပြားအရ မောင်ကျော်ဝင်းလိုင်မှာ အသက်(၁၈) နှစ်မပြည့်သေးကြောင်း လူအခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့(ရခိုင်ဒေသ)မှ ဆိုသည်၊ သူ၏ နိုင်ငံသား ကပ်ပြားမှာ အမှတ်-၁၁/ကတန(နိုင်)၁၃၄၀၇၄ ဖြစ်ပြီး သူ၏ မွေးသက္ကရာဇ် မှာ- ၂-၃-၁၉၉၆ ခု ဖြစ်သည်ဟု ပြောသည်။ မောင်ကျော်ဝင်းလိုင်မှာ ကျောက်တော်မြို့ မြို့မ အစိုးရ အလယ်တန်းကျောင်း မှ ဖွင့်လှစ်ထားသော (တွဲဘက်) အ-ထ-က ကျောင်းတွင် န၀မတန်း ပညာကို ၂၀၁၂- ၂၀၁၃ ပညာသင်နှစ်တွင် သင်ကြားနေသော ကျောင်းသား တယောက်ဖြစ်သည်။ ပညာရည်ထူးချွန်သော ကျောင်းသား လူငယ် တယောက်ဖြစ်ကြောင်းလည်း လူ့အခွင့်အရေး လှုပ်ရှား နေသူ တစ်ဦး၏ သတင်းပေးပို့ချက်တွင် ဖေါ်ပြသည်။ မောင်ဝင်းလှိုင်(ခ)ကိုကိုနိုင် မှာ ယခုအခါ ကျောက်တော်မြို့ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းတွင် ကလေး စစ်သား အဖြစ် စုဆောင်းထားကြောင်း သိရသည်။ မြန်မာ့ တပ်မတော်သည် ကလေး စစ်သား စုဆောင်းမှုကို လုံးဝ မပြုလုပ်တော့ကြောင်းကို မီဒီယာများမှ တဆင့် ကမ္ဘာသိအောင် ကြွေးကြော်ထားသည်ဟု ဆိုသည်။ သို့သော်လည်း လက်တွေ့တွင် ကလေးစစ်သားများ စုဆောင်းမှုကို ယခုအချိန်ထိ လုပ်ဆောင် နေဆဲပင် ဖြစ်သည်ဟု လူ့အခွင့်အရေး လူပ်ရှားသူက ဆိုသည်။ ယခင်က ကလေး စစ်သား စုဆောင်းထားမှုနှင့် ပါတ်သက်ပြီး ( HRDP )မှ တဆင့် (ILO) သို့ တင်ပြထားသည့် ကလေးစစ်သား အဖြစ် စုဆောင်းခံရသူ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် တောင်းဖူး ကျေးရွာမှ ဦးမောင်စံဝင်း၏သား မောင်ဦးလှဝင်းကိုလည်း ယနေ့ အချိန်ထိ မိဘ ရပ်ထံ ပြန်မပို့ သေးဘဲ ထားဝယ်မြို့ ခလ၇(၂၀၄) တွင်လက်ရှိ တာဝန် ထမ်းဆောင် လျှက်ရှိကြောင်းကို ၄င်းကလေး စစ်သား၏ ဖခင်ဖြစ်သူ ဦးမောင်စံဝင်းကို ကိုးကားပြီး လူ့အခွင့်အရေး လူပ်ရှားသူ က ပြောသည်။ မြန်မာ့တပ်မတော်မှ ကလေး စစ်သား စုဆောင်းနေမှု အပေါ် ချက်ချင်းရပ်တန့်ပေးပါရန် လူအခွင့် အရေး ကာကွယ်မြင့်တင်သူများအဖွဲ့(ရခိုင်ဒေသ)မှ တောင်းဆိုကြောင်း သူက ပြောဆိုသည်။

By BNI

0 comments: