Sunday 10 February 2013

ပြည်ပရောက် မြန်မာအလုပ်သမားများ ဘဏ်များသို့ ငွေလွှဲပို့နိုင်

မြန်မာနိုင်ငံမှ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သော အလုပ်သမားများအနေဖြင့် လုပ်ခလစာငွေ များကို ပြည်တွင်းသို့ တရားဝင် ငွေလွှဲပို့ဆောင်ခွင့် ရရှိနေပြီဖြစ်ရာ လစဉ်ပေးပို့မှုများ တိုးမြင့်လာ လျက်ရှိကြောင်း မြန်မာ့ စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ''ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်ကုန်ကတည်းက ပြည်ပမှ အလုပ်သမားတွေကို ငွေလွှဲပို့ဆောင်ခွင့်တွေ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ သူတို့ပေးပို့မှုတွေ များလာတယ်။ ငွေကြေးစီးဆင်းမှုနဲ့ မလိုလားအပ်တဲ့ ခက်ခဲနှောင့်နှေး မှုတွေလည်း မရှိနိုင်တော့ပါဘူး'' ဟု ၄င်းက ပြောကြားသည်။ ထိုသို့ ပြည်ပမှ ငွေလွှဲပို့ဆောင်ရာတွင် မလေးရှားနိုင်ငံမှ May Bank နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ချိတ်ဆက်ကာ ငွေပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသူများနှင့် အခြားစီးပွားရေး သမားများ မြန်မာနိုင်ငံသို့ ငွေလွှဲပို့လိုသူများ အနေဖြင့် မြန်မာနိုင်ငံရှိ မြန်မာ့စီးပွားရေးဘဏ်များသို့ လွှဲပြောင်းပေးပို့နိုင်လျက် ရှိသည်။ ယခုအခါ မြန်မာအလုပ်သမားများသည် အိမ်နီးချင်းနိုင်ငံများ အပါအဝင် အခြားပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိရာ ငွေကြေးများ ပြန်လည်ပေးပို့ရာတွင် အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်။ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအတွက် နေထိုင်လုပ်ကိုင်ခွင့် အထောက်အထားများကို စခန်း ၁၁ ခု ဖွင့်လှစ်ပြီး ဆောင်ရွက်ပေးမည်ဖြစ်ရာ ၄င်းတို့၏ လုပ်ခလစာများကိုလည်း ဘဏ်များဖြင့် ချိတ်ဆက်ကာ ငွေပို့ငွေလွှဲလုပ်ငန်းများ လုပ်ဆောင်ခွင့် ရရှိတော့မည် ဖြစ်သည်။ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများသည် တစ်လလျှင် ပျမ်းမျှ ဘတ်တစ်သောင်းနှင့် ဘတ်ငါးထောင်ကြား ရရှိနေသဖြင့် ထိုင်းနိုင်ငံ၌ ဖွင့်လှစ်ပြုလုပ်ပေးနေသော စခန်း (၁၁)ခု၌ တရားဝင် အထောက်အထားများ ပြုလုပ်ပြီးပါက အလုပ်သမား အခွင့်အရေးများ ရရှိမည့်အပြင် လုပ်ခလစာငွေများ ကိုလည်း ဘဏ်များနှင့် ချိတ်ဆက်ကာ မြန်မာနိုင်ငံသို့ ငွေလွှဲပို့ဆောင်ပေးနိုင်မည် ဖြစ်သည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ By Khit Lu Nge

0 comments: