Monday 7 January 2013

တရုတ်ပြည် ဟေနမ်နယ်တွင် မိဘမဲ့ဂေဟာမီးလောင်၊ ကလေး ၇ ဦးသေဆုံး


ပြီးခဲ့သည့် သောကြာနေ့ နံနက်ခင်းက တရုတ်ပြည် ဟေနမ်နယ်၊ လန်ကောင်းရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ထိုအိမ်သည် မိဘမဲ့ကလေးများ စောင့်ရှောက်သည့်ဂေဟာဟု လူသိများပြီး၊ ဂေဟာ အတွင်း ကလေး ၁၀၀ ခန့်ကို အမျိုးသမီးကြီးတစ်ဦးက ထိန်းသိမ်းစောင့်ရှောက်ထားသည်ဆိုသဖြင့် ရဲဌာနမှ တာဝန်ရှိသူများအဖို့ မေးခွန်းထုတ်စရာ ဖြစ်သွားခဲ့ရသည်။ အသက် ၂၀ အရွယ်လူငယ်တစ်ယောက်နှင့်အတူ ပိုလီယိုဖြစ်နေသည်ဆိုသော ကလေးတစ်ယောက်ကို ဖက်လျက်သား အနေအထားဖြင့်လည်းကောင်း၊ အသက် ၅ နှစ်အောက် ယောက်ျားလေး ၄ ယောက်နှင့် မိန်းကလေး ၂ ယောက်တို့ မီးလောင်သေဆုံးနေသည့်အလောင်းများကိုလည်းကောင်း အခင်းဖြစ်ပွားရာ နေရာတွင် တွေ့ရှိခဲ့ရသည်ဟုဆိုသည်။ အသက် ၁၀ နှစ်အရွယ်ကလေးတစ်ယောက်မှာ မီးလောင်ဒဏ်ရာ ပြင်းထန်သောကြောင့် ကိုင်ဖန်းရှိ အမှတ် ၂ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ရသည်။ မီးသည် နံနက် ၈ နာရီခွဲအချိန်တွင် စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး၊ ထို မီးလောင်သည့်အိမ်မှာ လန်ကောင်း ဆေးရုံအနီးတွင်ဖြစ်ကြောင်း၊ မီးသတ်သမားများက နံနက် ၉ နာရီ ၁၀ မိနစ်တွင်မှ မီးကို ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ဒေသဆိုင်ရာ အာဏာပိုင်များက အခင်းဖြစ်ပွားသို့ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေကြောင်း၊ မိဘမဲ့ကလေးများနှင့် စွန့်ပစ်ခံရသည့် ကလေးများကို ယွမ် လီဟိုင်းဆိုသူ အမျိုးသမီးကြီးက ထိန်းသိမ်းစောင့် ရှောက်ထားခြင်းဖြစ်ပြီး၊ ထိုအမျိုးသမီးကို ခွင့်ပြုချက်မရဘဲ ကလေးများကို စောင့်ရှောက်သည့်ဂေဟာဖွင့်ကာ ယခုလို မီးလောင်မှုများ ဖြစ်ခဲ့ရခြင်းကြောင့် ရဲစခန်းမှာ ထိန်းသိမ်းမေးမြန်းလျက်ရှိသည်။ ယွမ် လီဟိုင်းသည် လမ်းဘေးဈေးသည်တစ်ယောက်ဖြစ်ပြီး၊ ကလေးများကို ၁၉၈၆ နှစ်ကတည်းက ထိန်းသိမ်း စောင့်ရှောက်သည့်လုပ်ငန်းကို လုပ်ဆောင်လာခဲ့ကြောင်း၊ ယမန်နှစ်အထိ သူမဂေဟာတွင် ကလေးပေါင်း ၁၀၀ ခန့် မွေးမြူစောင့်ရှောက်ခဲ့ကြောင်း၊ ကလေးအမြောက်အမြားမှာ အရွယ်ရောက်သဖြင့် ထွက်သွားကြကြောင်း၊ ကလေးပေါင်း ၃၉ ဦးသာ ယခု သူမနှင့်အတူရှိနေခဲ့ကြောင်း စစ်ဆေးသိရှိရသည်။ သူမလုပ်ဆောင်ချက်များသည် အမှန်တကယ် နာမည်ဂုဏ်တက်စေသည့် လုပ်ငန်းတစ်ခုဖြစ်သော်လည်း၊ သူမအနေဖြင့် အလှူငွေများကို လက်ခံရယူပြီး ကာလရှည်ကြာစွာ ရပ်တည်နေနိုင်သည့်အပေါ် သံသယ ၀င်စရာဖြစ်သည်ဟု စစ်ဆေးသူများကဆိုသည်။ အာဏာပိုင်များက ယခုအခါ ကလေး ၅ ဦးကို ကိုင်ဖန်းရှိ မိဘမဲ့ဂေဟာသို့ ပို့ဆောင်ပေးခဲ့ပြီး၊ ကျန်ကလေး များကိုလည်း ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သတင်းရရှိသည်။ 

 By Maukkha

0 comments: