Tuesday 15 January 2013

နိုင်ငံအတွင်း မူလတန်းပညာ ဆုံးခန်းမတိုင်သော ဒေသများတွင် တနင်္သာရီက ထိပ်ဆုံးတွင်ရှိ

မြန်မာနိုင်ငံတွင် မူလတန်းပညာ ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခြင်း မရှိဆုံးဒေသမှာ တနင်္သာရီတိုင်း ဒေသကြီး ဖြစ်ကြောင်း Heinrich Boll Alumni Association မှ ပညာရေးသုတေသန စာတမ်းရှင် ဒေါ်စန္ဒာကျော်က ပြောသည်။ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ဇန်နဝါရီလ ၆ ရက်တွင် ကျင်းပခဲ့သည့် မြန်မာ့သုတေသန ပြတင်းပိုစတာပြပွဲနှင့် ဟောပြောဆွေးနွေးပွဲတွင် ပညာရေးဆိုင်ရာ စာတမ်းရှင် ဒေါ်စန္ဒာကျော်က ယင်းကဲ့သို့ ထည့်သွင်းဖတ်ကြားခဲ့ခြင်း ဖြစ်သည်။ “ယူအင်န်ဒီပီ၊ တခြားအဖွဲ့အစည်းတစ်ခုနဲ့ လူဝင်မှုကြီးကြပ်ရေးတို့ ပူးပေါင်းထုတ်ဝေတဲ့ Indicated Household Living in Myanmar (2009-2010) အရ တနင်္သာရီတိုင်းဒေသကြီးဟာ ပညာရေး ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခြင်း မရှိဆုံးဒေသတစ်ခု ဖြစ်တယ်လို့ ပြောနိုင်ပါတယ်” ဟု ယင်းကပြောသည်။ ယင်းနှင့်ပတ်သက်၍ ထားဝယ်တက္ကသိုလ်မှ ဆရာတစ်ဦးက “ကျွန်တော်တို့ဆီမှာက ပညာရေးပိုင်း စိတ်ဝင်စားမှု အားနည်းတယ်။ မူလတန်းအဆင့်တောင် မပြီးကြဘူး။ ထိုင်းနဲ့နီးတော့ အဲဒီကိုထွက်ဖို့ပဲ အားသန်ကြတယ်။ ဟိုဘက်က တစ်နေ့လုပ်ရင် ဘတ် ၁၅၀၊ ၂၀၀ လောက်ရတယ်။ ဒီမှာလဲရတာချင်း တူပေမယ့် မစုနိုင်ဘူး။ လူနေမှုနဲ့ အပန်းဖြေ ဖျော်ဖြေရေး ပိုကောင်းတော့ သွားကြတာ များတယ်။ ထားဝယ်မှာက ရော်ဘာ၊ ဥယျာဉ်ခြံလုပ်ငန်း၊ ရေလုပ်ငန်းတွေ ရှိတယ်။ ဟိုဘက်နိုင်ငံမှာ အလုပ်လုပ် ငွေစု၊ ပြန်လာရင် ဒီမှာ ဥယျာဉ်ခြံဝယ်ပြီး ရင်းနှီးမြှုပ်နှံကြတယ်။ ပညာရေးထက်ကို ငွေရှာဖို့ပဲ စိတ်ဝင်စားကြတယ်” ဟု ဆိုသည်။ ယင်းအပြင် မြန်မာနိုင်ငံရှိ ကျောင်းများ တိုးချဲ့ဖွင့်လှစ်မှု နည်းပါးရခြင်းသည် တက်ရောက်သင်ကြားမည့် ကျောင်းသားဦးရေ မပြည့်မီခြင်း၊ ပညာဆုံးခန်းတိုင်အောင် သင်ကြားရခြင်း မရှိဘဲ ကျောင်းထွက်လိုက်ရခြင်းတို့ကြောင့် ဖြစ်ကြောင်း အဆိုပါစာတမ်းရှင်က ဆိုသည်။ ယင်းလေ့လာတွေ့ရှိချက်များ အရ ပညာဆုံးခန်းတိုင်အောင် သင်ကြားရခြင်း မရှိသည့် ကျောင်းသားများတွင် သူငယ်တန်း၊ စတုတ္ထတန်း၊ အဋ္ဌမတန်း၊ နဝမတန်း ကျောင်းသားများသည် အများဆုံးဖြစ်နေကြောင်း ယင်းစာတမ်းအရ သိရသည်ဟု ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ By Khit Lu Nge

0 comments: