Monday 21 January 2013

ပန်းခူးသွားစဉ် ကလေးငယ်သုံးဦးမိုင်းနင်းမိမှုဖြစ်ပွား

ဗန်းမော်- မန်ဝိုင်းကြီးကားလမ်းမဘေး မန်းဝိန်းကြီး စိန့်ပထရစ်ချပ်က် ဒုက္ခသည်စခန်းနှင့် ၅ မိုင်ခန့်အကွာ ကားလမ်းမဘေးတွင် ဇန်န၀ါရီလ ၂၀ ရက်ကလေးငယ်သုံးဦး ပန်းခူးသွားစဉ် မိုင်းနင်းမိမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ မိုင်းနင်းမိမှုကြောင့် တစ်ဦးမှာ နေရာ၌ပင်သေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာရရှိ၍ နမ့်ခမ်းပြည်သူ့ဆေးရုံသို့တက်ရောက်ကုသမှုခံယူခဲ့ရကြောင်း တစ်ဦးမှာ ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြောင်းသိရသည်။ အဆိုပါကလေးငယ်များမှာ ကျောင်းပိတ်ရက် ပန်းရောင်းရန် ပန်းခူးသွားစဉ် ယခုကဲ့သို့ မိုင်းနင်းမိမှုဖြစ်ပွားခဲ့ကြောင်း၊ မိုင်းနင်းမိသည့် ကလေးငယ် သုံးဦးစလုံး အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားကလေးများဖြစ်ကြောင်းသိရသည်။ “ပန်း သွားခူးကြတာ အနွေးထည်မရှိလို့ ၀ယ်ဖို့ဆိုပြီး၊ အခု လက်နဲ့ပေါင်နဲ့လှုပ်လို့မရဘူး”” ဟု မိုင်းနင်းမိ၍ နမ့်ခမ်းဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူရသူ ကလေးငယ် ဆန်မိုင်ကပြောသည်။ မိုင်းနင်းမိမှုကြောင့် ၄င်းသည် ဦးခေါင်း ၊ လက်၊ ၀မ်းဗိုက်နှင့် တင်ပါးတို့တွင် ဒဏ်ရာများရရှိခဲ့ပြီး ဗုံးဆံစ ၂၀ ခုကျော် ထုတ်ယူခဲ့ရကြောင်း နမ့်ခမ်းပြည်သူ့ဆေးရုံ တာဝန်ကျ သူနာပြု ဆရာမတစ်ဦးကပြောသည်။ အဆိုပါအရပ်ဒေသ၌ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်နှစ်ခုစလုံးရှိသဖြင့် မိုင်းမှာ မည်သည့်ဖက်က ထောင်သည့်မိုင်းမှန်း မပြောတတ်သော်လည်း ယခုကဲ့သို့ မိမိကလေးငယ်မိုင်းနင်းမိသည့် ဖြစ်စဉ်အပေါ် များစွာဝမ်းနည်းမိကြောင်း အဆိုပါ ကလေးငယ်၏ဖခင် ဦးဂွန်မိုင်ကဆိုသည်။ “ အခုဒီလိုဖြစ်လာ( တိုက်ပွဲများဖြစ်နေခြင်းကို ဆိုလိုခြင်းဖြစ်) တော့ အရင်ကလိုတောင်ယာလည်းကောင်းကောင်းမလုပ်နိုင်တော့ စီးပွားရေးအဆင်မပြေတော့ဘူး။ စီးပွားရေးကျပ်တည်းချိန် ဒီလိုကလေးတွေက ပန်းခူးရောင်းရတော့ အခုလိုဖြစ်လာတာ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။ အရမ်းဝမ်းနည်းတာပဲ”” ဟု ၄င်းကပြောသည်။ အဆိုပါ နေရာသို့ လူကြီးမိဘများမှ ကလေးငယ်များအား သွားစေခိုင်းခြင်းမရှိသော်လည်း ကလေးငယ်များမှာ တရုတ်ပြည်သို့ရောင်းချရာတွင် ဈေးကောင်းရသည့်အတွက် ပန်းခူးရန် အဆိုပါနေရာသို့သွားလေ့ရှိကြခြင်းဖြစ်ကြောင်း ၊ ပန်းမှာ သစ်ခွအနွယ်ဝင်ပန်းတစ်မျိုးဖြစ်ပြီး တစ်ပိဿလျှင် တရုတ်ငွေ ၅ ထောင် ( မြန်မာငွေ ၇ သောင်းခန့်) ရရှိကြောင်းသိရသည်။ By Popular Myanmar News

0 comments: