Wednesday 19 December 2012

လက်မှတ်မရှိသူတွေ မဖမ်းဘဲ ထိုင်းက ဆိုင်းထားမယ်

ထိုင်းနိုင်ငံရောက် မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေထဲက တရားဝင် လက်မှတ် မရှိတဲ့သူတွေကို ထိုင်းအာဏာပိုင်တွေက မဖမ်းဆီးသေးဘဲ ၃ လလောက် ရပ်ဆိုင်းထားပေးဖို့ စဉ်းစားဆောင်ရွက်နေတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံသားအများစုပါဝင်တဲ့ ထိုင်းနိုင်ငံက နိုင်ငံခြားသား အလုပ်သမားတွေထဲက အလုပ်လုပ်ခွင့် လက်မှတ် မရှိတဲ့သူ နိုင်ငံကူးလက်မှတ် မရှိတဲ့သူတွေဟာ လွန်ခဲ့တဲ့ ၁၄ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် အလုပ်လုပ်ခွင့် မရှိတော့ဘူး။ အဲဒိလိုထိုင်းနိုင်ငံမှ လက်မှတ် မရှိတော့တဲ့သူတွေထဲမှာ မြန်မာနိုင်ငံသားက တစ်သန်းလောက်ရှိပြီး လောနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေက သိန်းချီရှိမယ်လို့ ခန့်မှန်း ပြောဆိုမှုတွေ ရှိပါတယ်။ အဲဒီအလုပ်သမားတွေကို အဓမ္မဖမ်းဆီးပြီး နယ်စပ်ကို ပြန်ပို့မယ်ဆိုရင် အလုပ်သမားတွေလည်း အခက်အခဲရှိမယ် ဒါကြောင့် ထိုင်းနိုင်ငံအတွင်းမှာ မြန်မာအစိုးရက နိုင်ငံကူးလက်မှတ် ထုတ်ပေးချင်တယ်လို့ မြန်မာအလုပ်သမားဝန်ကြီးဌာနက တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်က ထိုင်းဝန်ကြီးချုပ် ယင့်လတ်ခ် ချင်န၀ပ် မြန်မာနိုင်ငံကို သွားတုန်းက သမ္မတဦးသိန်းစိန်က ဒီအလုပ်သမားအရေးကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒီလိုသာဖမ်းပို့ရင် ထိုင်းစီးပွားရေးကိုလည်း အနှောက်အယှက်ဖြစ်နိုင်တယ်လို့ ထိုင်းကုန်သည်ကြီးများအသင်းက ပြောပြီး ဖမ်းဆီးမှုတွေကို ယာယီရပ်ဆိုင်းထားဖို့ ထိုင်းအစိုးရကို တောင်းဆိုခဲ့ပါတယ်။ ၃ လလောက် အချိန်ပေးပြီး အလုပ်သမား ပြဿနာဖြေရှင်းဖို့က ဘယ်ပုံစံနဲ့လုပ်မယ်၊ ဥပဒေကြောင်းအရ လုပ်လို့ရမယ် မရဘူးဆိုတာတွေကို သက်ဆိုင်တဲ့ အစိုးရ၀န်ကြီးဌာနတွေ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ရဦးမယ်၊ မကြာခင်မှာ အတိအကျ ပြောနိုင်လိမ့်မယ် ဒါ့အပြင် လက်မှတ်မဲ့သူတွေကို ဖမ်းဆီးမှု ၂ လောက် ရပ်ဆိုင်းပေးထားပေးဖို့ အလုပ်သမားဝန်ကြီးဌာနက စဉ်းစားဆောင်ရွက်နေတယ်လို့ ညွန်ကြားရေးမှူးချုပ် ခီးယန်းဖွန်က ရှင်းပြခဲ့ပါတယ်။ ထိုင်းနိုင်ငံရောက် လက်မှတ်မဲ့ အလုပ်သမားအရေး ဘယ်လိုဖြေရှင်းမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ ပြီးခဲ့တဲ့ ကာလတုန်းကတော့ မြန်မာအလုပ်သမား ၁၂ သိန်းကျော်ကို မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးထားခဲ့ပြီဖြစ်ပါတယ်။ တခါ မြန်မာနိုင်ငံကနေ အခုမှ ထိုင်းကိုလာအလုပ်လုပ်မယ့်သူတွေကတော့ အိမ်အိုယူ သဘောတူညီချက်အရ နိုင်ငံကူးလက်မှတ်နဲ့ လေယာဉ်နဲ့ဖြစ်ဖြစ်၊ နယ်စပ်ကဖြစ်ဖြစ် လာရောက် အလုပ်လုပ်ခွင့်ရှိပါတယ်။ အဲဒီလို တရားဝင်လာတော့ ခိုးဝင်လာတာထက် အန္တရာယ်ကင်းပြီး ကန်ကျစရိတ်လည်း သက်သာတယ်လို့ အလုပ်သမားအရေးလုပ်ဆောင်နေသူတွေက ပြောကြပါတယ်။ By BBC

0 comments: