Monday 1 October 2012

အမရပူရ မြို့နယ်ရဲစခန်းမှ အပြစ်မဲ့ကလေးအား လျှပ်စစ်ကျင်စက်ဖြင့် တို့ကာ အတင်းအဓမ္မ ဖြောင့်ချက်တောင်းဆို

မန္တလေးတိုင်း၊ အမရပူရမြို.နယ် ၊ အမှတ်(၄၅) ရတနာ့ဂူ ဘုရားလမ်း ငွေတိုးကျေးရွာအုပ်စုတွင် နေထိုင်သော ကျွန်မ မချိုမာရီ၏ သားမောင်မင်းသိန်း အသက် (၁၆)နှစ် ဖြစ်သူကို အမရပူရ ရဲစခန်းမှ ၂၃.၉.၂၀၁၂ ရက်နေ့ နံက်(၃) နာရီခန့် တွင် ခဏလိုက်ခဲ့ပါ ဟု ခေါ်ဆောင်သွားပြီး ဖမ်းချုပ်ထားပါသည်။ ကျွန်မ မချိုမာရီမှ အမရပူရ ရဲစခန်းသို့လိုက်သွားရာတွင် သားဖြစ်သူ မောင်မင်းသိန်း၏ သူငယ်ချင်းများဖြစ်ကြသော မောင်ကိုဦး၊ မောင်မင်းမောင်၊ မောင်ထက်ထက်နိုင်၊ မောင်မော်စီတို့ကိုလည်း ဖမ်းချုပ်ထားကြောင်း၊ ၎င်းတို့၏ မိဘများနှင့် တွေ့ရှိပြီး အတူတူ ဖမ်းချုပ်ထားကြောင်း သိရပါသည်။ ၂၃.၉.၂၀၁၂ ရက်နေ့ (၉) နာရီခန့်တွင် မောင်ကိုဦး၊ မောင်မင်းမောင်၊ မောင်မင်းသိန်းတို့ကို စခန်းမှူး ဦးသန်းစိုးနှင့် ရဲတပ်ကြပ် ဦးစိန်ဌေးတို့မှ ၊ ဆိုင်ကယ် လေထိုးပိုက် ကြိုးဖြင့် အကြိမ်ပေါင်းများစွာ ရိုက်နှက်ပြီး လျှပ်စစ်ကျင်စက်ဖြင့် အကြိမ်ပေါင်းများစွာ တို့ကာ စစ်ဆေးသောကြောင့် ကျွန်မ၏သား မောင်မင်းသိန်းနှင့် သူငယ်ချင်းများမှာ အစာမစားနိုင်၊ ရေမသောက်နိုင်ဘဲ မျက်နှာတွင်လည်း ဖူးရောင်ကာ မောင်မင်းသိန်းမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာဖြင့် အချုပ်ခန်းထဲတွင်လဲ နေပါသည်။ မောင်မင်းသိန်းနှင့် သူငယ်ချင်း(၄) ယောက်အား မတရားနှိပ်စက် ညှင်းပန်းပြိး မေးမြန်းခဲ့သည်မှာ ၁၅. ၉. ၂၀၁၂ ရက်နေ့ ရတနာ့ဂူဘုရားပွဲ နောက်ဆုံးနေ့တွင် ဖြစ်ပွားခဲ့သော လူသတ်မှုတွင် ပါဝင်ခဲ့သည်ဟု ၀န်ခံရန်နှင့် ၀န်မခံပါကထပ်မံပြီး လျှပ်စစ်ကျင်စက်ဖြင့် တို့မည်ဟု မဟုတ်သည်ကို ၀န်ခံရန် ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော်တို့မှာ ထပ်မံနှိပ်စက်မည်ကို ကြောက်ရွံ.သောကြောင့် ကွန်တော်တို့ မကျုးလွန်သည့် ပြစ်မှုကို ကျူးလွန်ခဲ့ပါသည်ဟု ၀န်ခံခဲ့ရပါသည်။ အထက်ပါဖြစ်ရပ်များကို ၂၄.၉.၂၀၁၂ ရက်နေ့ ညနေ (၅) နာရီ အချိန်တွင် ပြန်လွတ်လာသူ မောင်ကိုဦး၊ မောင်မင်းမောင်၊ မောင်ထက်ထက်နိုင်၊ မောင်မော်စီတို့၏ ပြောပြချက်အရ ကျွန်မ မချိုမာရီမှ သိရှိရပါသည်။ ထို့ပြင် ကျွန်မ၏သားဖြစ်သူ မောင်မင်းသိန်းမှ ၁၅.၉.၂၀၁၂ ရက်နေ့ (ရတနာ့ဂူဘုရားပွဲ နောက်ဆုံးနေ့)တွင် ကျွန်တော်တို့ သူငယ်ချင်းများ စိန်မြို့လယ် ဇာတ်ပွဲရုံတွင် ရောက်ရှိနေပါသည်ဟု ပြောသော်လည်း စခန်းမှူး ဦးသန်းစိုးနှင့် တပ်ကြပ် ဦးစိန်ဌေးတို့မှ မတရားနိပ်စက်ညှင်းပန်းသဖြင့် ကျွန်မ၏ သားဖြစ်သူ မောင်မင်းသိန်းမှာ မကျုးလွန်သည့်ပြစ်မှုကို ကျုးလွန်ပါသည်ဟု ဖြောင့်ချက်ပေး ၀န်ခံခဲ့ရခြင်းဖြစ်ပါသည်။ ထို့ကြောင့် ယခု အချိန်တွင် ကျွန်မ၏ သားဖြစ်သူ မောင်မင်းသိန်းမှာ ရုံးတော်တွင် အမှုရင်ဆိုင်နေရပါသည်။ အသက် (၁၆) နှစ်သာ ရှိသေးသည့် ကျွန်မ၏သား မောင်မင်းသိန်း၏ မတရားညှင်းပန်းနှိပ်စက်ခံရသောဖြစ်ရပ်မျိုး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအတွင်းတွင် နေထိုင်ကြသော သားသမီးရှိသူ မိဘများ သိရှိစေရန်နှင့် နောက်နောင် ကျွမ၏ သားကဲ့သို့  ဖြစ်ရပ်မျိုး မဖြစ်ရလေအောင် အသိပေး တင်ပြအပ်ပါသည်။ ဒေါ်ချိုမာရီ ၉/အမရ(နိုင်) ၀၇၆၈၄၁ အမှတ်(၄၅) ရတနာ့ဂူဘုရားလမ်း ငယ်တိုးကျေးရွာအုပ်စု အမရပူရမြို့နယ်။ သစ်ထူးလွင်

0 comments: