Monday 17 September 2012

ယောက်ျား၏ဆုံးဖြတ်ချက်ကြောင့် အမျိုးသမီးများ HIV ကူးစက်ခံရနှုန်းမြင့်

အမျိုးသမီးများ အိတ်ခ်ျအိုင်ဗွီအေအိုင်ဒီအက်စ်ကူးစက်ခံရနှုန်းမြင့်မားလာရခြင်းမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု များကြောင့်ဖြစ်သည် ဟု ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ အမျိုးသမီး ဥက္ကဌက ဆိုသည်။

''အမျိုးသမီးတွေက သူတို့ရဲ့အိမ်ထောင်ဖက် ဒါမှမဟုတ် လိင်ဆက်ဆံဖေါ်တွေနဲ့ ဆက်ဆံတဲ့အခါ အဲ့ဒီလူမှာ ရောဂါရှိမှန်းသိရက်နဲ့လည်း အကာအကွယ်မဲ့ ဆက်ဆံခံနေရတယ်၊ ဒါကြောင့်မလိုလား အပ်တဲ့ ရောဂါကူးစက်မှုတွေ ပိုပြီးများလာတယ်''ဟု ကရင်အမျိုးသမီးများဖွံ့ဖြိုးရေးတိုးတက်ရေး အဖွဲ့ ဥက္ကဌ ဒေါ်ဆူဇန်နာလှလှစိုးက ပြောသည်။

မြန်မာနိုင်ငံတွင် HIV/AIDS ကူးစက်ပျံ့ပွားမှုများပြားလာသော်လည်း အမျိုးသမီး လိင်လုပ်သား များနှင့် အိမ်ထောင်ရှင် အမျိုးသမီးများမှာ မိမိတို့၏လိင်ဆက်ဆံဖေါ်များနှင့် ဆက်ဆံရာတွင် ကွန်ဒုံးအသုံးပြုမှုနည်းပါးနေဆဲပင်ဖြစ်သည်။

''များသောအားဖြင့် အမျိုးသမီးတွေက ရောဂါကာကွယ်ရေးအသိပညာကို မသိကြတာများတယ်၊ သိတဲ့သူကလဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်မချနိုင်ဘူး၊ ယောက်ျားရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ပြုလုပ်နေကြတာ၊ ဒါကြောင့်သိသိကြီးနဲ့ ကူးစက်ခံနေရတာ'' ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

HIV/AIDS ကူးစက်ပျံ့ပွားမှုအများဆုံးမှာ ကျေးလက်ဒေသများတွင် အများဆုံးဖြစ်ပွားနေပြီး ထိုကဲ့ သို့ဖြစ်ပွား နေရခြင်းမှာလဲ ၄င်းဒေသများတွင် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ လုပ်ဆောင် ပေးမှုနည်းပါးခြင်းကြောင့်ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ လေ့လာတွေ့ရှိချက်များအရ အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှာ ကူးစက်ပျံ့ပွားမှု အများဆုံးဖြစ်ပွားနေသောနိုင်ငံများဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် ကျေးလက်ဒေသများနှင့် ဖွံ့ဖြိုးမှုနိမ့်ပါးသောအရပ်ဒေသများတွင် ကူးစက်ပျံ့ပွားမှု ကာကွယ်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ထိရောက်စွာပြုလုပ်ပေးနိုင်လျှင် ရောဂါပျံ့ပွားမှု လျှော့နည်းသွားနိုင်မည်ဟု HIV/AIDS နှင့်ပတ်သက်၍ ကျွမ်းကျင်သော ပညာရှင်များက သုံးသပ်သည်။

HIV ပိုးကူးစက်ခံရသူများသည် အချိန်မှီဆေးကုသမှုခံယူသင့်ကြောင်းနှင့် ကြောက်စရာ ရှက်စရာမလိုပဲ ဆေးသောက်သုံးလျှင် လူ့သက်တမ်းစေ့နေနိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများ လုပ်ကိုင်နေသူများထံက သိရှိရသည်။

ပို့းကူးစက်ခံရသူများသည် ART ဆေးဝါးများကို အမြန်ဆုံးသောက်သုံးရန် လိုအပ်ကြောင်းနှင့် အဆိုပါ ART ဆေးဝါးရရှိရန် အတွက်လည်း ဆေးပေးနိုင်သည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး နည်းလမ်းတကျ သောက်သုံးနိုင်မှသာ ကာကွယ် တားဆီးနိုင်မည်ဖြစ်သည်။

အဆိုပါ ART ဆေးဝါးများသောက်သုံးရာတွင်လည်း အမျိုးအစားပေါင်းစုံရှိသည့်အတွက် ဆေးဝါးတိုင်းမှာ ပိုးရှိသူတိုင်းနှင့် မတည့် သဖြင့် မိမိနှင့် သင့်တော်သောဆေးဝါးများကိုသာ ပညာရှင်တို့၏ လမ်းညွှန်မှုဖြင့် စမ်းသပ်သောက်သုံးသင့်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ပိုးကူးစက်ခံရနှုန်းကျဆင်းနေသည်ဟု ဆိုနိုင်သော်လည်း အမျိုးသမီးလိင် လုပ်သားများ၊ ယောက်ျားချင်း လိင်ဆက်ဆံသည့်သူများ၊ မူးယစ်ဆေးထိုးသွင်းသုံးစွဲသူများ အကြားတွင် ယနေ့ထိတိုင်ကူးစက်နှုန်းမြင့်မားလျက် ရှိနေဆဲဖြစ်ကြောင်းကျမ်းမာရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ချက် များအရ သိရှိရသည်။
နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )

0 comments: