Monday 17 September 2012

အမျိုးသမီးအခွင့်အရေးကာကွယ်သည့်ဥပဒေတွင် ပါးတစ်ချက် ဒဏ်ငွေတစ်သောင်းဖြင့် ကျေနပ်မနေသင့်

မြန်မာနိုင်ငံ၏အမျိုးသမီးအခွင့်အရေးကာကွယ်ပေးမှုဥပဒေတွင်လွဲချော်မှုများရှိနေသေးကြောင်းလူမှုရေးအသိုင်းအဝိုင်းက ထောက်ပြပြောဆိုကြသည်။

အဆိုပါလွဲချော်မှုမှာလူတစ်ဦးအားကိုယ်ထိလက်ရောက်စော်ကားရာတွင်ဒဏ်ငွေတစ်ထောင်မှ တစ်သောင်းသို့ ပြင်ဆင်ပြောင်းလဲ သတ်မှတ်မှုနှင့် သက်ဆိုင်ကြောင်းကိုလည်း သိရှိရသည်။

''လူတစ်ယောက်ကိုပါးရိုက်ရင်ဒဏ်ငွေတစ်သောင်းဒဏ်တပ်ခံရရုံနဲ့အဲ့လိုအဖြစ်မျိုးဖြစ်လာဖို့နည်းသွားမယ်လို့မထင်ဘူး၊ ပိုက်ဆံရှိတဲ့သူကတော့'တန်တယ်'ဆိုပြီးတွေးနေဦးမှာပဲ''ဟုကရင်အမျိုးသမီးများဖွံ့ဖြိုးရေးအဖွဲ့မှဥက္ကဌဒေါ်ဆူဇန်နာ လှလှစိုးက ပြောသည်။

ယင်းကဲ့သို့ အပြစ်ဒဏ် ( ငွေဒဏ် ) ချမှတ်ခြင်းထက် လူမှုအဖွဲ့အစည်းများတွင် ပါဝင်လုပ်ကိုင်ရန် ''လူမှုရေး ပြစ်ဒဏ်'' ချမှတ်ပေးခြင်းက ပိုမိုအကျိုးသက်ရောက်မှုရှိနိုင်ကြောင်းကိုလည်း ၄င်းက ထောက်ပြ ပြောဆိုသည်။

ထိုကဲ့သို့ပြစ်ဒဏ်မျိုးနှင့်ပတ်သက်၍လွှတ်တော်အတွင်း၌ဆွေးနွေးမှုများရှိနေသော်လည်းပြည်သူများကြားတွင် တရားဝင်ကြေညာထားခြင်း မရှိသေးကြောင်း သိရသည်။


“ဒီကိစ္စကိုတော့မျှတမှုမရှိသေးဘူးလို့ထင်တယ်၊ဘာလို့လဲဆိုတော့လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကိုငွေကြေးနဲ့ တန်ဖိုးမဖြတ်သင့်ဘူးလို့ ကျွန်မအနေနဲ့ ယူဆတယ်'' ဟု အမျိုးသမီးတစ်ဦးဖြစ်သူ မဖြူဖြူက ပြောသည်။

ကိုယ်ထိလက်ရောက်စော်ကားခံရမှုနှင့်ပတ်သက်၍၂ဝ၁ဝပြည့်နှစ်အလယ်ပိုင်းကဖြစ်ပွားခဲ့သောနာမည်ကျော်ရုပ်ရှင် သရုပ်ဆောင်တစ်ဦးကပြည်တွင်းသတင်းထောက်တစ်ဦးကိုလူမြင်ကွင်းတွင်ပါးရိုက်ခဲ့မှုကြောင့်တရားရုံးကကျူးလွန်သူ သရုပ်ဆောင်အား ငွေဒဏ် ၁ဝဝဝ ကျပ် ( သို့ ) ထောင်ဒဏ် (၃)လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ဖူးကြောင်း သိရသည်။

အမျိုးသမီးများအားကာကွယ်ပေးသည့်ဥပဒေသစ်ပေါ်ထွက်လာရန်လာမည့်ပဉ္စမလွှတ်တော်အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းထံက သိရသည်။
ဥာဏ်ဥာဏ် ( မြစ်မခ )

0 comments: