Tuesday 4 September 2012

လူကုန်ကူးခြင်း တားဆီးကာကွယ်ရေး သင်တန်း အခမဲ့သင်ကြားပေးမည်


မြန်မာအမျိုးသမီးများ အတွက် လူကုန်ကူးခြင်း တားဆီးကာကွယ်ရေး သင်တန်းများကို ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Karen Women Action Group) က အခမဲ့ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသမီးများ အနေဖြင့် လူကုန်ကူးခံရခြင်းနည်းလမ်းသစ်များမှ ကာကွယ်နိုင်ရန် အတွက် အဆိုပါ သင်တန်းများကို ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

"အခုနောက်ပိုင်း လူကုန်ကူးတဲ့နည်းက တဖြည်းဖြည်း ပုံစံတွေ ပြောင်းပြီးစည်းရုံးလာကြတာ တွေ့ရပါတယ်။ အဲဒါတွေကြောင့် နယ်မြေဒေသလေးခု အပြင် လူကုန်ကူးမှုအများဆုံးခံရသော ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ကိုပါ ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အသိဥာဏ်မြှင့်တင်ရေး သင်တန်းတွေ၊ လူကုန်ကူးခြင်းမှ ကာကွယ်ရေးသင်တန်းတွေကိုပါ သင်ကြားပေးနေပါတယ်။ သင်တ်းတစ်ကြိမ်မှာ ပျမ်းမျှ ၃၀ မှ အချို့ရွာတွေဆို ရာချီပြီး သင်တန်းပေးနေပါတယ်" ဟု (Karen Women Action Group)မှ အထွေထွေ အတွင်းရေးမှူး ဒေါ်စူစဲနာလှလှစိုးက ပြောသည်။

အဆိုပါ အဖွဲ့သည် နယ်မြေဒေသလေးခုဖြစ်သော ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မြစ်ဝကျွန်းပေါ် ဒေသရှိ ဟင်္သာတ၊ လပွတ္တာ၊ ပဲခူးတိုင်းဒေသကြီးရှိ အင်းတကော်နှင့် ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့တို့တွင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လူကုန်ကူးခံရသော အမျိုးသမီးငယ်အများစု ဆင်းရဲကျပ်တည်းသော မိသားစုဝင်များမှ မွေးဖွာလာသူများ ဖြစ်ပြီး အရွယ်မရောက်သေးသော ကလေးငယ်များကိုလည်း ပစ်မှတ်ထားလာကြောင်း သိရသည်။

"ဆင်းရဲပြီး မသိနားမလည်တဲ့ အမျိုးသမီးငယ်တွေကို လူကုန်ကူးသူတွေက ပစ်မှတ်ထားကြသလို ပစ်မှတ်ထားကြတယ် ထင်ပါတယ်" ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

"ကျေးလက်တွေမှာ သာမကမြို့ပြရှိ ပညာတတ်အမျိုးသမီးတွေလဲ ဒီတင်တန်းတွေ တက်ထား သင့်ပါတယ်။ လူကုန်ကူးတဲ့သူတွေက ပစ်မှတ်အမျိုးမျိုး ပြောင်းလာလိမ့်မယ်ထင်ပါတယ်။ ပညာတတ် အမျိုးသမီးတွေကို နိုင်ငံခြားမှာ အလုပ်သွားလုပ်ရမယ်ဆိုပြီး လူကုန်ကူးမှုတွေ ရှိလာနိုင်ပါတယ်။ နယ်ကတက်လာပြီး အိမ်ဖော်လာလုပ်တဲ့ မိန်းကလေးတွေကိုလဲ အသိပညာတွေ ပေးထားသင့်ပါတယ်" ဟု အသက် (၂၅)နှစ် အရွယ် မနှင်းလွှာဖြူက ပြောသည်။

ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (Karen Women Action Group) မှ အမျိုးသမီးများ အဖွဲ့သည် ၂၀၁၃ ခုနှစ် မတ် ၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး 'အမျိုးသမီးများနှင့် ကလေးငယ်များ အတွက် ပိုမိုလှပသော အနာဂတ်ကို တည်ဆောက်ရန်' ရည်ရွယ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအဖွဲ့မှ အမျိုးသမီးများစီမံခန့်ခွဲ ခေါင်းဆောင်နိုင်မှု စွမ်းရည်သင်တန်းများ၊ အသေးစား ငွေစု ငွေချေးလုပ်ငန်းသင်တန်းများ၊ လုံခြုံစိတ်ချ မိခင်ဘဝ စကားဝိုင်းများနှင့် ကလေးငယ်များအတွက် ကျောင်းစရိတ် ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ သင်တန်းကို တက်ရောက်လိုသူများ အနေဖြင့် ဖုန်း ၀၉-၈၅၇၈၁၇၅ နှင့် ၀၁-၇၂၁၂၅၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

0 comments: