Friday 14 October 2011


ပိုပို ဆိုတဲ့ မိန်းကလေးဟာ အလွန် ချစ်စရာကောင်းသလို သွက် သွက်လက်လက်လဲ ရှိပါတယ်။ သူ့မှာ ပြောစရာစကား တွေ အမြဲရှိနေတတ်ပါတယ်။ သိတဲ့လူတိုင်းကို သူကပဲ အရင်လိုက်နှုတ်ဆက်တတ်ပါတယ်။ အခုခေတ် မိန်းကလေးတွေ က ကိုယ့်ကိုယ်ကို တအားပိန်ချင်နေတဲ့အချိန်မှာ သူက ဝဝလေးပဲ နေချင်တယ်လို့ ပြောတတ်ပါတယ်၊၊ သူက ပိန်လွန်း ရင်မလှဘူးလို့ အမြဲပြောတယ်။သူ့ကိုယ်လုံးက ပြည့်ပြည့်ဖြိုးဖြိုးလေးပါ။ သူ့ပုံလေးက တော်တော်ချစ်စရာကောင်းပါတယ်။ သူဟာ အမြဲပြုံးနေတတ်တယ်။

သူဟာ လူစည်တဲ့နေရာကို သဘောကျတယ်။ စကားပြောရတာကို ဝါသနာပါတယ်။ လူများတဲ့ နေရာကမှ သူ့အတွက် လုံခြုံတယ်လို့ သူထင်တယ်။ အားလုံးကလဲ သူတယောက်ကတော့ ပျော်ရွှင်နေသူလို့ပဲ ထင်နေကြတယ်။ တကယ်တော့ သူဟာ စိတ်ဆင်းရဲနေသူပါ။ သူဟာ သူ့ရဲ့ အတိတ်အကြောင်းကို သူများမေးလာမှာ စိုးရိမ်နေသူလေးပါ။ ဒါကြောင့် သူ ဟာ အတိတ်ကို မေ့နေအောင် သူများတွေနဲ့ ရယ်လိုက်မောလိုက၊် စကားလိုက်ပြောနေရှာတာပါ။

ပိုပိုဟာ ညအမှောင်ကို ကြောက်တယ်။ တယောက်တည်း အခန်းထဲ နေရမှာကို ကြောက်တယ်။ သူတယောက်တည်း နေရင် သူ့ဘဝအတွက် ကြောက်ဖက်ဖွယ်ဖြစ်ခဲ့တဲ့ ညကို ပြန်မြင်ယောင်လာတတ်တယ်၊။ ပိုပို ဟာ ဆယ်တန်း မအောင် ခဲ့ပါဘူး။ ဒါကြောင့် ရွာက သူငယ်ချင်းအဖော်တစုနဲ့ မြို့တက် အလုပ်ရှာကြတယ်။ သူတို့တတွေဟာ အထည်ချုပ်စက်ရုံ မှာ အလုပ်ရတယ်။ ပိုပို အိမ်မှာနေတုန်းက အပ်ချုပ် သင်ခဲ့ဖူးလို့ အလုပ်ကို ခဏလေးနဲ့ ကျွမ်းကျင်လာပါတယ်။ တရက် ကို ဆယ်နာရီလောက် အလုပ်လုပ်တယ်။ အလုပ်ခေါင်းရဲ့ အဆူအငေါက်ခံရတာရှိပေမယ့် သူဟာ ဒီအလုပ်မှာ ပျော်နေပါ တယ်။ ဒီလို မြို့ကြီးမှာ နေဖို့စားဖို့နေရာလေးရဖို့ဆိုတာ မလွယ်ဘူး မဟုတ်လား။ လအချို့ရှိတော့ အိမ်ကို ငွေပို့နိုင်ပြီ။ ငွေ အရည်အတွက် နည်းပေမယ့်လဲ ကိုယ့်လုပ်အားခဆိုတော့ ပိုပိုတယောက် ပျော်နေပါတယ်။ ပိုပိုဟာ အဆိုအကနဲ့ စာဖတ် ဝါသနာပါတယ်။ တနေ့မှာ တက္ကသိုလ် ကျောင်းသူတယောက် ဖြစ်လာနိုင်တယ်လို့ မျှော်လင့်နေရှာသူပါ။ ဒါကြောင့် သူ ဟာ အချိန်ရတိုင်း ရတတ်သမျှ စာတွေ ဖတ်တယ်။ အင်္ဂလိပ်စာကို ပိုဖတ်တယ်။ အင်္ဂလိပ်စကား တခွန်းပိုတတ်လာတိုင်း သူအတိုင်းမသိ ဝမ်းသာနေတတ်တယ်။

ပိုပို အလုပ်လုပ်နေရင်း စက်ရုံထဲမှာ အလုပ်လာလုပ်နေတဲ့ တဝမ်းကွဲ အမနဲ့တွေ့တယ်။ အမတော်ပေမယ့် ရွာတုန်းက မ တွေ့ဖူးဘူး။ အမက ကာရာအိုကေ တခုမှာ အလုပ်လုပ်တယ်။ အမ ဝင်ငွေက မဆိုးသလို စိတ်ကောင်းလဲ ရှိတယ်။ အား လုံးကို ခင်တတ်တယ်။ ပိုပိုနဲ့ သူ့ရွာက မိန်းကလေးတွေကို အဝတ်အစားတွေ အမြဲဝယ်ပေးတယ်။ ရပ်ဝေးမြေခြား မြို့တ မြို့မှာ ကိုယ့်ကို ဂရုစိုက်တဲ့ အမ တယောက်ရတဲ့အတွက် ပိုပိုတယောက် အရမ်းပျော်နေတာပေါ့။ ဝမ်းနည်းဝမ်းသာ ကိစ္စ အားလုံးကို အမနဲ့ တိုင်ပင်တယ်။ အမကလဲ ပိုပိုကို အမြဲ အားပေးစကား ပြောတယ်။ အခက်အခဲရှိရင်လဲ အမြဲကူညီ တယ်။ ဒီလိုနဲ့ သူ ဒီမြို့မှာ တနှစ်လောက် ကြာသွားတယ်။

တရက်မှာ ပိုပိုဟာ ခါတိုင်းလိုပဲ မနက်အလုပ်တက်ဖို့ လာခဲ့တယ်။ စက်ရုံရောက်မှ မကြာခင် စက်ရုံပိတ် တော့မယ်ဆို တာကို သိရတယ်။ ပိုပို့မှာ ဒီသတင်းဟာ သူနားကြားလွဲတာ ဖြစ်ပါစေလို့ ဆုတောင်းနေမိတယ်။ ဒီသတင်း ဟုတ်မဟုတ် ဆိုတာကို မမေးရသေးခင်မှာဘဲ စက်ရုံက အကြောင်းကြားလာပါတယ်။ သူတို့ အလုပ်သမားအားလုံး သုံးရက်အတွင်း ဒီ စက်ရုံကနေ ထွက်ရမယ် ဆိုပဲ။ ဒီသတင်းဟာ ပိုပိုနဲ့ တခြားမိန်းကလေးတွေအတွက်ကတော့ နေပူကြီးထဲ မိုးကြိုးပစ်ခံ လိုက်ရသလိုပါပဲ။ ဘယ်လိုလုပ်ကြမလဲ၊ အိမ်ပြန်ကြမလား။ အိမ်ပြန်တော့ကော ဘာလုပ်ကြမလဲ။ တချို့ကတော့ ရွာပြန် အိမ်ထောင်ပြုတော့မယ်တဲ့။ ပိုပိုက အိမ်ထောင်မပြုချင်သေးဘူး။ အိမ်အတွက် ငွေရှာချင်သေးတယ်။ သူ အမကို သတိရ လာတယ်။ အမက သူ့ကို အကြံကောင်းတွေ ပေးကောင်း ပေးနိုင်လိမ့်မယ်လို့ပေါ့။

သူ့အမက သူတို့တတွေကို စိတ်မပူဖို့ ပြောပါတယ်။ သူတို့တွေကို အလုပ်ရအောင် ရှာပေးမယ်လို့လဲ အာမခံနေပါတယ်။ ဒါကိုသိရတဲ့ ပိုပိုနဲ့သူ့သူငယ်ချင်းတွေဟာ အမကို အရမ်းကျေးဇူးတင်နေမိတယ်။ သူတို့ စက်ရုံကထွက်ခဲ့တဲ့နေ့မှာပဲ အမ ဆီက သူတို့ အလုပ်ရပြီဆိုတာကို သိရတယ်။ ဒါပေမဲ့ အလုပ်က ဒီမြို့မှာမဟုတ်ပါဘူး။ ဒီမြို့နဲ့ တော်တော်လှမ်းတယ် ပြောတယ်။ လုပ်ရမယ့်အလုပ်က ထမင်းဆိုင် အလုပ်သမား၊ လခကလဲ မဆိုးဘူး။ ပိုပိုဟာ သူ့မိဘတွေကို အကြောင်း ကြားပေးဖို့ အသေအချာမှာပြီး တခြားမိန်းကလေးတွေနဲ့ အလုပ်လုပ်ဖို့ ထွက်လာခဲ့တယ်။ သူတို့တွေကို အမကိုယ်တိုင် ပို့မှာမို့ သူတို စိတ်အေးလက်အေးပဲ လိုက်ခဲ့ကြတယ်။

ပိုပိုတို့ စီးလာတဲ့ကားဟာ တောင်တွေကို အခေါက်ခေါက်အခါခါ ကွေ့ပတ်တက်ပြီး တနေကုန် မောင်းလာတယ်။ နေ့ လယ်စာ လမ်းမှာပဲ စားကြတယ်။ ညနေစောင်းတော့ မြို့ငယ်လေးတခုကို ရောက်လာတယ်။ ဒီည ဒီမြို့မှာ အိပ်ရမယ်လို့ ပြောပါတယ်။ သူ့တို့အတွက် တည်းခိုခန်း ငှားပေးတယ်။ အခန်းက တယောက်ခန်းပဲ ရှိတော့တယ်ဆိုတော့ သူတို့ကို တ ယောက်တခန်း ထားပါတယ်။ ပိုပိုက ဒီမှာ အခန်းကြီးမရှိရင် တခြားတည်းခိုခန်း ပြောင်းပြီး အားလုံးစုနေဖို့ ပြောသေး တယ်။ အမက “အခန်းချင်းက ကပ်နေတာပ၊ဲ ဘာမှမဖြစ်ပါဘူး” လို့ ပြောနေတော့ ပိုပို လဲ သူစီစဉ်ပေးတဲ့ အခန်းမှာပဲ နေ လိုက်ရတယ်။

အမက သူတို့ကို ညစာလိုက်ကျွေးတယ်။ ဖျော်ရည်တိုက်တယ်။ ပိုပိုက ဖျော်ရည်မကြိုက်တော့ နည်းနည်းပဲ သောက်ဖြစ် တယ်။ အခန်း ပြန်ရောက်တော့ ခေါင်းတွေ မူးနောက်နောက် ဖြစ်လာတယ်။ သူ တံခါးပိတ်ပြီး အိပ်ရာပေါ် လှဲလိုက်တာနဲ့ အိပ်ပျော်သွားတော့တယ်။ ပိုပို နိုးလာတော့ သူ့အနားမှာ ယောက်ကျားတယောက် လှဲနေတာကိုတွေ့တော့ လန့်ပြီး တံခါး ရှိတဲ့ နေရာကို အမြန်ဆုံးပြေးသွားတယ်။ တံခါးက ဘယ်လိုမှ ဖွင့်မရပါဘူး။ သူ အမနာမည်ကို အော်ခေါ်တယ်။ သူနဲ့ အ တူတူပါလာတဲ့ မိန်းကလေးတွေရဲ့နာမည်ကို အော်ခေါ်နေမိတယ်။ ဘာ ပြန်ထူးသံမှ မကြားရပါဘူး။ ဟိုယောက်ကျားက သူ့ကို “မင်းအော်နေလဲ အပိုပဲ။ မင်းသာ ငါ့ စိတ်တိုင်းကျ လုပ်ပေးရင် ငါ မင်းကို ငွေပိုပေးမယ်” တဲ့။ ပိုပိုဟာ ခေါင်းကို တွင်တွင် ခါနေတယ်။ လက်ကလဲ တံခါးကိုထု၊ ပါးစပ်ကလဲ အမနာမည်ကို အော်ခေါ်နေမိတယ်။ တဘက်ခန်းက အမ ကြားရင်တော့ သူ့ကို လာကယ်မယ်လို့ သူထင်နေရှာတယ်။ တကယ်တော့ ဒါတွေဟာ သူ့အမ သေချာစီစဉ်ထားတယ်ဆို တာကို ပိုပိုတယောက်က မသိရှာဘဲကိုး။

အဲဒီယောကျာ်းက စိတ်မရှည်တော့ပါဘူး။ ပိုပို့ကို အတင်းဆွဲပါတော့တယ်။ ပိုပိုရဲ့အင်္ကျီ ကြယ်သီးတွေလဲ ပြုတ်ထွက်ကုန် တယ်။ ပိုပိုဟာ အဲဒီလူကို တောင်းပန်ပါသေးတယ်။ ပိုပို တကိုယ်လုံး နာကျင်ကိုက်ခဲနေတယ်။ မျက်ရည်တွေ ပေါက် ပေါက် ကျနေတယ်။

နောက်နေ့မနက် နေအတော်မြင့်မှ အမ ရောက်လာပါတယ်။ ပိုပိုတယောက် အမရင်ခွင်ထဲကို ပြေးဝင်ပြီး အားရပါးရ ငိုနေ မိတယ်။ အမကတော့ ဘာမှမဖြစ်သလိုပဲ။ တခါမှ မမြင်ဘူးတဲ့ စက္ကူရွက် နီနီကြီးကြီး နှစ်ရွက် ပိုပို့ လက်ထဲကို ထည့်ပေး လာပါတယ်။ အမက “မင်းက ကံဆိုးတဲ့ထဲက ကံကောင်းသူလေးပါ” တဲ့။ “သူ နင့်ကို ငွေရှင်းသွားတယ်တဲ့။ မင်း.. ရဲကို တိုင်ဖို့ မကြိုးစားနဲ့၊ အပိုပဲ” တဲ့။ ပြီးတော့ “ဒီကိစ္စကို ဘယ်သူမှ မပြောနဲ့၊ သူများသိသွားရင် မင်း အလုပ်တောင် ရှာရမှာ မဟုတ်ဘူး” တဲ့။ ပိုပိုကတော့ အမလဲ မတတ်သာလို့ ဒီလိုလုပ်လိုက်ရတယ်လို့ ထင်ခဲ့မိတယ်။ နောက်အချိန်တွေ အများ ကြီးကြာမှ အဲဒီလူက အမကို အနီရောင်နိုင်ငံခြားငွေ ရှစ်ရွက် ပေးသွားတယ်ဆိုတာကို သိရတယ်။

ဒီကိစ္စဟာ ဒီလိုပဲ ပြီးသွားတယ်။ ဒါပေမဲ့ အဲဒီနေ့ကစပြီး ပိုပိုဟာ အခန်းထဲမှာ တယောက်တည်း နေရမှာကို ကြောက်နေ တော့တယ်။ ပိုပိုတို့ တခြားမြို့ တမြို့ကို ရောက်လာတယ်။ ပိုပိုဟာ နောက်တမြို့ကို ရောက်လာပြီဆိုတော့ သူ့ရဲ့ ကံဆိုး တဲ့ ဘဝလေး ကျော်သွားပြီလို့ ကလေးတွေး တွေးနေမိတယ်။ ပတ်ဝန်းကျင်အသစ်မှာ အလုပ်သစ်နဲ့လို့ ထင်ခဲ့တယ်။

ဒီမြို့သစ်ကိုရောက်တော့ အမဟာ သူနဲ့ တခန်းတည်းမှာ နေပါတယ်။ အမဟာ နေ့တိုင်း ပိုပိုတို့အတွက် အလုပ်ရှာထွက် တယ်ဆိုပြီး ထွက်သွားတတ်ပါတယ်။ တပတ်သာကျော်သွားတယ၊် ပိုပိုတို့အတွက် အလုပ်ရမလာပါဘူး။ သူတို့ရဲ့ နေစ ရိတ် စားစရိတ်တွေအတွက် ငွေလိုပါတယ်။ အမကလဲ သူ့မှာ ငွေသိပ်မကျန်တော့တဲ့အကြောင်း၊ ပြန်မယ်ဆိုရင်တောင်မှ လမ်းစရိတ်မရှိတဲ့အကြောင်းတွေ ပြောပါတယ်။ အမက သူ့ကို ဧည့်သည် လက်ခံဖို့ ပြောလာပါတယ်။ ပိုပိုက ဘယ်လိုမှ သဘော မတူနိုင်ဘူးပြောတော့ အမက “နင် အပျိုမှမဟုတ်တော့ဘဲ ပထမတကြိမ် ရှိပြီးမှတော့ နောက်လက်ခံဖို့ မခက် ဘူး” တဲ။့

ပိုပိုဟာ အဲဒီညက အဖြစ်အပျက်ကို ပြန်တွေးမိတိုင်း တကိုယ်လုံး ဇောချွေးတွေ ပြန်နေတုန်းပါ။ အမက ပိုပို့ကို ချော့မရ တော့ အကျပ်ကိုင်ပါတော့တယ်။ ပိုပိုတို့ကို အမျိုးမျိုးပြောပြီး ခြောက်တယ်။ ပိုပိုတို့ဟာ မတတ်နိုင်တဲ့အဆုံး တလလုပ်ဖို့ လက်ခံလိုက်ရတယ်။ အမကလဲ တခြားအလုပ်ရရင် ချက်ချင်း ပြောင်းပေးမယ်လို့ သဘောတူပါတယ်။ အမက သူ့ကို လူတယောက်ဆီမှာ အပ်သွားပါတယ်။ သူကတော့ အလုပ်သွားရှာမယ်ပေါ့။ အဲဒီလူဆီမှာ သူ့လိုပဲ မိန်းကလေး ဆယ် ယောက်လောက်ရှိတယ်။ ပိုပိုဟာ တလပြည့်မယ့်ရက်ကို တွက်ရင်း အမ လာခေါ်မယ့်ရက်ကို မျှော်နေမိပါတယ်။ ပိုပိုက ပျော်ပျော်နေတတ်သူမို့ ကျန်းမာရေး သင်တန်းတွေ ရအောင်တက်တယ်။ သူ့ရဲ့ တက္ကသိုလ်ကျောင်းသူ ဖြစ်ချင်တဲ့ အိပ် မက်လေးအတွက် စာတွေ ဆက်လေ့လာတယ်။ ပိုပို မသိတာကတော့ သူ့အမဟာ ပိုပိုတို့ ကို ရောင်းစားသွားတယ် ဆိုတာပဲ။

တလကျော်လောက်ရှိတော့ အမက ပိုပိုကို လာခေါ်တယ်။ အလုပ်အသစ်ရပြီလို့ ပြောလာပါတယ်။ ပိုပိုဟာ သူများအထင် သေးတဲ့ ဒီအလုပ်ကနေ ထွက်ရမယ်ဆိုတာကို သိလို့ ပျော်နေမိတယ်။ သူ လုံးဝ ထင်မထားတာကတော့ သူဟာ သူ့အမ ရဲ့ စက်ကွင်းထဲ ပြန်ရောက်သွားတာ ပါပဲ။

အမက သူ့ကို နောက်ဆုံးဧည့်သည်တယောက် လက်ခံပါတဲ့။ မနက်အစော အမက လာခေါ်မယ်ပေါ့။ ပိုပိုက ဧည့်သည်နဲ့ အတူ ကားဂိတ်တခုနားက ဟိုတယ်ပေါ်မှာ နေခဲ့ရတာပါ။ ဧည့်သည်က ဗိုက်ဆာတယ်ဆိုလို့ သူတို့ခေါက်ဆွဲ အတူထွက် စားကြတယ်။ ကျွဲရိုင်းတဘူးစီဝယ်ပြီး အခန်းပြန်ခဲ့ကြတယ်။အခန်းရောက်လို့ ကျွဲရိုင်းသောက်လိုက်ပြီး မကြာခင်မှာဘဲ ပိုပို အိပ်ပျော်သွားတော့တယ်။ ပထမတခေါက် နိုးလာတော့ သူ ကားပေါ် ရောက်နေပါပြီ။ သူ့ဘေးမှာလဲ သူတို့နဲ့အတူတူလာ ကြတဲ့ မိန်းကလေး နှစ်ယောက်ပါတယ်။ သူ ဘယ်ရောက်နေတယ်ဆိုတာ မေးချင်ပေမယ့် ဘယ်လိုမှ စကားပြောလို့မရ ဘူး။ ခဏနေတော့ သူတို့ကားပေါ်က ဆင်းကြတယ်။ ပိုပိုတို့ကို ရေတိုက်တယ်။ နောက်တခေါက် သတိရလာတော့ သူ တို့ မီးရထားပေါ် ရောက်နေပြန်ပါပြီ။ မီးရထားပေါ်ရောက်တော့ သူတို့ကို ဘာမှ ဆက်မကျွေးတော့ပါဘူး။ ပိုပိုတယောက် နိုးနေပေမယ့်လဲ စကားပြောလို့မရပါဘူး။

ပိုပိုတို့ အခေါက်ခေါက် အခါခါ ကားပြောင်းစီးရတယ်။ မြို့ငယ်လေး တမြို့ကိုရောက်တော့ ဆက်မသွားတော့ပါဘူး။ ပိုပိုနဲ့ မိန်းကလေးတယောက်ကို ထမင်းဆိုင်တခုရဲ့ ဒုတိယထပ်မှာ ပိတ်ထားတယ်။ မကြာပါဘူး။ ယောက်ကျားတွေ တ ယောက်ပြီးတယောက် သူတို့ကို လာကြည့်ကြတယ်။ သူနဲ့အတူလာတဲ့ မိန်းကလေးကတော့ အဲဒီနေ့ပဲ လူတယောက်က ခေါ်သွားတယ်။ ပိုပို့ လက်ပေါ်က အနာကို ကြည့်ပြီး တော်တော်နဲ့ ခေါ်မယ့်လူ မရှိဘူး။ ပိုပိုကလဲ လာတဲ့လူတွေ သူ့အနာ ကို မြင်အောင် တမင်လုပ်ပါတယ်။ ဒီလိုနဲ့ တပတ်သာ ကျော်သွားတယ်၊ ပိုပို့ကို ခေါ်မယ့်လူ မရှိပါဘူး။

ဆယ်ရက်လောက်နေတော့မှ အသက်ငါးဆယ်ကျော် ယောက်ကျားတယောက် ပိုပိုကို လာခေါ်သွားတယ်။ ပိုပိုဟာ ရွာ ကိုရောက်တာနဲ့ အလုပ်လုပ်ရပါတယ်။ ရွာနဲ့မဝေးတဲ့ လမ်းပြင်တဲ့နေရာမှာ အလုပ် လုပ်ရတယ်၊၊ သူတို့အလုပ်က တောင် ပေါ်က ဖြိုထားတဲ့မြေတွေကို လမ်းမအထိ သယ်ပေးရတာပါ။ အလုပ်လုပ်တဲ့ လူတွေက မနက်ဆိုရင် မန်ထို၊ နေ့လယ် ဆိုရင် ဂျုံခေါက်ဆွဲ၊ ဆန် အစားနည်းကြတယ်။ ပိုပိုတို့လို ဆန်စား ကြီးပြင်းလာတဲ့လူတွေအတွက် နေရတာ တော်တော် အဆင်မပြေပါဘူး။ အခုယောက်ကျားကတော့ သူ့ကို ဆူတာ ရိုက်တာမျိုး မရှိလို့ တော်သေးတယ်လို့ ပိုပို ရေရွတ်နေမိ ပါတယ်။ ရောက်ခါစမို့လားတော့ မသိဘူး။ သူ့ကို ထမင်းလဲ မချက်ခိုင်းဘူး။ ဒါပေမဲ့ ကိုယ်မချစ်တဲ့၊ ကိုယ်မသိတဲ့ လူတ ယောက်နဲ့ အတူတူနေနေရတာ ဘယ်လိုမှ စိတ်မပျော်နိုင်ပါဘူး။ ပိုပိုဟာ အိမ်ပြန်ဖို့ပဲ စဉ်းစားနေမိတယ်။

တရက်မှာ အလုပ်လုပ်ရင်း သူနဲ့အတူပါလာတဲ့ မိန်းကလေးနဲ့ မမျှော်လင့်ဘဲ တွေ့လိုက်ရတော့ ပိုပို တအားပျော်သွား တယ်။ သူတို့ထွက်ပြေးဖို့ စီမံကိန်း ဆွဲကြတော့တယ်။ သူတို့ ပြေးမယ့်လမ်းကြောင်းကို စဉ်းစားကြတယ်။ သူတို့ တခါ တည်းနဲ့ အောင်မြင်အောင် ပြေးနိုင်မှ ဖြစ်မှာပါ။ သူတို့အတွက် ဒုတိယအကြိမ် အခွင့်အရေးဆိုတာ ရှိမှာမဟုတ်ဘူးဆို တာကို သူတို့ကောင်းကောင်းသိနေတယ်။

ပိုပိုတို့ ဈေးသွားဖို့ သူ့တို့ယောက်ကျားတွေက တယောက်ကို ငါးကျပ်စီ ပေးပါတယ်။ ဈေးအထိ ကားခကိုတော့ သူတို့ရှင်း ပေးလိုက်တော့ ပိုပိုတို့နှစ်ယောက်မှာ ငါးကျပ်စီရှိနေတယ်။ ပိုပိုတို့ ဈေးကနေ အိမ်မပြန်ဘဲ မြို့ကြီးတမြို့ကိုသွားတဲ့ လမ်း အတိုင်း ထွက်လာခဲ့တယ်။ ဗိုက်ဆာရင် မန်ထို ဝယ်စားတယ်။ ရေတောင်း သောက်တယ်။ ဈေးနဲ့ နည်းနည်းလှမ်းတော့ သူတို့ဟာ လမ်းဘေးက တောစပ်မှာ ပုန်းနေကြတယ်။ ညမိုးချုပ်မှ ဆက်သွားကြတယ်။ ပိုပိုတို့နှစ်ယောက် နေ့ဆိုရင်ပုန်း၊ ညဆိုရင် လမ်းလျှောက်နဲ့ မြို့ကြီးတမြို့ကို ရောက်လာတယ်။ ပိုပိုတို့ ရဲစခန်းဆိုတာကို လိုက်ရှာပါတယ်။ တော်တော်ကြီး တဲ့ ရဲစခန်း တခုထဲကို ပိုပိုတို့ ဝင်ခဲ့ကြတယ်၊၊

သူတို့ရောက်လာတဲ့ ရဲစခန်းဟာ အဲဒီမြို့က အကြီးဆုံး ရဲစခန်း ဖြစ်နေတယ်။ ဒါပေမဲ့ သူတို့က ဖြစ်သမျှ အကြောင်းစုံကို ပြောမပြတတ်ပါဘူး။ စကားက မပေါက်။ သူတို့ကို အချုပ်ခန်းထဲမှာ ယာယီ ထားထားတယ်။ ဒါပေမဲ့ ပိုပိုတို့ ပျော်နေမိ တယ်။ သူတို့ ထမင်းနပ်မှန်စားရသလို သူတို့အတွက် ဒီနေရာဟာ အလုံခြုံဆုံး မဟုတ်လား။ တလလောက်နေတော့ သူ တို့ အိမ်ပြန်လမ်းကို လျှောက်နိုင်ခဲ့ကြတယ်။ ပိုပိုဟာ ရောက်ရောက်ချင်း သူ့အမကို လိုက်ရှာတယ်။ သူ့အမက ဒီမြို့မှာ မရှိတော့ပါဘူး။ တခြားမိန်းကလေးအသစ်တွေ လိုက်ရှာနေတယ်တဲ့။ အခုမှ ဒါတွေအားလုံးဟာ သူ့အမ လက်ချက်ဆို တာ ပိုပို သိလိုက်ရတယ်။ ပိုပိုသိရတဲ့အချိန်ဟာ တအားနောက်ကျနေပြီ မဟုတ်ပါလား။

တရက်ထက်တရက် ဝလာတယ်လို့ ပိုပိုထင်နေတယ်။ နေရထိုင်ရတာလဲ မကောင်းဘူး။ ပိုပို ဆေးစစ်ကြည့်တော့ ကိုယ် ဝန်ရှိနေပါပြီ။ သူ့မှာ ကိုယ်ဝန် သုံးလရှိနေပြီ။ ပိုပိုဟာ ဒီကလေးကို မမွေးချင်ပါဘူး။ သူ ဖျက်ချချင်တယ်။ ဒါပေမဲ့ ဆရာဝန် က အခုအချိန်မှာ လုပ်လို့မရဘူး၊ ငါးလမှ လုပ်လို့ရမယ်လို့ ပြောနေပါတယ်။ ပိုပို ကလေးချစ်တတ်ပါတယ်။ ကလေး လို ချင်ပါတယ်။ ဒါပေမဲ့ အဖေမရှိတဲ့ကလေးတော့ မဖြစ်စေချင်တာ အမှန်ပါ။ ချက်ချင်း ကလေးဖျက်ပေးလို့ရတဲ့ လူဆီကို သွားမယ်ဆိုပြီး ဒီမြို့က ထွက်သွားပါတယ်။

အခုထိအောင် ကျမ သူ့ကို ထပ်မတွေ့တော့ပါဘူး။

ကြည်ကြည်ကျော်မြ

နေ့သစ် မှ ကူးယူဖေါ်ပြသည်

0 comments: