နှင်းနှင်းဟာ တရုတ်စကားကို ရေရေလည်လည်ပြောနိုင် သူ တယောက်ပါ။ သူ့ဝတ်စားပုံကို ကြည့်ရင်လဲ သူဟာ တရုတ်မလေးတယောက်လိုပါပဲ။ ဒါပေမဲ့ သူဗမာစကား ပြောတာကို ကြားဖူးသူတိုင်းကလဲ သူဟာ ဗမာမလေး တယောက်ပါလို့ ပြောကြမှာပါပဲ။ ဒါကြောင့် နှင်းနှင်းကို တွေ့တဲ့လူတိုင်းက သူ့ကို ဗမာလား တရုတ်လားလို့ မေးနေ ကြတာပါ။ နှင်းနှင်းဟာ စကပ်အတိုလေးတွေ ဝတ်တတ်ပါ တယ်၊။ ဆံပင်ပုံကိုလဲ ခေတ်ဆန်ဆန်လေး ထားတတ် တယ်။ နှင်းနှင်းဟာ အပြာရောင်ကို တအားကြိုက်ပါတယ်။ အပြာရောင်ဟာ သူ့စိတ်ကို အေးချမ်းစေတယ်လို့ ပြောဖူး တယ်။
သူ ဒီမြို့ကိုရောက်ပြီး သိပ်မကြာခင်မှာဘဲ ကျမ သူနဲ့သိခဲ့ တာပါ။ သိခဲ့ရတဲ့ အကြောင်းကလဲ သူ့သူငယ်ချင်း တွေက ကျမ တို့ အလုပ်လုပ်တဲ့ ကျန်းမာရေး ဂေဟာလေးကို ခေါ် ခဲ့လို့ပါ။ ကျမတို့ ဒီဂေဟာလေးဟာ ဘယ်လိုအလုပ်တွေ လုပ်နေတယ်ဆိုတာကို သူမသိပါဘူး။ ဒီဂေဟာလေးကို စိတ်ဝင်စားလို့သာ လိုက်ခဲ့တာပါ။ သူမဟာ ဒီနေရာကို ပထမဆုံးရောက် လာတယ်ဆိုပေမယ့်လဲ သူမဟာ တခြား ဗမာ မိန်းကလေး တော်တော်များများလို မဝံ့မရဲ မရှိပါဘူး။ သူသိချင်တာတွေကို လျှောက်မေးလိုက်၊ သူသိတာတွေကိုလဲ ပြောလိုက်နဲ့ လုပ်နေပါတယ်။ တခြားမိန်း ကလေးတွေနဲ့မတူတဲ့ သူ့ကို ကျမ သတိထားမိပါတယ်။ သူ ပြောပြလို့ သိရတာ ကတော့ သူအသက်ဟာ ၂ဝ ကျော်ပဲရှိပေမယ့် သူဟာ ကလေး (၄)ယောက် အမေယောက်ဖြစ် နေတယ်ဆိုတာ ပါပဲ။
နှင်းနှင်းဟာ အိမ်မှာ သမီးအကြီးဆုံး၊ မောင်လေး နှစ်ယောက်နဲ့ ညီမလေးနှစ်ယောက် ရှိတယ်။ မိဘတွေက လယ်သမား တွေပါ။ မိဘနှစ်ယောက် လုပ်စာနဲ့ ဒီမိသားစုကြီးကို ထမင်းဝအောင် မကျွေးနိုင်တော့ပါဘူး။ ဒါကြောင့် နှင်းနှင်းရဲ့ မိဘ တွေဟာ သမီးကြီးဖြစ်တဲ့ နှင်းနှင်းကို အိမ်ထောင်ချပေးဖို့ စီစဉ်ကြတယ်။ နှင်းနှင်းဟာ ဘယ်တုန်းကမှ မိဘဆန္ဒကို မလွန် ဆန် ခဲ့ဖူးသလို အခုလဲ မလွန်ဆန်ခဲ့ပါဘူး။ သူ မိဘသဘောကျ အိမ်ထောင်ပြုလိုက်တယ်။
သူ့ယောက်ကျားကလဲ လယ်သမားပါပဲ။ နှင်းနှင်းလဲ လယ်အလုပ်ကို ဝင်လုပ်ရတယ်။ သူတို့ နှစ်ယောက်ဟာ တနေ့တနေ့ မိုးလင်းကထွက် မိုးချုပ်မှပြန်နဲ့ လယ်အလုပ်တွေနဲ့ အလုပ်များနေတယ်။ သူတို့ ဘဝလေးဟာ ချမ်းသာတယ်မဟုတ် ပေ မယ့်လဲ မဆိုးဘူးလို့ ပြောရမှာပါ။ ဒီလို အခြေအနေလေးက မကြာလိုက်ပါဘူး။ နှင်းနှင်း သားဦးလေးကို မွေးခဲ့တယ်။ ဘာ မှ တားမြစ်ထားတာ မရှိတဲ့အတွက် နှင်းနှင်းဟာ ဒုတိယနှစ်မှာ ဒုတိယကလေးကို မွေးဖွားခဲ့တယ်။ ကလေးနှစ်ယောက်နဲ့ လုံးပန်းနေရတဲ့ နှင်းနှင်းဟာ ကိုယ့်ယောက်ကျား အလုပ်ကို မကူနိုင်ပါဘူး။ တယောက်ရဲ့လုပ်စာနဲ့ မိသားစုတခုလုံး လုံ လောက်ဖို့ဆိုတာ ခက်လာပါပြီ။ မြို့ကြီးတွေတက်ပြီး အလုပ်လုပ်ရင် ဝင်ငွေပိုရတယ်လို့ ကြားတော့ သူ့ယောကကျာ်းဟာ မြို့တက်ဖို့ ကြိုးစားတော့တယ်။ နှင်းနှင်းလဲ နေရေး ထိုင်ရေးလေး ချောင်လည်လာနိုးနိုးနဲ့ သူ့ယောက်ကျားကို ရွာထိပ်ထိ လိုက်ပို့လိုက်တယ်။
တလလောက်နေတော့ သူ့ယောက်ကျားဆီက လူကြုံနဲ့ စကားပါး လိုက်တယ်။ ပိုက်ဆံတချို့လဲ ပါးလိုက်တယ်။ မြို့က အ လုပ်က ဝင်ငွေမဆိုးကြောင်းနဲ့ သူ့ကို ကလေးနှစ်ယောက် အဖေအမေဆီအပ်ပြီး မြို့လိုက်ခဲ့ဖို့ မှာလိုက်တယ်။ သူတို့ နှစ် ယောက် မြို့တက်ပြီး တနှစ် နှစ်နှစ်လောက် ကြိုးစားလိုက်ရင် တမိသားစုလုံး တော်တော်အဆင်ပြေသွားနိုင်တယ်ဆိုတဲ့ အတွေးနဲ့ နှင်းနှင်းဟာ ကလေးနှစ်ယောက်ကို မိဘဆီအပ်ပြီး ယောက်ကျားရှိတဲ့ မြို့လေးကို လိုက်သွားတော့တယ်။ သူ တို့ လင်မယားနှစ်ယောက်ဟာ အလုပ်ကြမ်း အလုပ်ဆိုပေမယ့်လဲ နှစ်ယောက်လုံးဟာ အပင်ပန်းခံနိုင်တဲ့အတွက် ဝင်ငွေ လေးကတော့ မဆိုးပါဘူး။ သူတို့ နှစ်ယောက်ဟာ ချွေတာနိုင်သမျှ ချွေတာသုံးကြတယ်။ ကျန်တဲ့ငွေကို မိဘတွေဆိုကို ပို့ ကြတယ်။
ဒီလို တနှစ် နှစ်နှစ် ပင်ပန်းခံလိုက်ရင်တော့ ကလေးတွေနဲ့ အတူတူ ရွာမှာ ပြန်နေနိုင်တော့မယ်ဆိုတဲ့ နှင်းနှင်းရဲ့ စိတ်ကူး လေးတွေဟာ မတော်တဆမှုတခုကြောင့် ဆုံးသွားတဲ့ သူ့ယောက်ကျား ရုပ်ကလပ်နဲ့အတူ မြေမြှုပ်ပစ်ခံလိုက်ရပါတော့ တယ်။ နှင်းနှင်း သူ့မိဘတွေဆီ ပြန်ခဲ့တယ်။ ရွာမှာလဲ နှင်းနှင်း တယောက် ဘာလုပ်ရမယ်မှန်း မသိအောင်ဖြစ်နေတယ်။ ဒီကလေး နှစ်ယောက်နဲ့ သူ မြို့ပြန်တက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အရင်က လုပ်ခဲ့တဲ့ နေရာလေးမှာတော့ ဆက်မလုပ်ချင် တော့ဘူး။ တခြား အလုပ်တခု လုပ်ဖို့ လိုက်ရှာခဲ့တယ်။
နှင်းနှင်းဟာ သူ အရင်က အလုပ်လုပ်ဖူးတဲ့ မြို့ကလေးကိုပဲ ပြန်လာခဲ့တယ်။ အဲဒီမြို့ရဲ့ တနေရာမှာ အလုပ်တခု ရခဲ့ တယ်။ အလုပ်ရခဲ့တယ်ဆိုပေမယ့်လဲ သူ့ရတဲ့ လစာနဲ့ သူဘယ်လိုပဲ ချွေတာချွေတာသုံးသုံး လကုန်ရက်တွေဆိုရင် သူ့မှာ ငွေကျန်တယ်ဆိုတာ မရှိသလောက် ဖြစ်နေပြီ။ နှင်းနှင်းရဲ့ ဝင်ငွေကသာ တိုးမလာတာပါ။ တနေ့တခြား ကြီးပြင်းလာတဲ့ ကလေးတွေအတွက် လိုအပ်လာတဲ့ ငွေတွေက ပိုပို များများလာပါတယ်။ ဒီအလုပ် တခုတည်းနဲ့တော့ ဘယ်လိုမှ ဆက် ရပ်တည်လို့ မရတော့ဘူးဆိုတာကို နှင်းနှင်း သိနေတယ်။ အလုပ် နောက်တခု ရှာရမယ်။ ဒီမြို့မှာ အသိမိတ်ဆွေဆိုတာ ကလဲ မရှိတော့ အလုပ်ဖော်တွေကိုပဲ မေးရတယ်။ နှင်းနှင်းဟာ သူအသက်ငယ်သေးတယ် အပင်ပန်းခံနိုင်တယ်ဆိုတဲ့ အ ချက်လေးကိုပဲ အားကိုးပြီး၊ အလုပ် နှစ်ခုသုံးခု လုပ်ချင်နေတယ်။
တရက်မှာ နှင်းနှင်းရဲ့ အလုပ်ဖော်ဆီက သတင်းတခုကြောင့် သူ့စိတ်တွေ လှုပ်ရှားနေတယ်။ အမျိုးသမီးကြီးတယောက် က ထမင်းဆိုင်အတွက် မိန်းကလေးတွေ လိုက်ခေါ်နေတယ်။ အလုပ်က ပင်ပန်းပေမယ့် လခကတော့ တော်တော် ကောင်းတယ်လို့ သိရတယ်။ ပင်ပန်းမှာကို မကြောက်တဲ့ နှင်းနှင်း အတွက်ကတော့ ဒါဟာ သတင်းကောင်း မဟုတ်ပါ လား။ ဒီသတင်း ကြားရတဲ့ညက သူ တညလုံး အိပ်မရဖြစ်နေတယ်။ နောက်နေ့ သူ အလုပ်က ခွင့်တရက်ယူပြီး အလုပ် ခေါ်နေတယ်ဆိုတဲ့ နေရာကို ရောက်သွားတယ်။ နှင်းနှင်းတို့လို အလုပ်လာရှာသူတွေ အများကြီးတွေကို လက်ခံစကား ပြောနေတာက အမျိုးသမီး တယောက်ပါ။ သူက အလုပ်အခြေအနေတွေကို ပြောပြနေတယ်။ လခကတော့ သူ အခုလုပ် နေတဲ့ အလုပ်ထက် အများကြီးပိုနေတယ်။ မိန်းကလေး တချို့က ဘာလုပ်ရမယ် ဘယ်မှာလုပ်ရမယ် ဆိုတာတွေကို မေး နေကြတယ်။ အလုပ်က နှင်းနှင်း အခုနေတဲ့ မြို့မှာမဟုတ်ဘဲ ဒီမြို့နဲ့ တော်တော်ဝေးတယ်ဆိုတာကို သိလိုက်ရတယ်။ လခကများပေမယ့် အဝေးကြီးကို သွားရမယ်ဆိုတော့ နှင်းနှင်း နည်းနည်းတော့ စိုးရိမ်မိတယ်။ တခြားမိန်းကလေးတွေလဲ ဒီအလုပ်လုပ်ဖို့ စာရင်းပေးနေကြတယ်။ နောက်ကျသွားရင် ဒီအလုပ်ကို မရမှာလဲ စိုးရိမ်မိတယ်။ နှင်းနှင်းဟာ လူတွေကို အတင်းတိုးပြီး ရှေ့ဆုံးတန်းကို ရောက်အောင် သွားလိုက်တယ်။ တနှစ်တခေါက် ပြန်လာလို့ ရမလားလို့ မေးလိုက်တယ်။ ဟိုအမျိုး သမီးက ပြန်လာလို့ ရတယ်ဆိုတဲ့ အဖြေကို သိရတာနဲ့ နှင်းနှင်းဟာ အဲဒီအလုပ်ကို လုပ်ဖို့ စာရင်းပေးလိုက် တယ်။ လိုက်မယ့်လူတွေ နောက်နှစ်ရက်နေရင် ဒီမှာပဲ စုဖို့မှာလိုက်တယ်။
နှင်းနှင်းနဲ့အတူတူ အလုပ်သွားမယ့် မိန်းကလေး ငါးယောက်ကို အဲဒီအမျိုးသမီးက အားလုံးအတွက် အဝတ်တွေ မသွား ခင် ဝယ်ဆင်ပေးပါတယ်။ ပြီးတော့ လိုက်မယ့် မိန်းကလေးတွေရဲ့ အိမ်ကို နှစ်လစာ လခ ကြိုပို့ပေးပါတယ်။ နှင်းနှင်းလဲ အမေ့အတွက် စာရှည်တစောင် ပို့ပြီး အလုပ်သစ်ရှိတဲ့နေရာကို လိုက်ခဲ့တယ်။
နှင်းနှင်းတို့တတွေဟာ ဟိုအမျိုးသမီးနဲ့အတူတူ စစ်ဆေးရေးဂိတ် တခုပြီးတခုကို ဖြတ်ကျော်ခဲ့တယ်။ မြို့တမြို့မှာ တည အိပ်ပြီး နောက်တနေ့မှာ ခရီးဆက်ကြတယ်။ နှင်းနှင်းတို့ ငါးယောက်စလုံးဟာ ကိုယ်သွားလုပ်ရမယ့်အလုပ်ကို အမျိုးမျိုး ခန့်မှန်းနေကြတယ်။ ကိုယ့်အတွေးနဲ့ကိုယ်..အတွေးကိုယ်စီနဲ့ပေါ့။ နှင်းနှင်းတို့ သွားမယ်ဆိုတဲ့ မြို့ကိုရောက်တော့ ညဖြစ် နေပါပြီ။ အမျိုးသမီးက မနက်ဆိုရင် ထမင်းဆိုင်သူဋ္ဌေးက အလုပ်လာခေါ်မှာမို့ နှင်းနှင်းတို့ကို စောစော အိပ်စေပါတယ်။ နောက်နေ့ နှင်းနှင်းတို့ကို မနက်အစောစာ ကျွေးပြီး အလှတွေ ပြင်ပေးနေပါတယ်။ အဝတ်လှလှတွေ ဝတ်ခိုင်းပါတယ်။ သိပ်မကြာပါဘူး။ တကယ်ပဲ သူတို့ကို လာခေါ်မယ့် လူတွေ ရောက်လာပါပြီ။ နှင်းနှင်းနဲ့ မိန်းကလေးတယောက်ကို အမျိုး သမီးတယောက်က ခေါ်သွားပြီး တခြားမိန်းကလေးတွေကိုလဲ အသီးသီး ခေါ်သွားတာတွေ့ရပါတယ်။ နှင်းနှင်းတို့ တွေ့ချင် တဲ့ ထမင်းဆိုင်ဆိုတာကို အခုထိ မတွေ့ရသေးပါဘူး။ သူတို့ကို လာခေါ်တဲ့ လူတွေသာ တယောက်ပြီး တယောက် ပြောင်း သွားတယ်။ ကားတွေ အခေါက်ခေါက် ပြောင်းစီးရတယ်။ သူ ကားဘယ်နှစ်စီး ပြောင်းစီးရတယ်ဆိုတာကိုတောင် နှင်းနှင်း မမှတ်မိတော့ပါဘူး။
သူတို့ တနေရာကို ရောက်တော့ ဆက်မသွားတော့ပါဘူး။ သူတို့ကို ဘယ်ကိုမှ ဆက်မသွားခိုင်းတော့ပါဘူး။ တနေ့ပြီး တနေ့ အိပ်လိုက် စားလိုက်နဲ့ ဘာမှလဲ မလုပ်ခိုင်းပါဘူး။ အခန်းအပြင်ကိုလဲ မထွက်ခိုင်းပါဘူး။ နှင်းနှင်းက သူတို့ကို ခေါ် လာတဲ့ အမျိုးသမီးနဲ့ တွေ့ချင်တဲ့အကြောင်းကို သူတို့ကို ထမင်းလာကျွေးတဲ့ လူကို ပြောပြနေပါတယ်။ ဒါပေမဲ့ နှင်းနှင်းတို့ ပြောတာကို သူတို့ နားမလည်သလို သူတို့ ပြောတာကိုလဲ နှင်းနှင်းတို့ နားမလည်ပါဘူး။ နှင်းနှင်း ကြောက်လာပါတယ်။ ကိုယ် ဘယ်ရောက်နေမှန်းလဲ မသိပါဘူး။ နှင်းနှင်းဟာ သူ့အမေနဲ့ သူ့ကလေး တွေကို တအားလွမ်းနေမိပါတော့တယ်။
တပတ်လောက်နေတော့ အမျိုးသမီးတယောက်က သူတို့ကို အဝတ်အစားတွေ လဲစေတယ်။ အလှပြင်ပေးပြီး ဧည့်ခန်းမှာ ရပ်နေခိုင်းပါတယ်။ ခဏလောက်နေတော့ ယောက်ကျားလေးငါးယောက် ရောက်လာပြီး နှင်းနှင်းတို့ကို ခြေဆုံးခေါင်းဆုံး ကြည့်ကြတယ်။ သူတို့ချင်း တတွတ်တွတ် ပြောကြတယ်။ အခုမှ နှင်းနှင်းတို့ အလိမ်ခံရပြီဆိုတာကို သဘောပေါက်လိုက် ပါပြီ။ ဒါပေမဲ့ နှင်းနှင်းတို့ ဘာလုပ်လို့ရမလဲ။ ဘယ်သူ့ကို အကူအညီတောင်းရမှာလဲ။ သူတို့ ဘယ်လိုဘဝမျိုးကို ဖြတ်သန်း ရမလဲ။ နှင်းနှင်း ဆက်မတွေးရဲတော့ပါဘူး။ နှင်းနှင်းကို ခေါ်သွားတာက ခြေထောက် နည်းနည်းဆာနေတဲ့ အမျိုးသားတ ယောက်၊ အဲဒီလူဟာ နှင်းနှင်းရဲ့ ဒုတိယ ယောက်ကျားဖစ်လာသူပါပဲ။
အဲဒီအမျိုးသားက နှင်းနှင်းကို တောကျတဲ့ ရွာကလေးကို ခေါ်သွားပါတယ်။ ရွာရောက်ပြီး နောက်နေ့မှာပဲ အမျိုးသားရဲ့ အမျိုးလို့ထင်ရတဲ့ လူတချို့ကို ထမင်းကျွေးပါတယ်။ အဲဒါက သူတို့ရဲ့ မင်္ဂလာဆောင်ပွဲလေးပေါ့။ အစပိုင်းမှာ နှင်းနှင်းကို ဘာအလုပ်မှ မခိုင်းပါဘူး။ သူ့ကို အခန်းထဲမှာပဲ ထားပါတယ်။ အပြင် မထွက်ခိုင်းပါဘူး။ အခန်းအပြင်မှာလဲ အမြဲလိုလို လူတယောက်က နှင်းနှင်းကို စောင့်ကြည့်နေပါတယ်။ နှင်းနှင်းဟာ သူတို့ ပြောတာတွေကိုလဲ နားမလည်တော့ အခန်းထဲ မှာပဲ ငိုနေမိတယ်။ ကလေးတွေကို သတိရနေတယ်။
နှင်းနှင်း ဒီကနေ ဘယ်လိုထွက်ပြေးရမယ်ဆိုတာကို တွေးနေတယ်။ တရက် မနက်အစောကြီး အပြင်မှာ ဘယ်သူမှ မရှိ တာတွေ့တော့ နှင်းနှင်းဟာ သူ့အင်္ကျီနှစ်ထည်ကိုယူပြီး ရွာအပြင်ဘက်ကို ထွက်ပြေးပါတော့တယ်။ ဒါပေမဲ့ သူ ဘယ် လောက်မှ မသွားရသေးပါဘူး။ နောက်က လိုက်လာတဲ့ ရွာကလူတွေ မီလာပြီး ပြန်ဖမ်းခေါ်သွားပါတယ်။ အိမ်ပြန်ရောက် တော့ နှင်းနှင်း ယောက်ကျားက သူ့ကို ရိုက်ပါတော့တယ်။ အဲဒီအချိန်ကစပြီး နှင်းနှင်း ယောက်ကျားက သွားလေရာ နှင်း နှင်းကို ခေါ်သွားပါတယ်။ လယ်အလုပ်တွေလဲ လုပ်ရပါတယ်။ တရက်မှာ သူ့ယောက်ကျားက သူ့ကို ဈေးခေါ်သွားပါ တယ်။ ဈေးထဲမှာ မမျှော်လင့်ပဲ နှင်းနှင်းနဲ့ စကားပေါက်တဲ့ အမျိုးသမီးနဲ့ တွေ့ခဲ့ရတယ်။ အဲဒီအမျိုးသမီးက သူ့ကို ထွက်မ ပြေးဖို့ ပြောပါတယ်။ ပြေးရင်လဲ လွတ်မှာမဟုတ်ကြောင်း ကိုယ့်အပေါ်ကို လုံးဝ ယုံကြည်အောင်နေဖို့ ပြောပါတယ်။ နှင်း နှင်း နောက်ထပ် ထွက်ပြေးဖို့ မကြိုးစားရဲတော့ပါဘူး။ နှင်းနှင်းဟာ ဈေးနေ့ကိုပဲ မျှော်နေမိတယ်။
ဒီလိုနဲ့ တရက်ပြီးတရက်နေရင်း နှင်းနှင်းဟာ သူတို့ပြောတဲ့ စကားကို နားလည်လာပါပြီ။ နှင်းနှင်းဟာ အဲဒီယောက်ကျား ရဲ့ ပထမကလေးကို မွေးလိုက်ပါတယ်။ သမီးလေးပါ။ သူ မီးဖွားတဲ့နေ့က သူ့အမျိုးတွေ မျက်နှာမလှကြပါဘူး။ အဲဒီက လူ တွေက ယောက်ကျားလေးကိုပဲ သဘောကျတယ်ဆိုတာကို နှင်းနှင်းနောက်မှ သိလာပါတယ်။ ကလေးကိုမြင်တော့ နှင်းနှင်း ဟာ ဗမာပြည်မှာကျန်ခဲ့တဲ့ ကလေးတွေကို ပိုပြီး သတိရမိတယ်။ ကလေးတွေဆီကို ပြန်နိုင်ဖို့ အခွင့်အရေးက ဘယ်တော့မှ ရှိမှာလဲ။ ဒီလိုနဲ့ နှင်းနှင်းမှာ ဒုတိယ ကိုယ်ဝန် ကပ်လာပါတယ်။ ယောက်ကျားလေးမွေးပါစေလို့ နှင်းနှင်း ဆု တောင်းနေမိတယ်။ သားမမွေးရင် နောက်ထပ်မွေးခိုင်းနေဦးမှာ မဟုတ်လား။ နှင်းနှင်း ဆုတောင်းပြည့်ခဲ့ပါတယ်။ နှင်းနှင်း ဟာ သားလေးတယောက် မွေးလိုက်ပါတယ်။ ဒီသားလေး မွေးလိုက်တာနဲ့ သူ့ယောက်ကျားရော သူ့အမျိုးတွေကပါ သူ့ အပေါ် ဆက်ဆံရေးဟာ လုံးဝပြောင်းသွားပါတယ်။ အလုပ်ပဲ သွားသွား ဈေးပဲသွားသွား သူ့ကို တယောက်တည်း လွှတ်ပါ တယ်။ သူလိုချင်တာတွေကိုလဲ ဝယ်ပေးပါတယ်။ အဲဒီအချိန်မှာ နှင်းနှင်းနဲ့ သူ့ယောက်ကျားတို့အကြား လုံးဝ စကားနား လည်နေပါပြီ။ နှင်းနှင်းက အမေကို ပြန်တွေ့ချင်တဲ့အကြောင်း ပြောပါတယ်။ နှင်းနှင်းဟာ ဒီယောက်ကျားအပေါ် သံယော ဇဉ် မရှိပေမယ့် ကလေးတွေကိုတော့ ချစ်ပါတယ်။ ကလေးနှစ်ယောက်စလုံးကို ခေါ်သွားမယ်လို့ သူက တောင်းဆိုခဲ့ပါ တယ်။ သူ့အမျိုးတွေက လုံးဝသဘော မတူပါဘူး။ နှင်းနှင်းကလဲ ဇွဲမလျှော့ဘဲ နေ့တိုင်းလိုလို ပြောနေပါတယ်။နောက်ဆုံး သူ့ယောက်ကျားက နှင်းနှင်းကို ပြန်ခွင့်ပြုလိုက်ပါတယ်။ ကလေးတွေကိုတော့ ခေါ်ခွင့်မပြုပါဘူး။ သူ့ယောက်ကျားကလဲ ကလေးထားခဲ့ရင် ဒီသံယောဇဉ်နဲ့ သူ့ဆီကို ပြန်လာမယ် လို့ ထင်ထားမှာပါ။ နှင်းနှင်းဟာ ဒီယောက်ကျားနဲ့ ရှစ်နှစ်ကြာ ပေါင်းခဲ့ပြီပဲ။ ပြန်မယ့်နေ့က နှင်းနှင်းတယောက် ကလေးတွေကို ပွေ့ပြီး ငိုနေမိတယ်။ ဒီကလေးတွေဆီကို သူ ဘယ်တော့ မှ ပြန်လာဖြစ်မှာ မဟုတ်တာကို သူ ကောင်းကောင်းကြီး သိနေလို့ပါပဲ။
နှင်းနှင်းဟာ နယ်စပ်မြို့လေးကို ရောက်နေပါပြီ။ သူ့သားသမီးနဲ့ အမေကို မတွေ့ရသေးပေမယ့် ဒီမှာ ကိုယ့်နဲ့ ဘာသာစ ကားတူတဲ့လူတွေ အများကြီးကို တွေ့နေရတယ်။ နှင်းနှင်းရဲ့ တင်းကျပ်နေတဲ့ စိတ်တွေ နည်းနည်းတော့ ပေါ့သွားတယ်။ ဒါပေမဲ့ နှင်းနှင်းမှာ ငွေသိပ်မကျန်တော့ပါဘူး။ အမေ့ဆီသွားဖို့ လမ်းစရိတ်၊ ကလေး တွေအတွက် အသုံးငွေ။ ဒီရှစ်နှစ်ကြီး မှာ ကလေးတွေ ဘယ်လိုများ ဖြတ်သန်းနေခဲ့ ရသလဲ၊။ ငွေမပါဘဲ ဘယ်လိုပြန်မလဲ။ နှင်းနှင်းအခက်တွေ့နေပါပြီ။
နှင်းနှင်း အလုပ်ရှာရပြန်ပြီ။ ဘာအလုပ်မှလဲ မရ၊ လက်ထဲရှိတဲ့ ငွေကလဲ တရက်ထက်တရက် နည်းလာ၊ နှင်းနှင်း အခန်း ဘေးက မိန်းကလေးကို နှင်းနှင်း သတိထားမိတယ်။ သူ့အလုပ်က ညညမှ ထွက်သွားတယ်။ နေ့လည်ဆိုရင် သူအိပ်နေ တယ်။ ဝင်ငွေက မဆိုးဘူး။ မေးကြည့်တော့မှ မိန်းကလေးဟာ ပြည့်တန်ဆာ အလုပ် လုပ်တာကို သိရတယ်။ အဲဒီ မိန်း ကလေးကပဲ နှင်းနှင်းကို သူ့သူဋ္ဌေးနဲ့ မိတ်ဆက်ပေးမယ်လို့ ပြောပါတယ်။ သူဋ္ဌေးလို့ ပြောတာနဲ့ နှင်းနှင်း ကြောက်နေမိပါ တယ်။ အလုပ်ကတော့ မလုပ်လို့မဖြစ်ဘူး။ ဒါပေမဲ့ ဒီအလုပ်ကို လုပ်မလား။ ကလေးနဲ့ အမေကို ဘယ်လိုပြောမလဲ။ မေး ခွန်းတွေ အများကြီး နှင်းနှင်း စဉ်းစားနေပါတယ်။
နှင်းနှင်း သွားလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ နှင်းနှင်းဟာ အလှပြင်ပြီး တခြားမိန်ကလေးတွေရပ်တဲ့ လမ်းဘေးမှာ သွားရပ် လိုက်တယ်။ သွားလာနေ တဲ့လူတွေ ကိုယ့်ကိုကြည့်တိုင်း နှင်းနှင်း ခေါင်းငုံ့ထားမိတယ်။မျက်နှာတခုလုံးလဲ ပူထူနေတယ်။ နှင်းနှင်းအနားက မိန်းကလေးတွေ တယောက်ပြီးတယောက် ခေါ်သွားတယ်။ သူ့ကိုတော့ ခေါ်မယ့်လူမရှိပါဘူး။ နှင်းနှင်း တညလုံး ရပ်ပေမယ့် ဧည့်သည်တယောက်မှ မရခဲ့ပါဘူး။ ဒုတိယရက်မှာလဲ နှင်းနှင်းဟာ လမ်းဘေးမှာ သွားရပ်ပြန်တယ်။ အဲဒီနေ့ကတော့ နှင်းနှင်းကို ဈေးလာမေးတဲ့ လူတယောက် ရောက်လာပါတယ်။ နှင်းနှင်းဟာ ဘာပြောရမလဲ မသိဖြစ်နေ ပါတယ်။ အခန်းဘေးက မိန်းကလေးက လာပြောပေးလို့ အဆင်ပြေသွားပေမယ့် အခန်းထဲက ပြန်ထွက်လာတော့ ဧည့် သည်က နှင်းနှင်းကို ငွေရှင်း မသွားပါဘူး။ နှင်းနှင်း တညလုံး ငိုနေမိတယ်။ နောက်နေ့တွေမှာတော့ နှင်းနှင်းဟာ အလုပ် မဆင်းတော့ဘဲ မစားမသောက်ဘဲ ကိုယ့်ကိုယ်ကို အခန်းထဲမှာ ပိတ်နေမိတယ်။ အလုပ်လုပ်ဖို့ နှင်းနှင်းမှာ အင်အားတွေ မရှိပါဘူး။ ဒါပေမဲ့ နှင်းနှင်း အတွေးထဲကို ကလေးတွေ ရောက်လာတယ်။ အမေရဲ့ သမီးကို မျှော်နေမဲ့မျက်နှာလေးကို ပြေးမြင်မိတယ်။ ဒါကြောင့် နှင်းနှင်းဟာ မျက်ရည်သုတ်လိုက်တယ်။
ဒီက မိန်းကလေးတွေ ဘာလို့ သူဋ္ဌေးကို အားကိုးရတယ်ဆိုတာကို နှင်းနှင်း သိလိုက်ပြီ။ နောက်ခံသူဋ္ဌေး မရှိရင် သူ့အ တွက် ဝင်ငွေမရှိနိုင်တဲ့အတွက် အခန်းဘေးက မိန်းကလေးရဲ့ သူဋ္ဌေးဆီကို သွားလိုက်တယ်။ ရတဲ့ဝင်ငွေရဲ့ တဝက်က သူဋ္ဌေးကို ပေးရမယ်တဲ့။ တဝက် ပေးရရင်လဲ ပေးရ၊ နှင်းနှင်း အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
နှင်းနှင်းမှာ ဝင်ငွေရှိလာပါပြီ။ သူ့ကလေးနဲ့ အမေဆီပြန်နိုင်ဖို့ ရက်တွေ တဖြည်းဖြည်း နီးလာသလို ပါပဲ။ ဒါပေမဲ့ နှင်းနှင်း မပျော်နိုင်ပါဘူး။ သူ အမေ့ကို ဘယ်လိုပြောရမလဲ။ ဒီအလုပ် လုပ်တာကိုသိရင် အမေက ဘယ်လိုမြင်မလဲ။ ကလေးတွေ ကရော သူ့ကို ခွင့်လွှတ်ပါ့မလား။ အရင်တုန်းက နှင်းနှင်းလဲ ပြည့်တန်ဆာမိန်းကလေးတွေကို မုန်းမိတယ်။ အခုကိုယ်တိုင် ဒီအလုပ်ကို လုပ်နေရတယ်။ နှင်းနှင်း ကိုယ့်ကိုယ်ကို မုန်းမိသလိုပဲ။ ဒါပေမဲ့ ဘာလို့ မုန်းတာလဲဆိုတဲ့ အဖြေကိုတော့ နှင်း နှင်း ရှာမရ ဖြစ်နေတယ်။ နှင်းနှင်းဟာ ကိုယ့်ကိုယ်ကို မေးမိတယ်။ ငါဟာ ဘယ်လိုမိခင်မျိုးလဲ။ ကလေး လေးယောက်ရှိ ပေမယ့် တယောက်မှ အနားမှာမရှိဘူး။ ကိုယ်ကပဲ သားသမီး သံယောဇဉ်မဲ့နေတာလား။ မဟုတ်ပါဘူး၊ မဟုတ်ဘူး။ က လေးတွေ အားလုံးကို ချစ်တယ်။ ဖြစ်နိုင်ရင် ကလေး လေးယောက်စလုံးနဲ့ အတူတူ နေချင်တယ်။
နှင်းနှင်း တယောက်ဟာ သူ့ကလေး အကြီးနှစ်ယောက်နဲ့ အမေဆီကို ပြန်ဖို့ အဆင်သင့် ဖြစ်နေချိန်မှာ အငယ်လေးနှစ် ယောက်နဲ့ တသက်စာ ခွဲခွါဖို့ ပြင်ပြီးသားဆိုသလို ပါပဲ။
ကြည်ကြည်ကျော်မြ
နေ့သစ် မှ... ...
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
0 comments:
Post a Comment