Thursday, 29 September 2011

မိုး

နေ့သစ် ၊ September 27, 2011
မိုးရာသီကို ရောက်လာပြန်ပြီ။ ဒီလို မိုးတွေရွာနေတာကိုမြင်တိုင်း ကျမ မိုးကို သတိရနေမိတယ်။ မိုး ကျမတို့ကို ခွဲခွါသွား တာတောင် နှစ်အချို့ ရှိနေပြီပဲ။ ကျမနဲ့ မိုး စတွေ့တဲ့ အခြေအနေတွေကို ပြန်မြင်ယောင်နေမိတယ်။

ကျမ မိုးနဲ့ စတွေ့တာက နယ်စပ်မြို့လေးတမြို့ရဲ့ စည်ကားလှတဲ့ ဈေးတခုမှာပါ။ “မိုးရေ မိုး ..” အသံလာတဲ့ဘက်ကို ကျမ လှည့်ကြည့်မိလိုက်တယ်။ ကျမမြင်ကွင်းထဲကို မိန်းကလေးတယောက် ရောက်လာပါတယ်။ ကိုယ်ကျပ်အင်္ကျီ လက်တို၊ ဂုတ်ပေါ်မှာဝဲနေတဲ့ သူ့ဆံပင်နက်တွေနဲ့ စကပ်ရှည်အကျပ်ဝတ်ထားတဲ့ မိန်းကလေးတယောက်။ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် ကျမ သူ့ကို ငေးကြည့်နေမိတယ်။ သူက ကျမ ရပ်နေတဲ့ဘက်အတိုင်း လျှောက်လာပါတယ်။ ကျမ သူ့ကို ဆက်ငေးကြည့်နေမိတယ်။ သူကလဲ ကျမကြည့်နေတာကို မြင်သွားသလိုပါပဲ၊ ကာလာဖျော့ဖျော့လေးချယ်ထားတဲ့ သူ့မျက်နှာ ကျမဘက်လှည့်လာပြီး ကျမကို ပြုံးပြပါတယ်။ ကျမလဲ သူ့ကို ခေါင်းငြိမ့်နှုတ်ဆက်လိုက်တယ်။ လူတွေက သူ့ကို ဒီလို ကြည့်နေကျပဲ ထင်ပါတယ်၊ သူ့အပြုံးက ဒီလောက် သဘာဝကျတယ်။ သူ့အပြုံးကို ကျမ အခုချိန်ထိ မှတ်မိ နေတယ်။ အဲဒီတုန်းက သူ့နာမည် မိုး ဆိုတာကိုပဲ ကျမ သိလိုက်တာပါ။ သူနဲ့ စကားတခွန်းမှ မပြောဖြစ်ပါဘူး။

မိုးကို ဒုတိယအကြိမ်တွေ့တာက သင်တန်းတခုမှာပါ။ အဲဒီတုန်းက သင်တန်းတခုမှာ စကားပြန်လုပ်ဖို့ ကျမ ရောက်နေ တာပါ။ သင်တန်းတက်မလို့လာတဲ့ မိန်းကလေးတစုထဲမှာ ကျမ မိုးကို တွေ့လိုက်တယ်။ မိုး ကျမကို ပြုံးပြနှုတ်ဆက် နေပါ တယ်။ ကျမလဲ သူ့ကို ပြန်နှုတ်ဆက်လိုက်တယ်။ ဒီသင်တန်းဟာ ကျန်းမာရေးသင်တန်းဆိုတာကိုတော့ ကျမသိပါတယ်။ ဒီမိန်းကလေးတစုဟာ ဒီသင်တန်းနဲ့ ဘယ်လို ပတ်သက်နေတယ်ဆိုတာ ကျမ နည်းနည်းမှ မသိပါဘူး။ သူတို့ရဲ့ အလုပ် ဟာ ပြည့်တန်ဆာလို့သိရတော့ ကျမ စိတ်မကောင်းဖြစ်မိတယ်။ ဒီလို နုပျိုလှပသွက်လက်နေတဲ့ မိန်းကလေးတစု ဘာလို့ ဒီအလုပ်ကို လုပ်ရတယ်ဆိုတာကိုလဲ ဘယ်လိုမှ စဉ်းစားမရပါ။ ဒီသင်တန်းရက်တွေမှာ သူတို့နဲ့ ဆက်ဆံရင်း ဒီကလေးမ လေးတွေ အများစုဟာ စာမတတ်တာကို အံ့သြကြီးစွာ သိလိုက်ရတယ်။ တချို့ဆို ကိုယ့်နာမည်ကိုတောင် မရေးတတ် ပါဘူး။ ဒါပေမဲ့ မိုးရဲ့လက်ရေးတွေကတော့ ဝိုင်းစက်လှပနေတာ တွေ့ရတယ်။ မိုးက သင်တန်းမှာ လိုအပ်တဲ့မှတ်တမ်း တွေ ကူလုပ်ပေးပါတယ်။ ကျမနဲ့ မိုးဟာ ဒီလိုနဲ့ပဲ ရင်းနှီးလာခဲ့တာပါ။

မိုးက သူ့အကြောင်း ကျမကို ဒီလိုပြောပြပါတယ်။

မိုးက မြို့ကြီးတမြို့မှာ မွေးဖွားကြီးပြင်းခဲ့တာပါ။ အဖေအမေကလဲ ဝင်ငွေမဆိုးပါဘူး။ မိုးမှာ မောင်တယောက်နဲ့ ညီမတ ယောက် ရှိတယ်။ မိုးက သမီးကြီးပေါ့။ မူလတန်း အလယ်တန်းကျောင်းသူဘဝမှာ စာတော်ခဲ့သလို ဆရာရဲ့ တပည့် ကောင်း၊ မိဘရဲ့ သမီးအလိမ္မာလေးပါ။ မိုးမှာ အလွန်ခင်ရတဲ့ သူငယ်ချင်းတစုလဲ ရှိပါတယ်။ ဒီသူငယ်ချင်းတွေဟာ မိုးနဲ့ ညီအကို မောင်နှမ အရင်းတွေလို ချစ်ခင်သလို မိုးရဲ့မောင်နဲ့ညီမလေးတွေကိုလဲ ဂရုစိုက်ကြပါတယ်။ ဒါတွေကတော့ မိုး ရဲ့ပျော်စရာ ကလေးဘဝလေးပါ။ သိတတ်တဲ့ အရွယ်ရောက်လာချိန်မတော့ ဘဝရဲ့ အချိုးအကွေ့ အချိန်တွေ မိုးဆီ တ ဖြည်းဖြည်း ကပ်လာနေပြီလေ။

အမေ့မျက်နှာ ညှိုးနွမ်းနေတာကို မိုးသတိထားမိတာ ရက်အချို့ရှိပြီ။ အမေ့ရင်ဘတ်က အောင့် အောင့်နေတယ်လို့ အမေ ခဏခဏပြောနေတာ ကြားရတယ်။ ဆေးတွေသောက်နေပေမယ့်လဲ သက်သာတာ မတွေ့ရဘူး။ အမေဟာ တရက် ထက်တရက် ပိန်လာတယ်။ ချောင်းတွေလဲ တအားဆိုးနေတယ်။ အမေ့အတွက် မိုး တအားစိုးရိမ်နေခဲ့မိတယ်။ဒီရက်တွေ မှာ အဖေ အိမ်ပြန်နောက်ကျတာကိုလဲ သမီးအကြီးဖြစ်တော့ သတိပြုမိတယ်။ အဖေနဲ့အမေ စကားများသံလဲ မိုး မကြာ မကြာ ကြားနေရတယ်။ ဘာအကြောင်းကြောင့် စကားများရတယ်ဆိုတာကိုတော့ မိုးမသိရပါ။ ဒီအိမ်လေးဟာ အရင်လို နွေးထွေးမှု မရှိတော့ပါဘူး။ အရင်လို ပျော်ရွှင်ကြည် နူးစရာလဲ မကောင်းတော့ဘူး။ မိုး အိမ်ပြန်ရမှာကို ကြောက်လာ တယ်။

သူငယ်ချင်းတွေထဲက ကိုယ့်ကို လိုလေသေးမရှိ လိုက်လုပ်ပေးနေတဲ့ ကောင်လေးတယောက် ရှိတယ်။ အိမ်နီးနားချင်း ငယ်သူငယ်ချင်း။ ဒီလိုနဲ့ မိုး တို့နှစ်ယောက် ကျောင်းသွားအတူ ကျောင်းပြန်အတူ တတွဲတွဲ ဖြစ်လာကြတယ်။ သူနဲ့ နေရ တာ အရမ်းပျော်မိသလို အိမ်က မရနိုင်တော့တဲ့ နွေးထွေးမှု၊ ဂရုစိုက်မှုတွေ သူ့ဆီက မိုးရနေတယ်မဟုတ်လား။ သူနဲ့ ငယ်ငယ်ထဲက ရင်းနှီးခဲ့တဲ့အတိုင်း လွတ်လွတ်လပ်လပ် သွားလာနေတယ်။ မိုးတို့ရဲ့ သမီးရည်းစားအဖြစ် ပထမဆုံးချိန်း တွေ့တဲ့နေ့က စိတ်တွေ တအားလှုပ်ရှားမိတယ်။(ဒီအကြောင်း ပြန်ပြောပြနေတဲ့ မိုးဟာ စိတ်လှုပ်ရှား ကြည်နူးနေပုံပါ။)

မိုးရဲ့အမေက မိုးတို့ကို ရုတ်တရက်ခွဲခွာသွားတော့ အမေမရှိတော့တဲ့အတွက် မိုးဟာ ဒီအိမ်ကြီးကိုပြန်ရမှာ ခြေလှမ်းတွေ ပိုလေးနေခဲ့တယ်။ မိုး သူနဲ့ခိုးရာလိုက်ပြေးခဲ့တော့တယ်။ ကျောင်းတက်နေဆဲ ကျောင်းသားအရွယ် ကလေးနှစ်ယောက် ဘယ်ကိုသွားနိုင်မှာလဲ။ မကြာပါဘူး၊ မိုးတို့ အိမ်ပြန်လာခဲ့တယ်။ အဖေက လောင်းကစား စွဲမက်သွားပြီး အိမ်ကို မှန်မှန်ပြန် မလာတော့ဘူး။ အိမ်မှာရှိတဲ့ ပစ္စည်းတွေလဲ အဖေပေါင်ပြီး လောင်းကစားလုပ်လိုက်တာ ဘာမှမရှိသလောက်ဖြစ်နေပြီ။ အဖေနဲ့ မိုးရဲ့သူဟာလဲ အမြဲစကားများကြတော့ မိုး စိတ်ဆင်းရဲခဲ့ရတယ်။

မိုး ခေါင်းတွေမူးမူးနေတယ်။ ခဏခဏအန်တယ်။ မိုး ကိုယ့်ကျန်းမာရေးကို တအားစိုးရိမ်သွားတယ်။ ဒါပေမဲ့ မိုးရော ဖေ ဖေရော သူပါ ဝမ်းသာရမယ့် သတင်းလေးကတော့ မိုးမှာ ကိုယ်ဝန်ရှိနေ ပြီဆိုတာပါပဲ။ ဖေဖေနဲ့ သူလဲ စကားများတာ တွေ သိသိသာသာ နည်းသွားတယ်။ ဒီမိသားစုလေးဟာလဲ အရင်လို ပျော်ရွင် ဖို့ကောင်းတဲ့ မိသားစုလေးဖြစ်လာတော့ မယ်လို့ တွေးမိတိုင်း မိုး အရမ်းဝမ်းသာနေခဲ့မိတယ်။ ဒါပေမဲ့ ကံကြမ္မာက မိုးကိုမျက်လှည့်ပြလိုက်ပါပကော။ မိုး ကိုယ်ဝန် ပျက်ကျသွားခဲ့တယ်။ ငြိမ်းလုလု ဖြစ်နေပြီဖြစ်တဲ့ ဖေဖေနဲ့ သူရဲ့ တိုက်ပွဲဟာလဲ အရှိန်ပြန် မြင့်လာခဲ့ပါတော့တယ်။

တဘက်က အသက်အရွယ်ရနေပြီဖြစ်တဲ့ ဖေဖေ၊ လူလား မမြောက်သေးတဲ့ မောင်နဲ့ ညီမလေး၊ တဘက်က ကိုယ့်ကို အားလုံးအလိုလိုက်နေတဲ့ ချစ်သူ၊ မိုး ဘယ်ဘက်ကို ရွေးချယ်ရမလဲ။ မိုး ဘက်စုံစဉ်းစားပြီးမှ ဖေဖေတို့ဘက်က ရပ်လိုက် တယ်။ သူက မိုးကိုထား ပြီး အိမ်ပေါ်က ဆင်းသွားတော့တယ်။ မိုးလဲ အရုပ်ကြိုးပြတ် ခွေကျသွားခဲ့တော့တယ်။

နောက်တော့ မိုးတို့ အိမ်နီးချင်း သူငယ်ချင်းတယောက်က ကောင်မလေးတွေ လာလာခေါ်နေတာ ကြားနေရတယ်။ တ ခြားမြို့တမြို့ကို သွားအလုပ်လုပ်ရမယ်၊ ဝင်ငွေလဲ မဆိုးဘူးလို့ သိရတယ်။ မိုး စဉ်းစားမနေတော့ပါဘူး။ လိုက်ဖို့ ဆုံးဖြတ် လိုက် တယ်။ ဒီမြို့ကနေ ထွက်ခွါသွားရဖို့က အဓိကမဟုတ်လား။ မိုးနဲ့အတူ မိန်းကလေးတစုဟာ မြို့လေးတမြို့ကို ရောက်လာခဲ့တယ်။ မိုးနဲ့အတူလာတဲ့ မိန်းကလေးတွေကို တခန်းထားပြီး မိုးကိုတော့တခန်း သီးသန့်ထားတယ်။ ညဘက် ရောက်တော့ မိုးတို့ကို အပြင် အလည်ခေါ်ပြပါတယ်။ မီးတွေ ထိန်ထိန်လင်းနေတာ မြင်တော့မှ မိုးတို့ တခြားတနိုင်ငံ ရောက်နေမှန်း သိကြတော့တယ်။

ဒီမှာ ဆက်နေရမလား၊ အိမ်ပြန်ရမလား၊ မိုး ကိုယ့်ကိုယ်ကို အခါခါ မေးမိတယ်။ ပြန်မယ်ဆိုရင် တလမ်းလုံး ကုန်ခဲ့တဲ့စ ရိတ်တွေ ဘယ်လို ပြန်ဆပ်မလဲ။ ဘာကြောင့် အိမ်ပြန်ရမှာလဲ။ အိမ်မှာ စိတ်ဆင်းရဲစရာတွေပဲ ရှိတယ်။ ဒီမှာ ဆက်နေမယ် ဆိုရင်ကော ဘယ်လိုအလုပ်မျိုးလုပ်ရမလဲ။ မိုး ဟာ လဲပေါင်းများစွာနဲ့ တွေးပူနေမိလိုက်တာ ဘယ်လိုကနေ ဘယ်လိုအ ချိန်ကုန်သွားမှန်းတောင် မသိတော့ပါဘူး။ ဟင်း …

မိုး သက်ပြင်ချရင်း မျက်ရည်ရွဲရွဲနဲ့ ဆက်ပြောပြန်ပါတယ်။

မိုးနဲ့ မိန်းကလေးတွေကို အလှပြင်ခိုင်းကြတယ်။ ကိုယ်ကျပ် ဝတ်ရမယ်၊ မျက်နှာကို အလှခြယ်ရမယ်။ ပြင်ဆင်တာတွေ ပြီးတော့ မိုးကို အခန်းထဲထားခဲ့ပြီး ကျန်တဲ့လူတွေကိုတော့ အပြင်ခေါ်ထုတ်သွားတယ်။ ဘယ်ကိုခေါ်သွားတယ် ဆိုတာ တော့ မိုးမသိရဘူး။ အဲဒီနေ့က အလုပ်စတက်တဲ့ရက်မို့ မိုး ထိုင်မနေနိုင်အောင် စိတ်တွေ လှုပ်ရှားနေတယ်။ သိပ်မကြာ လိုက်ပါဘူး။ တံခါးခေါက်သံနဲ့အတူ လောပန်ရဲ့ နောက်က အမျိုးသားတယောက် ပါလာပါတယ်။ လောပန် အခန်းထဲ မဝင်ဘဲ ဟိုအမျိုးသားက အခန်းထဲ တန်းဝင်လာတယ်။ သူဝင်လာတာနဲ့အတူ အရက်နံ့က ထောင်း ကနဲထွက်လာပါ တယ်။ လောပန်က သူ့စိတ်တိုင်းကျ လုပ်ပေးရမှာ မင်းအလုပ်ပဲလို့ ပြောပြီး တံခါးပိတ် ထွက်သွားပါတယ်။

မိုး အခုမှ ကိုယ့်အလုပ်ကို ကောင်းကောင်း သဘောပေါက်လိုက်တော့တယ်၊ မိုး အိမ်ထောင်ကျဖူးတယ် ဆိုပေမယ့်လဲ အခုလို ကိုယ်တခါမှ မမြင်ဖူးတဲ့၊ ပြီးတော့ အရက်မူးနေတဲ့ လူတယောက်နဲ့ အတူတူနေရမှာမို့ ဇောချွေးတွေ တကိုယ်လုံး စိုရွှဲသွားတာပေါ့။ ဒီအချိန်ကျမှ ငြင်းလို့မရတော့ဘူးဆိုတာလဲ မိုး ကောင်းကောင်းသဘောပေါက်ခဲ့တာ။ ဒီလိုနဲ့ အဲဒီည မိုးရဲ့အခန်းတံခါး ဘယ်နှစ် ကြိမ်ဖွင့်လိုက်လဲ ပိတ်လိုက်လဲ ဆိုတာတောင် မိုး မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ ဒီတညဟာ မိုးအတွက်တော့ ရာစုနှစ် တခုလောက် ကြာသလို ခံစားခဲ့ရတာ အမှန်ပဲ။

ဝင်ငွေမဆိုးဘူးဆိုတဲ့ အလုပ်ဟာ ဒီလိုအလုပ်ကိုး။ မိုး နောင်တရခဲ့မိတယ်။ မိုး သူ့ကို သတိရနေခဲ့မိတယ်။ သူနဲ့ ဒီဘဝမှာ တော့ အတူတူမနေရတော့ဘူးဆိုတာလဲ မိုးသိနေတယ်။ မိုး သူ့ကိုတွေ့ရမှာ ကြောက်နေမိတယ်။ ရက်တွေကြာလာတော့ မိုးလဲ တခြားမိန်းကလေးတွေလို လမ်းမပေါ်မှာရပ်ပြီး ဧည့်သည်ရှာရတယ်။ မိုး သံပတ်ပေးထားတဲ့ စက်ရုပ်လို အလုပ် လုပ်နေခဲ့ရတယ်။ ဒီအလုပ်ဟာ ကိုယ့်အတွက် ဘယ်လို အန္တရာယ်တွေ ရှိတယ်၊ ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်ရမယ် ဆိုတာတွေကို မိုးမသိခဲ့၊ မကြားခဲ့ပါဘူး။ မိုးနဲ့အတူ အလုပ်လုပ်နေတဲ့ မိန်းကလေးတွေလဲ မသိဘူး။ သူတို့ကို ပြောပြမယ့် လူလဲ မရှိဘူး။

မိုးက မိန်းကလေးတွေထဲမှာ ဝင်ငွေအများဆုံးလေ၊ အလုပ်အဖြစ်ဆုံးပေါ့။ ဒီအတွက် မိုး ပျော်ခဲ့မိတယ်။ ဒါမှ ငွေမြန်မြန်ရ မယ်။ ညီမလေး၊ မောင်လေးတွေဆီ ငွေပို့နိုင်မယ် မဟုတ်လား။

ကျမ မိုးကိုစတွေ့တော့ မိုး ဒီမြို့ကိုရောက်နေတာ လေးငါးလရှိနေပြီ။ အခုလို ကျန်းမာရေးသင်တန်းတွေတက်မှ သူ့အ လုပ်ဟာ အန္တရာယ်ရှိတယ်ဆိုတာကို သူသိရတော့တာ။ သင်တန်းတွေ ပြီးတဲ့အခါကျမှ မိုးတို့တတွေ ဆေးသွား စစ်ကြ တယ်။ အဲဒီစစ်ဆေးချက် အဖြေကတော့ မိုးမှာ အိပ်ခ်ျ အိုင်ဗွီ ပိုးရှိနေပြီ။ မိုး ကျမကို ဒီအကြောင်း လာပြောပြတော့ သူ စိတ်တအား လှုပ်ရှားနေတာ မတွေ့ရပါဘူး၊ ကံဆိုးတဲ့ မိုးကို ကျမ ဘယ်လို အားပေးစကားပြောရမလဲ၊ ဘယ်လို နှစ်သိမ့်ရ မလဲ အပြောတတ်အော င်ပါပဲ။ မိုးရဲ့ မှိုင်းညို့ညို့မျက်နှာလေးကို ငေးကြည့်ရင်း ကျမ စကားမရှိ စကားရှာကာ “မောင် လေးနဲ့ ညီမလေးဆီ ပိုက်ဆံပို့ဖြစ်သေးလား၊ ဖုန်းအဆက် အသွယ်ရလား” မေးတော့ ကျမကို ပြုံးကြည့်ရင်း ခေါင်းညိမ့်ပြ ပါတယ်။

နောက်တော့ ကျမ မိုးဆီကို မကြာမကြာ သွားဖြစ်တယ်။ သူ့ ကျန်းမာရေး အခြေအနေကို မေးမိတယ်။ မိုးဟာ ကျန်းမာ ရေးသင်တန်းတွေကို တက်တက်ကြွကြွ ပါဝင်တယ်။ တခြားမိန်းကလေးတွေကိုလဲ ကျန်းမာရေး သင်တန်းတွေတက်ဖို့ နှိုး ဆော်တယ်၊ သင်တန်းမှာလဲ သူ့ရဲ့ဗဟုသုတခေါင်းပါးမှုကြောင့် အခုလိုဖြစ်ရတယ်ဆိုတာတွေကို ပြောပြနေတယ်။ ကျမ မိုးကို ပိုခင်လာမိတယ်။ သူ့ရဲ့ သတ္တိရှိမှုကိုလဲ ချီးကျူးမိတယ်။

တရက် မိုး ကျမဆီ ရောက်လာတယ်။ သူစိတ်တွေ တအားလှုပ် ရှားနေပုံပါပဲ။ မျက်လုံးတွေလဲ နီရဲလို့၊ ငိုထားတယ်ဆိုတာ သိသာနေတယ်။ မိုးဟာ သတ္တိရှိတဲ့ မိန်းကလေးတယောက်ပါ။ ဒီနေ့ ဘယ်လို ဖြစ်နေတာလဲ။ ကျမ မေးအောင် စောင့်မ နေဘဲ မိုးပြောလိုက်တာကတော့

“သူရောက်လာတယ်” တဲ့။

“သူဆိုတာ ဘယ်သူလဲ” ကျမ လွှတ်ကနဲမေးလိုက်မိတယ်။

“ကျမယောင်္ကျားလေ … ကျမတို့ မြို့ကနေ လိုက်လာတာ” လို့ မိုး ပြန်ဖြေတယ်။

“သူ မိုးကို ဘာလုပ်လိုက်လို့လဲ” ကျမက သိချင်ဇောနဲ့ ဆက်မေးလိုက်တော့ မိုးက

“ကျမ ဘာလုပ်နေတယ်ဆိုတာ သူသိတယ်။ သူက ကျမကို အပြစ်မတင်ဘူး။ သူ ဒီမှာပဲ နေတော့မယ် ပြောနေတယ်”

“ဟာ ဒါကောင်းတာပေါ့” လို့

ကျမကပြောတော့ မိုးက ခေါင်းကို မရပ်တမ်း ရမ်းခါနေတယ်၊ နှုတ်ကလဲ

“မကောင်းဘူး၊ ဒါ မဖြစ်ဘူး” လို့ တတွတ်တွတ် တိုးတိုးလေး ရွတ်နေတယ်။

“သူ ဒီမှာနေလို့မဖြစ်ဘူး။ ကျမနဲ့အတူတူနေလို့ မဖြစ်ဘူး။ ကျမ အခြေအနေကိုလဲ ဆရာမ သိနေသားပဲ။ ဘယ်လိုမှ သူနဲ့ အတူနေလို့မဖြစ်ဘူး”။

ကျမ မိုးရဲ့သူနဲ့ တွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။

မိုးရဲ့သူဟာ အလွန် စကားနည်းပါတယ်။ ကျမက သူ့ကို မိုး အခြေအနေ ပြောပြလိုက်တော့ သူက အေးအေး ဆေးဆေး ပဲ ကျမကို ပြန်ပြောပါတယ်။

“မိုး ဘယ်လို အခြေအနေကိုပဲ ရောက်ရောက် မိုးအနားမှာပဲ နေသွားမယ်” တဲ့။

ကျမ မိုးအတွက် အရမ်း ဝမ်းသာနေမိခဲ့ပါတယ်။

ဒီလိုနဲ့ မကြာခင်ပဲ မိုးရဲ့ကျန်းမာရေးဟာလဲ တရက်ထက် တရက် ဆိုးလာလို့ မိုး တရက်ထက်တရက် ပိုပိန်လာတယ်။ မိုးဟာ စတွေ့ခါစတုန်းကလို အလှပိုင်ရှင်မလေး မိုး မဟုတ်တော့ပါဘူး။ လေတိုက်ရင်တောင် လွင့်သွားမှာ စိုးရိမ်နေရမလို ဖြစ်နေပြီ။ မိုးရဲ့သူကတော့ မိုးကို ပြုစုစောင့်ရှောက်နေဆဲပါ။ မိုးရဲ့မောင်လေးနဲ့ညီမလေးလဲ မိုးနဲ့အတူလာနေကြတယ်၊ မိုး အလုပ် မလုပ်နိုင်တော့ပါဘူး။ သူ့ယောကျာ်းရတဲ့ ဝင်ငွေလေးနဲ့ နေနေရတယ်။

မိုးကို သူများအကူအညီနဲ့ တခြားမြို့တမြို့မှာ ဆေးသွားပြဖို့ ကြုံလာပါတယ်။ မိုးကို ကျမ လိုက်ပို့မှာ ဖြစ်ပါတယ်။ မိုးရဲ့ သူဟာ ကားဂိတ်အထိ မိုးနဲ့ကျမကို လိုက်ပို့ပါတယ်။ သူက မိုးကို ဘယ်လို ဂရုစိုက်ရမယ်၊ မိုး ဘာနဲ့မတည့်ဘူးဆိုတာတွေ ကျမကို တတွတ်တွတ်မှာနေပါတယ်။ ကျမတို့ ကားမထွက်မချင်း ကားဂိတ် အုတ်ခုံလေးမှာထိုင်ရင်း ကျမတို့ကို စောင့် ကြည့်နေတယ်။ ကျမတို့ ကားထွက်သွားတဲ့အထိ ကားဂိတ်မှာ ရပ်ကျန်နေရစ်ပါတယ်။ ကျမနဲ့မိုး တခန်းထဲ အတူ တည်း တာပါ။ မိုးအတွက် ပစ္စည်းလိုလို့ ကျမက မိုးရဲ့အိတ်ကို ဖွင့်လိုက်တော့ မိုးအတွက် သူပြင်ပေးထားတဲ့ ပစ္စည်းတွေကို တွေ့ ရတယ်။ အဝတ်အစားက အစုံလိုက်၊ ပန်းကန်၊ ခွက်၊ တူ၊ ဇွန်း အစုံပါတယ်။ ဘယ်အချိန်မှာ ဘာဝတ်ရမယ်၊ ဘာစားရမယ် ဆိုတာ စာရွက်လေးနဲ့ ရေးထားပြီးသား။ ခွက်လေးနှစ်ခွက်ကို ကျမသတိထားမိတယ်။ အဲဒီခွက်ပေါ်မှာ ကာတွန်းရုပ်လေး နှစ်ရုပ် ဆွဲထားတယ်။ တယောက်က မိုး တယောက်က သူပေါ့။ မိုးအနားမှာ သူအမြဲရှိနေတယ် ဆိုတာကို သိအောင်လို့ ပါတဲ့။

မိုးမှာ သူ့ကိုနားလည်တဲ့ သူ့ကိုချစ်တဲ့သူ ရှိနေလို့ ကံကောင်းသူလေးလို့ ကျမ မိုးကို ခဏခဏပြောမိတယ်။ မိုးဟာ သတ္တိ ရှိသလို သိတတ်သူလဲ ဖြစ်တယ်။ မိုးကို လိုက်ပို့တော့ ကျမမှာ လသားအရွယ် သမီးလေးတယောက် ပါပါတယ်။ မိုးဟာ ကလေးအလွန်ချစ်တတ်ပါတယ်။ ဒါပေမဲ့ သူက ကလေးကို တခါမှ မပွေ့ပါဘူး။ ကလေးပစ္စည်းတွေကိုလဲ မကိုင်ပါဘူး။ ကျမက ကိစ္စမရှိပါဘူးလို့ပြောနေပေမယ့် မိုးဟာ သူ့မှာ ဘာရောဂါတွေရှိနေမှန်းမသိဘူး၊ ကလေးကို ကူးမှာစိုးတယ်ဆိုပြီး ကလေးနားကို မကပ်ပါဘူး။ ရေလဲ သူ့ခွက်နဲ့သူ သောက်ပါတယ်။ သူထမင်းစားတဲ့ တူနဲ့ ဟင်းနှိုက်တာမျိုးကိုလဲ သူမလုပ် ပါဘူး။

မိုးက အပြင်သွားလည်ချင်တယ်လို့ ပြောလာပါတယ်။ ကျမ မိုးကို မသွားစေချင်ပါ။ ဒီတလော မိုး ဝမ်းတွေ လျှောနေ တယ်မဟုတ်လား။ မိုးက နောက်ဆို ကျမ ထပ်လာနိုင်တော့မှာ မဟုတ်ဘူး၊ ရောက်တုန်း သွားနိုင်တုန်း လျှောက်လည် ချင်တယ်တဲ့။ ကျမ မိုးနဲ့ အတူလျှောက်လည်ဖို့ သဘောတူလိုက်တယ်။ မိုးဟာ လမ်းနည်းနည်းလျှာက်တာနဲ့ မောနေပါပြီ။ ဒါပေမဲ့ သူအပြုံးမပျက်ပါဘူး။ အခုလို မိုးနဲ့အတူ လျှောက်သွားနေသူဟာ ကျမမဟုတ်ဘဲ မိုးရဲ့သူဆိုရင် မိုး ဘယ်လောက် များ ပျော်လိုက်မလဲလို့ မိုးကို ကြည့်ရင်း ကျမတွေးနေမိတယ်။

အဲဒီက ပြန်လာပြီးကတည်းက မိုးရဲ့ကျန်းမာရေးဟာ သိသိသာသာ ကောင်းလာပါတယ်။ မိုးကို ကျန်းကျန်းမာမာနဲ့ မိုးရဲ့ သူနဲ့ တတွဲတွဲသွားနေတာ မြင်ရတော့ ကျမ တအားဝမ်းသာမိတယ်။ ဒါပေမဲ့ ကံကြမ္မာဟာ မိုးကို နောက်တခေါက် မျက် လှည့်ပြလိုက်ပြန်ပါ ပြီ။ မိုးရဲ့သူ ဆုံး ပြီ။

ဒီသတင်းကို ကြားရတဲ့ ကျမဟာ ကိုယ့်နားကိုယ် မယုံနိုင် အောင်ပါဘဲ။ ကိုယ် နားကြားလွဲတာ ဖြစ်ပါစေ။ ကျမ ရေခဲတိုက် မှာ မိုးကိုတွေ့လိုက်တယ်။ ဟိုမှာလှဲနေတာကတော့ မိုးရဲ့သူပါ။ မိုး မျက်နှာ ခုလိုညှိုးနွမ်းနေတာ ကျမတခါမှ မကြုံဖူးပါ ဘူး။ မိုး ဘယ်လိုဖြစ်တာလဲလို့ ကျမ မေးနေတာကို မိုးမှာဖြေနိုင်တဲ့ အင်အားတွေ မရှိတော့ပါဘူး။ အနားက အမျိုးသမီးက ပြောပြပါတယ်။ “မိုးရဲ့ မောင်လေးက ဓားနဲ့ ထိုးလိုက်တာ” တဲ့။ ဘုရား ဘုရား… မကြားရဲစရာပါလား။ “မိုးရဲ့မောင်လေးနဲ့ သူဟာ အရက်သောက်ထားတော့ နည်းနည်း စကားများကြတာကနေ ဓားနဲ့ထိုးလိုက်တာ၊ မိုးရဲ့မောင်ဟာ သူငယ်ငယ်က ထိန်းလာတဲ့ ကလေးမို့ တကယ်ထိုးမယ် မထင်ဘူး။ ဒါကြောင့် ဟိုက ဓားနဲ့ထိုးမယ်လို့ပြောနေတာကို သူက လည်ပင်းငုံ့ ပေးလိုက်တာ” ဆိုပဲ။ “ဓားက လည်ပင်းသွေးကြောမကြီးကို ထိသွားတော့ မိုးရဲ့သူဟာ သွေးတွေ ပန်းထွက်နေတဲ့ လည် ပင်းကို သူ့လက်နဲ့အုပ်ရင်း မိုးဆီကို မိုး … မိုး နဲ့ အော်ခေါ်ပြီး အရောက်ပြေးလာသေးတယ်။ မိုး လှဲနေတဲ့ ကုတင်ရှေ့ရောက်မှ လဲကျသွား ပြီး အသက်ထွက်သွားတာ” တဲ့။

အားလုံးက မိုးကို ဆေးရုံတင်ထားတယ်လို့ပဲ ပြောထားကြတာ။ မိုးလဲ အခုမှ သူမရှိတော့မှန်းသိတာတဲ့။ သူ့မောင်လဲ ထွက်ပြေးသွားပြီတဲ့။ မိုး ဘယ်လို ရင်ဆိုင်ရမှာလဲ။ တရားခံက သူသိပ်ချစ်တဲ့ မောင်လေး။ သေဆုံးသူက သူ့ကို လိုလေ သေးမရှိ ပြုစုနေတဲ့ သူ့ယောက်ကျား၊ သေဆုံးသူရဲ့ ဇနီးအနေနဲ့ တရားခံကို မြန်မြန်မိစေချင်တယ်။ တရားခံရဲ့ အမအနေ နဲ့ သူ့မောင်ကို မမိစေချင်ဘူး။ မိုးရဲ့ စူးစူးရှရှ သူ့ကို အော်ခေါ် ငိုနေသံကို ကြားနေရတယ်။

“မင်း သူ့ကိုချစ်တယ်ဆိုတာ ငါသိတယ်၊ သူကလဲ မင်းကို အကိုတယောက်လို ချစ်ပါတယ်၊ သူလက်လွန်သွားတာပါ။ မင်း ဘာလို့ ခေါင်းငုံ့ပေးရတာလဲ။ မင်းဘာလို့ မရှောင်လိုက်တာလဲ၊ မင်းဘာလို့သူ့ကို မတွန်းလိုက်တာလဲ” မိုး ထပ်အော်ဖို့ အင်အားတွေ ကုန်ခန်းနေပါပြီ။ ကျမ မိုးကို ဆွဲထူလိုက်တယ်။ မိုးရဲ့သူ့ကို ရင်ခွဲရုံမှာပဲ နောက်ဆုံးနှုတ်ဆက်ဖို့ ကျမ ပြော မိတယ်။ သူ့ကို မြေချတဲ့အထိတော့ မလိုက်ဖို့ ကျမ ပြောမိတယ်။ မိုး ခေါင်းကိုတွင်တွင်ခါကာ မျက်ရည်တွေ သုတ်နေပါ တယ်။ သူ့ကို နောက်ဆုံး အထိတော့ ပို့ပါရစေတဲ့။ မိုးနဲ့ ကျမတို့ဟာ မိုးရဲ့သူ့ကို လိုက်ပို့ကြတယ်။

အဲဒီနေ့က မိုးလေးဖွဲဖွဲရွာနေတယ်။

သူမရှိတော့နဲ့နောက် မကြာပါဘူး။ မိုး အိပ်ရာထဲလဲပါတော့တယ်။ မိုးရဲ့ မိတ်ဆွေတွေ မိုးကို အလှည့်ကျ ပြုစုကြပါတယ်၊။ မိုးဆီကိုရောက်တိုင်း မိုးရဲ့ ကျန်းမာရေးဟာ တရက်ထက်တရက် ဆိုးလာတာတွေ့ရတယ်။ မိုး အစာမျိုမရတော့ပါဘူး။ ရေမျိုရတာတောင် ခက်နေပါပြီ။ နောက်ဆုံးတခေါက် မိုးဆီရောက်တော့ စကားကောင်းကောင်းတောင် မပြောနိုင် တော့ ပါဘူး။ မိုးက ကျမ လက်ကို ဆုပ်ထား ပြီး သူ့ညီမလေးကို ညွှန်ပြနေပါတယ်။ သူ ဘာပြောချင်တယ်ဆိုတာကို ကျမ သိနေ ပါတယ်။

မိုးတွေ တဖွဲဖွဲရွာနေတဲ့ တရက်မှာပဲ မိုး ကျမတို့ ကိုခွဲသွားခဲ့တယ်။ ကျမတို့ မိုးကို သူ့နားမှာ မြေချလိုက်တယ်။ မိုးရည်စက် လေးတွေက မြေပုံလေး နှစ်ပုံပေါ်ကို ညင်ညင်သာသာ ညီညီမျှမျှ ရွာကျလို့ …

ကြည်ကြည်ကျော်မြ

0 comments: