Tuesday 2 August 2011

ကလေးသူငယ်အခွင့်အရေး ကာကွယ်ပေးဖို့ HRDP ပန်ကြား

RFA 2011-08-01
မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့် စော်ကားမှု၊ ကလေးစစ်သားအဖြစ် အဓမ္မ စုဆောင်းမှု၊ အဓမ္မ ခိုင်းစေ ညှင်းပန်းနှိပ်စက်မှု စတဲ့ အနိုင်ကျင့် အမြတ်ထုတ်မှုတွေ အများအပြား ပေါ်ပေါက်နေတဲ့အတွက် ထိထိရောက်ရောက် ကာကွယ် စောင့်ရှောက်မှုပေးဖို့ HRDP လူ့အခွင့်အရေး မြှင့်တင်သူများက ဒီကနေ့ မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လတွေအထိ အသက် ၁၈ နှစ် မပြည့်သေးခင် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့် စော်ကားခံရတဲ့အမှု ၁ဝ မှုထက်မနည်း လက်ခံရရှိခဲ့တယ်လို့ HRDP အဖွဲ့ရဲ့ မေတ္တာရပ်ခံချက်ထဲမှာ ဖော်ပြထားပါတယ်။

“စီးပွားရေး ချွတ်ခြုံကျမှု၊ တရားဥပဒေ စိုးမိုးမှု လျော့ရဲလာမှုတွေကြောင့် အခုလို ကလေးသူငယ်တွေအပေါ် အနိုင်ကျင့် စော်ကားမှုတွေ ပိုမို ထူပြောလာနေပေမယ့် ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်တဲ့ အဖွဲ့အစည်း တိတိကျကျမရှိ ဖြစ်နေကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံ အစိုးရ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများနဲ့ နိုင်ငံရေးပါတီများကို မေတ္တာရပ်ခံ ပန်ကြားရတာဖြစ်ကြောင်း HRDP အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွေကို လက်မှတ်ထိုးထားတဲ့ နိုင်ငံဖြစ်သလို မြန်မာနိုင်ငံအတွင်း ကလေးသူငယ်ဆိုင်ရာ ဥပဒေတွေကိုလည်း ပြဋ္ဌာန်းထားပေမယ့် ထိရောက်စွာ အရေးယူ ဆောင်ရွက်မှု မရှိတဲ့အတွက် အခုလို ကလေးသူငယ်များ အကာအကွယ်မဲ့ ဖြစ်နေရတယ်လို့ HRDP အဖွဲ့က ထောက်ပြထားပါတယ်။

0 comments: