Wednesday 6 July 2011

မြန်မာပြည်မှာ ငွေပေးရင် ဥပဒေမဲ့ မတရားကျူးလွန်လို့ ရလား

မြန်မာပြည်မှာ မတရားကျူးလွန်လိုက်တိုင်းကို ငွေပေးပြီး ကြေအေးလို့  ပြီးရောဆိုတာ မဖြစ်သင့်ပါဖူး။ တရားဥပဒေအရ တိကျစွာ ဖမ်းဆီးအရေးယူသင့်ပါတယ်။

ကလေးငယ်ကို လူသားချင်း မစာနာ၊ သားသမီးချင်း မစာနာဘဲ ဆိုင်ရှင်ဖြစ်သူ ဆက်မှူးဋ္ဌေးဝင်းက ကလေးအလုပ်သမား စိုးထက်အောင် (ခေါ်) ထိပ်ကွက်ကို ရိုက်နှက်ထိုးကြိတ် မီးပူနဲ့  ခန္ဓာကိုယ်ကို ကပ်နဲ့  သေလုမြောပါး ညဉ်းပမ်းနှိပ်စက်ခဲ့တာကို အများသူငှာသိတော့မှ အခု လျော်ကြေးငွေ ကျပ် (၅) သိန်းနဲ့  ကြေးအေးခွင့်ပေးဖို့  ပြောပါသတဲ့။

ဒါ ငွေကြေးတတ်နိုင်တယ်ဆိုပြီး လူတစ်ယောက် အသက်ဆုံးရှုံးလုနီးပါး၊ ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့အထိ ဝေဒနာခံစားရတာကိုမှ နားမလည် ထပ်မံစော်ကားပြီး ငွေနဲ့ ပေါက်တဲ့အချိုးမျိုး လုပ်တာပါဘဲ။

ဒီလို လူယုတ်မာ ငွေးတတ်နိုင်တယ်ဆိုပြီးမောက်မာတာမျိုးကို တရားဥပဒေက ဘက်လိုက်ကြမှာလား။ ငွေပေးလျော်နိုင်တယ်ဆိုရင်ပြီးရော လူလည်းသတ်လို့ ရတယ် အဓမ္မလည်း ကျင့်လို့ ရတယ် ညဉ်းပမ်းနှိပ်စက်လို့ လည်း ရတယ်ဆိုတဲ့ အမှုတွေ မြန်မာပြည်မှာ ရှိနေတာ မနည်းတော့ပါဖူး။

ကလေးငယ် စိုးထက်အောင် (ခေါ်) ထိပ်ကွက်ကို လူမဆန်စွာ မတရားနှိပ်စက်ခဲ့တဲ့ လက်ဘက်ရည်ဆိုင်ပိုင်ရှင် ဆက်မှူးဋ္ဌေးဝင်းကို အသိပေးလိုတာကတော့ ကမ်းလှမ်းတဲ့ လျော်ကြေးငွေ ပမာဏအတိုင်း ပြန်ပေးပါမယ်၊ မောင်စိုးထက်အောင် ခံစားရသလို ထပ်တူထပ်မျှ ရိုက်နှက်ထိုးကြိတ်တာ ခံပါမယ် မီးပူနဲ့ ခန္ဓာကိုယ်ကို အကပ်ခံပါမယ်ဆိုရင် ပြောပါ။

မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှုနဲ့  တရားဥပဒေအရ တရားမျှတစွာ စီမံဆောင်ရွက်တယ်ဆိုရင် လူသတ်မှုတွေ လူသေလောက်တဲ့အထိ နှိပ်စက်ညဉ်းပမ်းမှုတွေ အဓမ္မမုဒိန်းကျင့်မှုတွေ မတရားရိုက်နှက်စော်ကားမှုတွေ နှိပ်စက်ညဉ်းပမ်းမှုတွေအတွက် ငွေကြေးပေးလျော်နိုင်လို့  အမှုပိတ်ပစ်လိုက်တာတွေ လုံးဝလက်မခံဘဲ ထိုက်တန်သော ဖမ်းဆီးအရေးယူမှုတွေ တိတိကျကျ ဆောင်ရွက်ဖို့ လိုပါတယ်။

“ငွေများ တရားနိုင်ဆိုတဲ့” မမှန်ကန်သော လုပ်ဆောင်မှုနဲ့  တရားမျှတမှုကို ဖျက်ဆီးပစ်ကြတာတွေကို တိုင်းပြည်ကို အုပ်ချူပ်သူများမှအစ သာမန်ပြည်သူပြည်သားတစ်ဦးချင်းစီတိုင်းက လက်မခံဖို့  မကျင့်သုံးဖို့  အထူးလိုအပ်ပါတယ်။

(အသက်သေလုမြောပါး ပြင်းထန်သော ဝေဒနာကို အရွယ်နဲ့ မမျှအောင် ခံစားခဲ့ရပြီး ဆေးရုံကို အချိန်မီရောက်ခဲ့လို့ သာ အသက်မဆုံးရှုံးခဲ့ရတဲ့ ကလေးငယ် စိုးထက်အောင် (ခေါ်) ထိပ်ကွက်ရဲ့  အဖြစ်အပျက်ကို ပြန်ဖတ်ချင်ရင် - http://niknayman-niknayman.blogspot.com/2011/07/blog-post_7258.html)။

0 comments: