Friday 1 July 2011

ပိုင်ရှင်နှိပ်စက်မှု ကလေး အလုပ်သမား ဆေးရုံတင်ထားရ

RFA 1July2011
ဟင်္သာတမြို့ ဗိုလ်ချုပ်လမ်း ဦးပါရယ် ဘုရားရှေ့ You and Me လဘက်ရည်ဆိုင်မှာ အလုပ်သမားအဖြစ် အလုပ် လုပ်ကိုင်နေရတဲ့ အသက် ၉ နှစ် အရွယ် မိဘမဲ့ ကလေးတဦးဟာ ဆိုင်ပိုင်ရှင်ရဲ့ အပြင်းအထန် ညှဉ်းပန်း နှိပ်စက်မှုကို ခံခဲ့ရတဲ့အတွက် ဟင်္သာမြို့ ဆေးရုံကြီးမှာ တင်ထားရကြောင်း စုံစမ်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ ၂၅ ရက်နေ့က ကလေးအလုပ်သမား မောင်ထိပ်ကွက်ဟာ သူ့ရဲ့ ဆွေမျိုးသားချင်းတွေ ရှိရာကို သွားလည်တဲ့အတွက် ဆိုပြီး ဆိုင်ပိုင်ရှင် စနိုး (ခေါ်) ဦးထက်မူးဌေးဝင်း က လိုက်လံခေါ်ယူကာ ၂၅ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ လက်ပြန် ကြိုးတုပ်ကာ ထုပ်တန်းမှာ ကြိုးနဲ့ ဆွဲချီထားပြီး ရိုက်နှက်ခဲ့သလို လျှပ်စစ်မီးပူနဲ့ ခန္ဓာကိုယ်အနှံ့ တို့ခဲ့တဲ့အတွက် ကလေးမှာ တကိုယ်လုံး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မောင်ထိပ်ကွက်ကို သိရှိတွေ့မြင်ခဲ့ရတဲ့ မျက်မြင်သက်သေတစ်ဦးက ပြန်ပြောပြပါတယ်။

၂၆ ရက်နေ့မှာ ဦးထက်မူးဌေးဝင်း မရှိခင် သူ့ရဲ့ဇနီးသည်က ကြိုးဖြေပေးခဲ့တဲ့ အတွက် ကလေးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက် တခြား အိမ်တစ်အိမ်ကို ၀င်ရောက် အကူအညီ တောင်းခဲ့တဲ့အတွက် ၂၇ ရက်နေ့ကျမှ ဆေးရုံကို တင်နိုင်ခဲ့ပါတယ်။

မောင်ထိပ်ကွက်ရဲ့ တင်ပါး နှစ်ဘက်၊ ပေါင်၊ ဝမ်းဗိုက်တွေမှာ မီးပူဒဏ်ကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားကြောင်း၊ ဒါ့အပြင် သံကြိုးနဲ့ ရိုက်နှက်ခဲ့တဲ့အတွက် ခြေထောက်နဲ့ နောက်ကျောဘက်တွေမှာလည်း ဒဏ်ရာတွေ ရရှိထားကြောင်း မျက်မြင်သက်သေတွေက အာအက်ဖ်အေကို ပြောပါတယ်။

ဆိုင်ပိုင်ရှင် စနိုး (ခေါ်) ဦးထက်မူးဌေးဝင်းကို ပုဒ်မ (၃၂၆) မသေမချင်း ညှဉ်းပန်း နှိပ်စက်မှုနဲ့ ရဲက အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရပါတယ်။

0 comments: