Wednesday 18 May 2011

ထိုင်းနိုင်ငံတွင် မြန်မာ နှစ်သောင်းကျော် ကူစက်ရောဂါဖြစ်ပွား

DVB ၊ မန်းစိုင်မွန် ၊ ၁၈ မေ ၂၀၁၁
ထိုင်းနိုင်ငံ ကူးစက်ရောဂါကာကွယ်ရေးဗျူရိုက ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ ၂ သောင်း ၆ ထောင်ခန့် ကူးစက်ရောဂါ ဖြစ်ပွားနေတယ်လု့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ကိုင်နေတဲ့ လာအို ကမ္ဘောဒီးယားနဲ့ မြန်မတွေထဲက အလုပ်သမား လေးသောင်းကျော်ဟာ ကူးစက်ရောဂါတွေ ဖြစ်ပွားနေတဲ့ အထဲမှာ မြန်မာ ၆၀.၁၆ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။

လာအို ကမ္ဘောဒီယား မြန်မာတွေထဲမှာ ဝမ်းပျက်ရောဂါ ဖြစ်ပွားနေသူ ၁၆၀၀၀ ကျော်၊ ငှက်ဖျားရောဂါဖြစ်နေသူ ၇၀၀၀ ကျော်၊ သွေလွန်တုတ်ကွေးရောဂါ ဖြစ်နေသူ ၂၃၀၀ နဲ့ အဆုတ်ရောင်ရောဂါ ဖြစ်နေသူတွေက ၂၀၀၀ လောက် ရှိနေတယ်လို့ ဆိုပါတယ်။

ဒီကူးစက်ရောဂါတွေကို ထိုင်းနိုင်ငံကျန်းမာရေးဌာနတွေက ကာကွယ်ကုသမှုပေးနေတာနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံကူးစက်ရောဂါတားဆီးကာကွယ်ရေး ဗျူရို ဗဟိုဌာနချုပ်က ပြောရေးဆိုခွင့် ရှိသူတဦးက
“ကူးစက်ရောဂါကတော့ ကာကွယ်ရမှာပဲ၊ ထိုင်းလား နိုင်ငံခြားသားလား ခွဲခြားလို့ မရဘူး၊ ကာကွယ်ကုသမှုတွေ လုပ်ဆောင်ရမှာ အားလုံးကို လုပ်ပေးရတာပဲ၊ ဥပမာ သွေးလွန်တုတ်ကွေး ပြန်ပွားနေတယ်ဆိုရင် အဲဒီနေရာမှာ ဆေးဖျန်းတာတွေ လုပ်ရတာပဲ နိုင်ငံခြားသားတွေ ရှိနေလို့ မလုပ်ဘဲနေလို့ မရဘူးဗျ၊ တကယ်လို့ ဝမ်းရောဂါ ဖြစ်နေကြတယ်ဆိုရင်တော့ ရောဂါဖြစ်နေသူအားလုံးကို စားဆေး သောက်ဆေးတွေ ပေးရတာပဲ”

ထိုင်းနိုင်ငံ ကူးစက်ရောဂါဖြစ်သူတိုင်းအတွက် ကုသပေးတဲ့ အထူးအစီအစဉ်တွေ ရှိပေမယ့် အလွယ်တကူမကူးစက်နိုင်တဲ့ ရောဂါတွေအတွက်တော့ ကျန်းမာရေးအာမခံ မရှိတဲ့ သူဟာ ထိုင်းဖြစ်စေ နိုင်ငံခြားသားဖြစ်စေ အခမဲ့ကုသမှုကို မရကြပါဘူး။

တရားဝင်အလုပ်သမား မှတ်ပုံတင်ရှိသူ မြန်မာတွေကတော့ ကျန်းမာရေး အာမခံကိုပါ တပါတည်း လုပ်ထားကြရတဲ့ အတွက် ထိုင်းအလုပ်သမားတွေနည်းတူ ကျန်းမာရေးစောင့်ရှောက်မှု ခံစားကြရမှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၃ သန်းလောက်ရှိနေပြီး အလုပ်လုပ်ခွင့် မှတ်ပုံတင်လုပ်သူက သုံးသိန်းကျော်ပဲ ရှိပါတယ်။

ထိုင်းအစိုးရက လက်ရှိမှာ လက်မှတ်မရှိသူတွေအားလုံး နောက်လာမယ့် ဇွန်လ ၁၅ ရက်ကနေစပြီး တလအတွင်း လက်မှတ်လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

0 comments: