Saturday 26 March 2011

ပညာမဲ့ဘ၀သိမ်ငယ်ရ (ဂန္ဓာရီဦး)

အိမ်အနီးနားက လင်မယားနှစ်ယောက် အကြောင်းဖြစ်ပါသည်။ ဇနီးဖြစ်သူ၏အမည်က မအေးလို့ ခေါ်ပါသည်။ မအေးသည် နာမည်နှင့် လိုက်အောင် အေးစက်သဘောကောင်းသူ ဖြစ် သည်။ သူ့ယောက်ျားသည် ပညာတတ်တယောက် ဖြစ်ပါသည်။ သို့သော် မအေးကို ညဉ်းပန်းနှိပ် စက်ပြီး ကိုယ့်ပညာကို ကောင်းစွာ အသုံးမချတတ် သူဖြစ်သည်။

မအေးသည် အရမ်းကို သနားစရာ ကောင်း လှပါသည်။ သူ့ဘ၀သည် စုတ်ပြဲ ပျက်စီး ပိုးစား ခံထားရသော ပန်းတပွင့်လို ဖြစ်နေသည်။ ကျမ၏ အိမ်တွင် အလှူလုပ်သောနေ့က သူတို့ လင်မယားကို လည်း ဖိတ်ကြားခဲ့ပါသည်။ အလှူကို သူ့ယောက်ျား တယောက်သာ ခန့်ခန့်ညားညားဝတ်စားကာ ရောက် ရှိလာခဲ့ပါသည်။ ကျမက မိအေးရော မပါဘူးလား ဟု မေးသောအခါ သူ့ယောက်ကျားက -
"ဘာလာစရာလိုသလဲဗျ" ဟု ပြန်ဖြေခဲ့ပါ သည်။

ကွပ်ပျစ်ကလေးတွင် ထိုင်နေသော မအေးကို ကျမ တွေ့လိုက်ရသည်။ ကျမက မနေနိုင်၍ …
"ကိုယ့် အိမ်နီးချင်း အလှူကလေးကိုတောင် မလာနိုင်ဘူးနော်" ဟု ပြောလိုက်သည်။ ထိုအခါ မိအေးက ပြန်ဖြေသည်မှာ ….
"မလာနိုင်တာက ကျမယောက်ျားက နင့်လို စာမတတ်၊ ပေမတတ်က အလှူသွားမလို့လား။ မသွားရဘူးလို့ တားလို့ပါ"
ကျမလည်း စိတ်မကောင်းစွာနဲ့ အိမ်ကိုပြန်ခဲ့ သည်။ လမ်းတွင် မိအေး၏ 'ကျမလည်း အမအိမ် အလှူမှာ တရားလေး၊ ဘာလေး နာချင်တာပေါ့' ဟုဆိုသော စကားကို ပြန်လည်ကြားယောင် နေမိ သည်။

နောက်တနေ့တွင် ကျမအိမ်ဘက်ကို မိအေး တယောက် ချောင်းကြည့်နေသည်ကို အမှတ်တမဲ့ တွေ့လိုက်ရသည်။ ကျမက မိအေး ကျမကို တွေ့ချင် ပြောချင်တာ ရှိနေသည်ဟု အထင်ဖြင့် …
"မိအေး နင်ဘာတွေ ချောင်းနေတာလဲ"
"မဟုတ်ပါဘူး အမရယ်။ ကျမ အမျိုးသား အပြင်သွားနေတုန်း အမအိမ်ကို ခိုးပြီး လာလည် မလို့ပါ"
"လာလေမိအေး လာ လာ"
မိအေးလည်း ကျမအိမ်ထဲ မရဲမ၀ံ့ဝင်လာပါ တော့သည်။ အိမ်ပေါ်ရောက်သည်နှင့် ကျမက …
"အားတော့နာပါတယ် မိအေးရယ်။ ငါလေ နင့်ယောက်ျားအကြောင်းကို ပြောချင်တယ်။ နင့် ယောက်ျားက ကိုယ့်ကိုယ်ကိုယ် အတော် အထင်ကြီး နေတာပဲ"
"မပြောပါနဲ့ အမရယ်။ ဟုတ်ပါတယ်။ ဒါပေ မယ့် ကျမယောက်ျားကြားသွားရင် ကျမ ဒုက္ခ ရောက်လိမ့်မယ်"

မိအေးသည် ဟိုဟိုသည်သည် ကြည့်ရင်း …
"ဒါပေမယ့် အမကို ကျမပြောပြမယ်"

မိအေးက ပြောပြမည်ဆိုမှ ကျမရင်ထဲ အပူ လုံးကြီးကျသွားသည်။ မိအေးတို့ရွာမှာ မိအေးက ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင် ဖြစ်သည်။ မိအေး မိဘများက အလယ်အလတ် လူတန်းစားထဲကဖြစ် သည်။ သူ့ယောက်ျား ကိုထွန်းအေး၏အိမ်က တဖက် ရွာက ဖြစ်သည်။ ကိုထွန်းအေး မိဘများက ကိုထွန်း အေးကို တယောက်တည်းသောသားမို့ အရမ်းကို ချစ်ကြသည်။ ချမ်းသာသည့် မိသားစုလည်း ဖြစ် သည်။ ကိုထွန်းအေးက ဆယ်တန်းအောင်ပြီး မြို့ တွင် ကျောင်းသွားတက်ကာ ဘွဲ့တခုကို ရခဲ့သူဖြစ် သည်။ ဘွဲ့ရပြီး ရွာကိုပြန်လာအလည် မိအေးတို့ရွာ ကို သွားလည်ရာမှ မိအေးနှင့်တွေ့ကာ ရေစက်ဆုံခဲ့ ကြခြင်းဖြစ်သည်။ မရခင်ကတော့ ဇနီးဖြစ်သူကို ဖျာလိုလိပ်၊ ထိပ်ပေါ်တင်ထားပြီး ရပြီးသောအခါ ဖျာလိုခင်း၊ ခြေနဲ့နင်း ဖြစ်တော့သည်။

ယခု ကိုထွန်းအေးသည် ရုံးတခုတွင် အငယ် တန်း အရာရှိကလေးဖြစ်နေသည်။ ကိုထွန်းအေးက မိအေးကို ပညာမတတ်သဖြင့် နှိမ်လွန်းသည်။ ပညာမတတ်ဘဲ ပညာတတ် အဆင့်ရှိသူလို မနေရန် လည်း ပြောသည်။ မိအေးခမျာ နေ့စဉ် မျက်ရည်ကျ ခဲ့ရသည်။ ဒါဟာ ပညာရှင်သန်ရာ ရလဒ်ကြီးကို မလိုချင်မတောင့်တမိတဲ့အတွက်ဟု မိအေးက ပြော သည်။ ကိုထွန်းအေးက ညည အိမ်ပြန်လာလျှင် မိအေးကို အကြောင်းမရှိ အကြောင်းရှာ ရိုက်တတ် သည်။ သူမကြိုက်သည့်ဟင်းများ ချက်ထားမိလျှင် မိအေးကို ရိုက်တော့သည်။
"အမ မိအေး ပြန်ဦးမယ်။ တော်ကြာ သူပြန် လာလို့ ကျမအိမ်မှာမရှိရင် ပြဿနာအမရဲ့" ဟု ပြောပြီး အိမ်ပြန်သွားတော့သည်။
ကျမက မိအေးစားဖို့ နာနတ်သီးကလေး ပေး လိုက်သည်။ အိမ်ပြန်သွားတဲ့ မိအေးကို ကြည့်ရင်း နောက်ဆက်တွဲ ဘာတွေများ ဖြစ်လာမည်နည်းဟု စဉ်းစားနေမိသည်။

* * *

ဒီနေ့ ကိုထွန်းအေး အလုပ်သွားတော့ မျက် နှာကပြုံးကြည်နေသည်။ မိအေးကို ကျန်းမာအောင် နေထိုင်ရန် မှာနေသည့်အသံကို ကျမကြားတော့ ကျမကိုယ်ကျမ အိပ်မက် မက်နေသလားဟု ထင်မိ သည်။ အမှန်တော့ အိပ်မက်မဟုတ် တကယ့် အဖြစ်အပျက်ဖြစ်၍ အံ့သြနေမိသည်။

"ဟဲ့ .. မိအေး တယ်ထူးဆန်းနေပါလား။ ညည်း ကိုယ်တော်ချောက ဒီကနေ့ တယ်ထူးဆန်းနေ ပါလားဟဲ့"
"ဟုတ်တယ်အမ၊ ကျမလေ လောကကြီးထဲ ကို လူတယောက် ခေါ်လာနိုင်တော့မှာ အမရဲ့"
"ဟယ် .. မိအေး .. ဒါဆို ညည်း အမေ ဖြစ်တော့မယ်ပေါ့။ ဟုတ်လား"
"ကျမတော့လေ ဆုံးဖြတ်ထားတယ်။ ကျမ ကလေးကို ကျမလိုမဖြစ်ဘဲ ပညာတတ်ကြီး တယောက်ဖြစ်အောင် ကျမကြိုးစားပြီး ကျောင်း ထားမယ်လို့"
"ကောင်းလိုက်တဲ့ စိတ်ကူးပါလား မိအေး ရယ်"
"ကျမလေ ကလေးကို ကိုယ့်လို ကြမ်းတမ်းတဲ့ လမ်းကို မလျှောက်စေချင်ဘူး၊ ကိုထွန်းအေးကတော့ ကလေးရတော့မယ်ဆိုပြီး သိပ်ပျော်နေရှာတယ် အမ ရယ်"
မိအေး သားကလေးတယောက်ကို မွေးဖွား နိုင်ခဲ့သည်။ ကလေးက ကိုထွန်းအေးနှင့်တူသည်။ ကိုထွန်းအေးသာ သူ့ကလေးကိုတွေ့ရလျှင် အတော့် ကို ၀မ်းသာနေမည်မှာ အမှန်ပင် ဖြစ်မည်။ ဒီလိုနဲ့ ...
မိအေးသားကလေး ကျော်ဇောတောင် မူကြို ကျောင်းသားကလေး ဖြစ်နေပြီ။ တနေ့ ကိုထွန်းအေး က သူ့သားကို စာသင်ပေးနေသည်။ ကလေးက ငို နေသည်။

"သား မငိုနဲ့နော်။ ဖေဖေ စိတ်ထိန်းထားရ တယ်နော်"
"ကိုထွန်းအေး ဘာလို့ကလေးကို ရိုက်မှာလဲ" လို့ မိအေးက ၀င်မေးသည်။

"ဟာ မိအေး။ ကိုယ့်အလုပ်ကိုယ်လုပ်။ ၀င် မရှုပ်နဲ့"
"သား ဘာဖြစ်လို့ ငိုတာလဲဟင်။ မုန့်စားချင် လို့လား။ မေမေ ၀ယ်ကျွေးမယ်လေ"
"ဟုတ်ဘူး ... ဟုတ်ဘူး သားက ဖေဖေနဲ့ စာမသင်ချင်ဘူး။ မေမေနဲ့ပဲ သင်ချင်တာ"
မိအေးရင်ထဲ နင့်ကနဲ ဖြစ်သွားသည်။

"သား … သားဟာ ပညာတတ်ကြီးတယောက် ဖြစ်ကို ဖြစ်ရမယ်။ ဒီတော့ ပညာတတ်ကြီးဖြစ်တဲ့ ဖေဖေ့ဆီမှာ စာသင်ရမယ်နော်"
"မသင်ချင်ဘူး ဟီး … ဟီး" သားက အိမ် အောက်ဆင်းသွားသည်။ ကိုထွန်းအေးက …
"မိအေး … အဲဒါ နင်သိပြီလား။ နင်သာ စာတတ်ခဲ့ရင် ..."
"ကျမ သိပါတယ် ကိုထွန်းအေးရယ်။ ဒါပေ မယ့် သားလေးကိုတော့ စာသင်ပေးပါနော်"
"ငါသိပါတယ် မိအေးရယ်"

* * *

သည်လိုနှင့် ……
မောင်ကျော်ဇောတယောက် အင်ဂျင်နီယာ တယောက် ဖြစ်လာခဲ့သည်။
"ကျော်ဇော … သား … ထတော့လေ။ ရုံးချိန်နီး နေပြီ"
"ဟုတ်ကဲ့အမေ ... သားထပြီ"
"သား ... ရုံးသွားရင် အလုပ်ကိုသာ စိတ် ၀င်စားပါ။ သားဟာ အမေ့ထက် အများကြီးသာလို့ မေမေကျေနပ်တယ်" နေ့စဉ် မှာနေကျ စကားသံကို ကျမ ကြားနေမိသည်။

တနေ့ ကျော်ဇောသည် သူ့မိဘနှစ်ပါး စကား များနေသံကို ကြားလိုက်ရသည်။ အဖေက အမေ့ကို နှိမ်ချပြောဆိုနေသဖြင့်
"ဖေဖေ … အမေ့ကို မနှိမ်ပါနဲ့ အဖေရယ်။ အမေက စာမတတ်ပေမယ့် သားကို ပညာတတ် တယောက်ဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ပြီ ပဲ"
"တော်ပါတော့သားရယ် …. ဖေဖေနားချင် ပြီ။ နောက်မှပြောတော့နော်"
တဖက်အိပ်ခန်းမှ အမေ့ငိုသံကို ကျော်ဇော ကြားလိုက်ရသည်။
"မေမေ… မငိုပါနဲ့။ ဘာမှပြဿနာမရှိဘူး။ ဒါတွေ စဉ်းစားမနေပါနဲ့ … မေမေက အသက်ကြီး ပြီလေ၊ မေမေအိပ်တော့နော်၊ မနက်ဖြန်ကျရင် သား ကြိုက်တဲ့ ကောက်ညှင်းပေါင်း ကျွေးပါဦး"
မေမေမိအေးက ပြုံးပြီး သားဖြစ်သူ၏ နဖူး ကလေးကို နမ်းသွားခဲ့သည်။

ဒီနေ့ ကျော်ဇော မွေးနေ့ဖြစ်သဖြင့် မိသားစု သုံးယောက် ဘုရားသွားခဲ့ကြသည်။ ဘုရားရင်ပြင် တော်အရောက်တွင် လူတယောက်က ကျော်ဇောဆီ ပြေးဝင်လာသည်ကို မိအေးတွေ့လိုက်ရသည်နှင့် တပြိုင်နက် သားရှေ့ကနေ ၀င်ရောက်ကာကွယ် လိုက်သည်။ မိအေး လဲကျသွားသည်နှင့် ဓားကိုင်ပြီး ပြေးဝင်လာသူမှာလည်း ထွက်ပြေးသွားတော့သည်။ မိအေးကို ဆေးရုံသို့အမြန်ပို့ကြသည်။ ဆေးရုံရောက် သည်နှင့် ခွဲစိတ်ခန်းထဲ ချက်ချင်း ပို့လိုက်ကြသည်။ ခွဲစိတ်ခန်းအပြင်တွင် သားအဖနှစ်ယောက်သာ ကျန်ရစ်စောင့်စိုင်းနေကြသည်။
ယောက်ျားအပေါ်မှာရော သားအပေါ်မှာပါ မငြိုမငြင် ပြုစုစောင့်ရှောက် တာဝန်ကျေခဲ့၊ ကျေဆဲ ဖြစ်သော မေမေတယောက်အတွက် ကျော်ဇော ဆု တောင်းပေးနေမိသည်။

"ဖေဖေ .. မေမေ့ အတွက် ဖေဖေ ဆု တောင်းပေးပါနော်၊ မေမေဟာ ဖေဖေ့လို ပညာ တတ်ကြီး မဟုတ်ပေမယ့် စာနာ၊ နားလည် သနား တတ်တဲ့ လူတယောက်ပါ ဖေဖေ"
ထိုစဉ် ခွဲစိတ်ခန်းထဲမှ ဆရာဝန်ကြီး ထွက် လာသည်။

"လူနာ … သက်သာပါတယ်"
ဖော်ပြမစွမ်းနိုင်သော ပျော်ရွင်မှုဖြင့် သား အဖနှစ်ယောက် ဖက်လိုက်ကြသည်။
ခုတော့ ကျော်ဇော ဆုတောင်းပြည့်ဝခဲ့ပါပြီ။ မိသားစုသုံးဦး၏ နွေးထွေးကြည်နူးမှုကို ရတော့မည်။
မိအေးအနေဖြင့်လည်း ကမ္ဘာပေါ်တွင် အပျော်ဆုံး လူသားတဦး ဖြစ်ခဲ့လေပြီ …..။ ။

0 comments: