Monday 17 January 2011

မလေးရှားရှိ မြန်မာ အမျိုးသမီး ၂ ဦး အသတ်ခံရ

ဟိန်းသူ Monday, 17 January 2011 17:03

မလေးရှားနိုင်ငံ မာလာကာမြို့ရှိ တာမန်မာလင်ပါမိုင်း ရပ်ကွက်တွင် မြန်မာ အမျိုးသမီး ၂ ဦး ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၅ ရက်နေ့ က အသတ်ခံရကြောင်း သိရသည်။

အသက် ၃၅ နှစ်အရွယ် မညွန့်ညွန့် ဆိုသော မီလာကာဆင်ထရယ်ရှိ စားသောက်ဆိုင်ပိုင်ရှင်နှင့် ၎င်း၏ အလုပ်သမားဖြစ်သူ အသက် ၃၁ နှစ်ရှိ မသော်သော်ညို ဟု ဆိုသည့် အမျိုးသမီး၂ ဦး အသတ်ခံရခြင်းဖြစ်ကြောင်း မလေးရှားစတား သတင်းစာတွင် ဖော် ပြထားသည်။

ပြည်နယ် မှုခင်းရေးရာ စုံစမ်းစစ်ဆေးရေး လက်ထောက်ညွှန်ကြားရေးမှူး ရာဂျာအဒူလတ်(Raja Abdullah)က မိမိတို့ ရဲတပ်ဖွဲ့မှ မှုခင်းဖြစ်သည့်နေရာအား စစ်ဆေးရာ လက်နက်အဖြစ် အသုံးပြုခဲ့သော ဓားတလက်နှင့် တူတချောင်းတွေ့ ရှိသည်ဟု ပြောသည်။

မညွန့်ညွန့်၏ ရုပ်အလောင်းကို နေအိမ်၏ ဧည့်ခန်းတွင် တွေ့ရခြင်းဖြစ်ပြီး အလုပ်သမားဖြစ်သူ၏ ရုပ်အလောင်းအား မီးဖိုချောင် အတွင်း တွေ့ရှိခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အသက် ၅ လသားအရွယ် သမီးငယ်လေးတဦးကို နေအိမ်၏ ပထမထပ်တွင် တွေ့ရှိသော်လည်း မည်သည့်ဒဏ်ရာမှ မတွေ့ရှိရကြောင်း၊ မည်သည့် အဖိုးတန် ပစ္စည်းကိုမျှ ယူသွားခြင်း မရှိကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များ အရသိရသည်။

အသတ်ခံရသူ မညွန့်ညွန့်၏ ခင်ပွန်း အသက် ၃၅ နှစ်ရှိ ကိုစည်သူသည် နေအိမ်သို့ ပြန်ရောက်လာပြီး အိမ်တံခါးပိတ်ထားသည်ကို တွေ့ရှိသည့်အတွက် ယောက်ဖဖြစ်သူ ကိုနန္ဒအား ဖုန်းဆက်ခေါ်ကာ မီးဖိုခန်းတံခါးမှ ကြိုးပမ်းဝင်ရောက်ခဲ့ပြီးနောက် အဆိုပါရုပ် အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မညွန့်ညွန့်နှင့်ကိုစည်သူတို့မှာလွန်ခဲ့သည့်၆နှစ်ကတည်းကအဆိုပါနေအိမ်အား ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်သည်။၎င်းတို့မှာစားသောက်ဆိုင်တဆိုင်ဖွင့်လှစ်ထားသကဲ့သို့မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက်အေးဂျင့်အဖြစ်လုပ်ကိုင်နေသူများဖြစ် သည်။

“အိမ်ထဲမှာဆူညံပြီးစကားများသံတွေကြားရတယ်။နောက်ထပ် တနာရီလောက်ကြာတော့ ယောက်ျား၂ ယောက် အိမ်ထဲကနေ အေးအေး ဆေးဆေး လမ်းလျှောက် ထွက်သွားတာ တွေ့လိုက်တယ်”ဟု အိမ်နီးချင်းတဦးက မလေးရှားစတား သတင်းစာသို့ ပြော ထားသည်။

အဆိုပါမှုခင်းတွင် ပါဝင်ပတ်သတ်နိုင်သည်ဟု သံသယဖြစ်ဖွယ် မြန်မာနိုင်ငံသား အသက် ၁၉ နှစ်မှ ၃၄ နှစ်အတွင်း လူ ၄ ဦးအား ဖမ်းဆီးထားကြောင်း မှုခင်းရေးရာ စုံစမ်းစစ်ဆေးရေး အဖွဲ့က ကြေညာထားသည်။

အဆိုပါ သံသယဖြစ်ဖွယ် လူ ၄ ဦးအား အမှုကိစ္စ စစ်ဆေးမေးမြန်းရန်အတွက် ၇ ရက်ခန့် ဖမ်းဆီးထားမည်ဟုလည်း ရဲတပ်ဖွဲ့က ပြောဆိုသည်။
(ဧရာဝတီ)မှ

0 comments: