Sunday 24 October 2010

ဒုတိယမုန်တိုင်း ဖြစ်နေပြီ

ဧရာဝတီ/ Friday, October 15, 2010
မနေ့က ဒုတိယမုန်တိုင်းဖြစ်ဖို့ နီးပြီလို့ ဒေါက်တာ ထွန်းလွင်က ခန့်မှန်းထားခဲ့ပြီး ဒီကနေ့တော့ ဒုတိယမုန်တိုင်း ဖြစ်နေပြီလို့ အတိအလင်း ဆိုလိုက်ပြန်ပါတယ်။

"ဒီမုန်တိုင်းငယ်ဟာ နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံကမ်းခြေကို ဖြတ်ပြီးသည့်တိုင်အောင် အရှေ့မြောက်ဖက်ကိုပြန်ကွေ့လာနိုင်ပါတယ်။ ဒီလိုကွေ့လာရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှတဆင့် မိုးတွေရလာဦးမှာမို့ ဒေသခံများအနေနဲ့ သတိထားစောင့်ကြည့် နေဖို့လိုပါတယ်" ဆိုတဲ့ သတိပေးချက်ကို သတိပြုထားသင့်ကြပါတယ်။ ဒေါက်တာ ထွန်းလွင်ရဲ့ ခန့်မှန်းချက်အပြည့်အစုံကို အောက်တွင် ကြည့်ရှုပါ။

၂၀၁၀ အောက်တိုဘာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဒုတိယမုန်တိုင်း ဖြစ်နေပြီ။ (၁၂-၁၀-၂၀၁၀) ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနားမှာ ယမန်နေ့ကတည်းက ဖြစ်နေခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာ (၁၃-၁၀-၂၀၁၀) နေ့ ညပိုင်းမှာပဲ မုန်တိုင်းအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ (၁၀-၁၀-၂၀၁၀) လောက်ကတည်းက MCCW က စောင့်ကြည့်(၁) အဖြစ် သတ်မှတ်ထားခဲ့တဲ့ လေထု မငြိမ်သက်မှုဖြစ်ပါတယ်။ ကနေ့ (၁၅-၁၀-၂၀၁၀) ရက်နေ့ မနက်မှာတော့ မုန်တိုင်းငယ်ဟာ အားတွေ စုစည်းလာနေပြန်ပြီ ဖြစ်ပါတယ်။ ဒီနေ့မနက် ၃ နာရီခွဲအချိန်မှာတော့ မုန်တိုင်းဆိုင်ရာ အချက်အလက်တွေ အနေနဲ့ Central Pressure: 998 hPa Position: 16.7°N, 88.4°E Movement: WNW 10 kts Max Wind : 45 knots(55 mph) လို့ တွေ့ရပါတယ်။ ဒီမုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာနေပြီး အနောက်မြောက် ယွန်းယွန်းဘက်ဆီကို တစ်နာရီ ၁၂ မိုင်နှုန်းလောက်နဲ့ ဖြည်းဖြည်းရွေ့နေပါတယ်။ ဗဟိုချက်အနီးနားမှာ အများဆုံး လေတိုက်နှုန်းကတော့ တစ်နာရီ ၅၅ မိုင်လောက် ရှိနိုင်တယ်လို့ ခန့်မှန်း ရပါတယ်။ ယမန်နေ့က မုန်တိုင်းငယ်အတွင်း တိမ်ထိပ်အမြင့်ပိုင်း အပူချိန် (CTT) -70°C လောက်သာ ရှိရာက ကနေ့မှာတော့ -80°C လောက်အထိ တိမ်ထိပ်အပူချိန်တွေ ကျဆင်းလာလို့ မြင့်မားတဲ့ မိုးတိမ်တောင်တွေ ပိုမိုဖြစ်လာတဲ့အတွက် မုန်တိုင်းငယ်ဟာ အင်အား ပိုမိုအားကောင်းလာနေတယ်လို့ ဆိုရပါမယ်။ မိုးလွန်ကာလ မုန်တိုင်းတွေဟာ ကနဦးအစမှာတော့ ဒီလိုဘဲ အနောက်မြောက်ဘက်ကို စတင်ရွေ့သွားတတ်ကြပေမယ့် ရာသီချိန်အရရော၊ ယှဉ်တွဲဖြစ်ပေါ်နေတဲ့ တိမ်စွယ်တန်းတွေ အနေအထားအရရော၊ ဒီမုန်တိုင်းငယ်ဟာ နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံကမ်းခြေကို ဖြတ်ပြီးသည့်တိုင်အောင် အရှေ့မြောက်ဖက်ကို ပြန်ကွေ့လာနိုင်ပါတယ်။ ဒီလိုကွေ့လာရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှတဆင့် မိုးတွေရလာဦးမှာမို့ ဒေသခံများအနေနဲ့ သတိထားစောင့်ကြည့် နေဖို့လိုပါတယ်။ ဒီမုန်တိုင်းငယ်ဟာ ဘင်္ဂလားပင်လယ်အော်မှာ အခု အောက်တိုဘာလအတွင်း ဒုတိယမြောက်မုန်တိုင်း ဖြစ်လာပြီး ၂၀၁၀ ခုနှစ်အတွက် တတိယမြောက်မုန်တိုင်းလည်း ဖြစ်ပါတယ်။။ အရေးကြီးတာကတော့ မိုးလွန်ကာလတွေမှာဖြစ်တဲ့ မုန်တိုင်းတွေဟာ အရှေ့မြောက်ဘက်ကို ပြန်ပြန်ကွေ့တတ်လို့ သတိထားရပါမယ်။ မြန်မာနိုင်ငံကိုဝင်တဲ့ မုန်တိုင်းတွေရဲ့ ၄၆% ဟာ ဒီလိုမိုးလွန်ကာလတွေမှာ ဖြစ်တတ်လို့ မြန်မာနိုင်ငံအဖို့ မုန်တိုင်းအန္တရာယ်ကိုတော့ သတိထားဖို့ လိုပါတယ်။ ဒါပေမယ့်လည်း မိုးလွန်ကာလမှာ မြန်မာပြည်ဝင်တဲ့ မုန်တိုင်းအရေအတွက်ဟာ မိုးလွန်ကာလအတွင်း ဘင်္ဂလား ပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၈ % သာရှိလို့ အလွန်အမင်း စိုးရိမ် (Panic) စရာတော့ မရှိကြောင်းပါဗျာ။ (အနည်းဆုံး လောလောဆယ်မှာပေါ့)။ လက်ရှိ လတ္တီတွဒ်အမြင့်အရ ဧရာဝတီတိုင်းကို လာဖို့ အခွင့်အရေး အလွန်နည်းပါတယ်။ လက်ရှိအနေအထားအရ မုန်တိုင်းဒီရေတက်ဖို့လည်း မုန်တိုင်း ပိုမိုအားကောင်းဖို့ လိုပါသေးတယ်။ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၀၀ အထက်လောက်ရောက်မှ အန္တရာယ်ရှိတဲ့ မုန်တိုင်းဒီရေလှိုင်းတွေ တက်တတ်ကြပါတယ်။ လာမည့်အောက်တိုဘာလ နဲ့ နိုဝင်ဘာလတို့မှာ ဘင်္ဂလားပင်လယ်အော်မှာ စာရင်းအင်း လေ့လာမှုအရ လည်းကောင်း၊ ပုံသဏ္ဍာန်တူ နှစ်များလေ့လာမှု အဖြေအရ လည်းကောင်း၊ လာနီညာ အကျိုးဆက်တွေအရ လည်းကောင်း မုန်တိုင်းဖြစ်ရန် အလားအလာများ ရှိနေသေးတဲ့အတွက် MCCW မှ မုန်တိုင်းအခြေအနေ သတင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမည် ဖြစ်ပါတယ်။ (Updated on 15 October 2010 at 07:30 MST)

0 comments: