Sunday 24 October 2010

ဒီရေများ မြင့်တက်နေမူကြောင့် သောင်းချီသော စပါးစိုက်ခင်းများ ပျက်စီး

narinjara burmese/10/13/2010
ဒီရေအောက် ရောက်နေသော စပါးစိုက်ခင်းများ
ရခိုင်ပြည်နယ် အနှံ့အပြားတွင် ဒီရေများ ဆက်လက် မြင့်တက်နေတုန်း ဖြစ်ပြီး အဆိုပါ ဒီရေများမှာ လယ်ကွင်းများထဲသို့ ၀င်လာသဖြင့်

ဧကသောင်းချီသော စပါးစိုက်ခင်းများ ပျက်စီးနေကြောင်း သတင်း ရရှိသည်။

တောင်ကုတ်မြို့နယ်က လယ်သမား တစ်ဦးက “ ၀င်လာတဲ့ ဒီရေတွေက ဆားငံရေတွေဆိုတော့ စပါးခင်းတွေ အကုန်လုံးပျက်စီးကုန်တာ ဖြစ်ပါတယ်။ ၀င်လာတဲ့ ဆားငံရေတွေကလည်း တာတမံတွေ ဆည်တွေ ကျိုးပေါက်ရာကနေ ၀င်လာတဲ့ အတွက် စပါးခင်းတွေဟာ ဆားငံရေထဲမှာ နစ်နေတယ်။ ကျွန်တော်တို့ ဒေသမှာတော့ ၇၅ ရာခိုင်နုန်း လယ်မြေတွေ ပျက်စီးသွားခဲ့ပါပြီ” ဟု သူက ပြောသည်။

စပါးများ အဖူးအငုံများ ထွက်နေချိန်တွင် ယခုကဲ့သို့ ဆားငံရေများ ၀င်ရောက်နေသဖြင့် စပါးပင်များ အားလုံးမှာ သေဆုံးကုန်ကြောင်း သူက ပြောသည်။

“ ဒီရေတက်ပြီးတော့ မိုးရွာရင် နည်းနည်းခံသာပါတယ်။ အခုတော့ ဒီရေဘဲ မြင့်တက်နေပြီးတော့ မိုးရွာတာ မရှိဘူး။ စပါး စိုက်ခင်းတွေ အကုန်လုံး အပူရှိန်နဲ့ ဆားငံရေတွေကြောင့် အဖတ်ဆယ် မရအောင် သေဆုံးနေပါတယ်။ ဒေသခံ လယ်သမားတွေက အခုလို စပါးထွက်ခါနီး ခုလို ဖြစ်တော့ အထူး စိတ်မကောင်းဖြစ်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

တောင်ကုတ်မြို့နယ် တောင်ပိုင်းတွင် တာတမံနှင့် ဆည် ပေါင်း ၂၀ ကျိုးပေါက်သွားခဲ့ပြီး အဆိုပါ တာတမံနှင့် ဆည်များမှာ ဘုရွှေမော်၊ ကျော်ကိုင်း၊ အတာ၊ ငရုတ်တောင်၊ ရှောက်အင်း၊ ဆားပြင်၊ ကျောက်ဝေ၊ သိမ်ချောင်းပြင်နှင့် ငှက်ပျောတော ကျေးရွာများ အနီးတွင် တည်ရှိသည်။

“ ကျွန်တော်တို့ မျက်မြင်အရ ပြောရရင် တောင်ကုတ် တောင်ပိုင်းမှာတင် သောင်းချီတဲ့ စပါးစိုက်ခင်းတွေ ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီရေတက်နေတာ ကလည်း နောက် တရက် နှစ်ရောက်မှ ကျသွားမှာဆိုတော့ တာရိုးတွေကို ဖေါက်ပြီး ရေတွေကို ပြန်ထုတ်ရမယ်။ ပြန်ထုတ်ပီးမှ တစ်ခါ နောက်ထပ် စိုက်ပျိုးရမယ်ဆိုတော့ အချိန်လည်း မမှီတော့ပါဘူး။ မိုးရာသီကလည်း ကုန်ဆုံးတော့မယ်ဆိုတော့ ဘယ်လိုမှ စပါး စိုက်ပျိုးလို့ မရတော့ဘူး” ဟု ပြောသည်။

လယ်သမားအများစုမှာ စပါး စိုက်ခင်းများ ပျက်စီးသွားသဖြင့် ၀မ်းစာ စပါး မရသည့် အပြင် အစိုးရထံမှ ချေးယူထားသော အမတော်ငွေများကိုလည်း ပြန်ဆပ်နိုင်မည် မဟုတ်သဖြင့် အထူး စိတ်ဒုက္ခရောက် နေကြရကြောင်း သိရသည်။

ရခိုင်ပြည်နယ် ပင်လယ် ကမ်းရိုးတန်း မြို့နယ်များ ဖြစ်ကြသော မာန်အောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ မြေပုံ၊ ပေါက်တော၊ စစ်တွေနှင့် မောင်တောမြို့နယ်များတွင် ရာချီသော တာတမံများ အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပေါ်ခဲ့သော မုန်တိုင်းကြောင့် ဒီရေများတက်ကာ ကျိုးပေါက် ပျက်စီးသွားခဲ့သည်။

ဒေသခံ လယ်သမားများ အပြောအရ နှစ်စဉ် နှစ်တိုင်း မိုးရာသီတွင် လပြည့် လကွယ်နေ့များတွင် ဒီရေများ တက်လေ့ရှိသော်လည်း ယခုနှစ်ကဲ့သို့ အခြေအနေ မဆိုးကြောင်း ယခုနှစ်တွင် ဒီရေတက်မူမှာ အထူးဆိုးရွားပြီး တာတမံများကို ကျော်လွန်ပြီး လယ်ကွင်းများသို့ ရေများ ၀င်ရောက်လာသည်ဟု ပြောကြားသည်။

ယခုနှစ်တွင် ယခုကဲ့သို့ အခြေအနေများကြောင့် မြန်မာနိုင်ငံ အတွင်း အဓိက စပါးထွက်ရာဒေသထဲတွင် တခုအပါအ၀င် ဖြစ်သော ရခိုင်ပြည်နယ်၏ စပါးအထွက်နုန်း အလွန်ကျဆင်းနိုင်ကြောင်း လယ်သမားများက ပြောကြားသည်။

0 comments: