Sunday 24 October 2010

ရခိုင်ဒေသ မုန်တိုင်းကြောင့် ရွာတချို့ ပျောက်ဆုံး မိုးမခအထောက်တော်၊ ရန်ကုန် အောက်တိုဘာ ၂၄၊ ၂၀၁၀

မိုးမခ/Sunday,24October2010
ကျောက်ဖြူမြို့သို့ဂီရိစတင်ဝင်ရောက်စဉ်တွေ့ရသည့်မြင်ကွင်း။ ဂီရိကြောင့် ကျောက်ဖြူမြို့ အကြီးအကျယ်ပျက်စီးသွားသည်။ ရခိုင် ဒေသသို့ ဂီရိ ဆိုင်ကလုန်း တိုက်ခတ်စဉ် ပင်လယ်ရေလှိုင်းကြောင့် ရမ်းဗြဲကျွန်းပေါ်မှ အနည်းဆုံး ရွာ ၂ ရွာ ပျက်စီး ပျောက်ဆုံးသွားသည်ဟု သတင်းရရှိကြောင်း ရန်ကုန်မှ ကုလသမဂ အရာရှိ တဦးက ယနေ့ ပြောပြသည်။

မုန်တိုင်းကြောင့် ဆက်သွယ်ရေး လမ်းကြောင်းများ ပျက်စီးသွားသဖြင့် ထိုဒေသသို့ သွားရောက်ရေး ခက်ခဲနေကြောင်း၊ သို့သော်လည်း သွားရောက်ခွင့် ရရေးအတွက် အစိုးရနှင့် ညှိနှိုင်းနေကြောင်း ထိုအရာရှိက ပြောသည်။

သောကြာနေ့ ညနေပိုင်းက ထိုဒေသတွင် တနာရီ ၉၁ မိုင်နှုန်းဖြင့် ဂီရိ မုန်တိုင်း တိုက်ခတ်သွားသော်လည်း အစိုးရက ပျက်စီး ဆုံးရှုံးမှု သတင်းကို ထုံးစံအတိုင်း ထုတ်ပြန်ခြင်း မရှိပေ။

ထိုသို့ ထုတ်ပြန်ခြင်း မရှိသော်လည်း စစ်အစိုးရက မုန်တိုင်း ဒေသ အကူအညီများ ရရှိရေးအတွက် ရန်ကုန်ရှိ ကုလ ရုံးခွဲနှင့် စကားပြောဆိုမှုများ ရှိနေသည်။

ယနေ့ထုတ် သတင်းစာများတွင် ရခိုင်ဒေသ လေဘေး ကယ်ဆယ်ရေးအတွက် ကုမဏီ တခုက ဒေါ်လာ တသောင်း နှင့် ဆန်အိတ် တထောင် ပေးအပ်သည့် သတင်းကိုမူ ထည့်သွင်းထားသည်။ ထို လှူဒါန်းမှုကို မည်သည့် မြို့နယ်တွင် မည်သို့ သုံးစွဲမည် ဖြစ်ကြောင်း ဖော်ပြထားခြင်း မရှိပေ။

မုန်တိုင်းဒဏ်ခံ ဒေသသို့ စစ်အစိုးရ ၀န်ကြီးများ သွားရောက် စစ်ဆေးသည်ဟူသော သတင်း မကြားရသေးပေ။

နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တချို့က ကျောက်ဖြူ၊ မြေပုံ၊ ရမ်းဗြဲကျွန်း စသည့် မုန်တိုင်း အ၀င်ကြမ်းသွားသည့် ဒေသများသို့ သွားရောက်နေပြီဟု သိရသည်။

ရွေးကောက်ပွဲကာလတွင် အကူအညီပေးရေး အဖွဲ့များမှ နိုင်ငံခြားသား ၀န်ထမ်းများကို အစိုးရက မြန်မာပြည်တွင်းမှ မောင်းထုတ်လျက် ရှိသည်။ ထိုအထဲတွင် နာဂစ်ဒေသ အကူအညီပေးရေး နောက်ဆက်တွဲ လုပ်ငန်းများ ဆောင်ရွက်နေသော ကုလ အရာရှိများလည်း ပါဝင်သည်။

0 comments: