Thursday, 14 October 2010

ထိုင်းစက်ရုံ မြန်မာလုပ်သားများ လုပ်အားခ စာရွက်စာတမ်းများ မရသေး

ချင်းမိုင် (မဇ္ဖျိမ) ။ ။ တရားဝင် စာရွက်စာတမ်းများ၊ လုပ်အားခများ ပြန်ပေးရန် အငြင်းခံရပြီးနောက် လုပ်ငန်းရှင်၏ အကြမ်းဖက် ခြိမ်းခြောက်မှု တလကျော် ခံနေရသည့် ထိုင်းစက်ရုံ မြန်မာအလုပ်သမားများ မိမိတို့လုပ်အားခ ယနေ့ ပြန်ရရန် မျှော်လင့်နေကြသည်ဟု
အလုပ်သမား ခေါင်းဆောင်တဦးက ဆိုသည်။

ခွန်ကမ်းခရိုင် ဒီချာပန်းနစ် ငါးဖမ်းပိုက်ကွန်စက်ရုံမှ စက်ရုံလုပ်သားများ အရင် သောကြာနေ့ထိ ၄င်းတို့ တရားဝင် အထောက်အထား စာရွက်စာတမ်း အားလုံး မရသေးကြောင်း အလုပ်သမား ခေါင်းဆောင် ကိုမြင့်မောင်က ပြောသည်။

မြန်မာ အလုပ်သမားများအရေး လှုံ့ဆော် ဆောင်ရွက်နေသည့် မက်(ပ်)ဖောင်ဒေးရှင်းက ထိုင်းအလုပ်သမား ဥပဒေအရ အလုပ်သမားများက စက်တင်ဘာလ လစာနှင့် စာရွက်စာတမ်းများ အားလုံး ရလျှင် စက်ရုံဧရိယာမှ ထွက်ပေးမည်ဟု သူတို့ စက်ရုံမှူးဟောင်းထံ သောကြာနေ့က စာပို့ ခဲ့ကြောင်း မဇ္ဖျိမအား ပြောသည်။

“ မနက်ဖြန်ကျရင် ကျနော်တို့ လစာတွေရမယ် မျှော်လင့်ပါတယ်၊ သက်သေတွေ ရှေ့မှာ လစာတွေ လက်ခံချင်တယ်” ဟု ကိုမြင့်မောင်က မဇ္ဖျိမကို မနေ့က ပြောသည်။

လုပ်ငန်းရှင်နှင့် စကားပြောခဲ့သည့် ထိုင်းရှေ့နေများ ကောင်စီမှ ရှေ့နေတဦးက အလုပ်သမားများ လစာကို စက်ရုံဂိတ်ဝများရှေ့တွင် ယနေ့ပေးလိမ့်မည် ပြောသည်ဟုလည်း ရှင်းပြသည်။

ကိုမြင့်မောင်က “ အလုပ်ရှင်က မက်(ပ်)ဖောင်ဒေးရှင်းနဲ့ ထိုင်းရှေ့နေများကောင်စီ ကိုယ်စားလှယ်တွေရှေ့မှာ ကျနော်တို့ စာရွက်စာတမ်းတွေကို ပေးမယ်လို့ သဘောတူထားခဲ့တယ် ၊ ဒါပေမဲ့ ဒီသဘောတူညီချက်ကို အလုပ်ရှင်က ချိုးဖောက်ခဲ့တယ်” ဟု ဆက်လက် ပြောဆိုသည်။

“ဒါကြောင့် မနက်ဖြန်မှာ ကျနော်တို့နဲ့ အတူရှိနေမယ့် အဖွဲ့အစည်းတွေရှေ့မှာ ကျနော်တို့ လစာတွေနဲ့ စာရွက်စာတမ်းတွေကို အလုပ်ရှင်ဆီကနေ တောင်းမှာပါ”

မနက်ဖြန် သူတို့လစာများ ထုတ်မပေးခဲ့လျှင် စက်ရုံဝင်းအတွင်းက အလုပ်သမားများ ထွက်မပေးနိုင် ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် စနေညက သေနတ်ကိုင် မော်တော်ဆိုင်ကယ်သမားများ အလုပ်သမားများကို နှောင့်ယှက်ခဲ့သည်ဟု ကိုမြင့်မောင်က ပြောသည်။ အလုပ်သမားများက ဆိုင်ကယ်တစီး သိမ်းထားခဲ့နိုင်ပြီး နောက်ပိုင်းတွင် ဆိုင်ကယ်ကို ရဲက လာသိမ်းသွားသည် ဆိုသည်။

အခြား၌ အလုပ်ရှာရာတွင် လိုသည့် ခရီးသွားခွင့်နှင့် အလုပ်လုပ်ခွင့် ပါမစ်စသည့် စာရွက်စာတမ်းများ ဒီချာပန်းနစ် စက်ရုံက ပေးရန် ငြင်းသည်ဟု ကိုမြင့်မောင်က ပြောသည်။ “အဲဒီ စာရွက်တွေမရှိရင် ကျနော်တို့ အလုပ်သစ် မရနိုင်ဘူး၊ ခင်ဗျားသာ အလုပ်ရှင်ဆိုရင် စာရွက်စာတမ်း မရှိတဲ့သူကို အလုပ်ခန့်မှာ မဟုတ်ဘူး” ဟု ဆိုသည်။

မက်(ပ်) ဝန်ထမ်းတဦးမှ ပြောသည်မှာ အလုပ်ရှင်နှင့် တင်းမာမှုများ အရင်အပတ်ကစ၍ တဖြည်းဖြည်း တိုးလာခဲ့သည် ဆိုသည်။ အခြား လုပ်ငန်းရှင်များက အလုပ်သမားများအား အလုပ်ခန့်ထားပေးပါမည် ပြောကာ ဒီချာပန်းနစ် စက်ရုံအား ချဉ်းကပ်ခဲ့သော်လည်း အလုပ်ရှင်ဟောင်းက သဘောမတူပေ။

အလုပ်သမားများအား ပြန်ပို့မည်ဟု အရင်အပတ်က ခြိမ်းခြောက်ခံရသည့် နောက်ပိုင်း ပိုတင်းမာလာခဲ့သည်ဟု ကိုမြင့်မောင်က ဆိုသည်။

ကြာသပတေးနေ့ အစောပိုင်းက အလုပ်သမားဆောင်များတွင် သတိပေးစာလာကပ်ထားပြီး အပြင်က သေနတ်သံများလည်း ကြားခဲ့ရသည်။ “သူတို့တောင်းဆို အကျပ်ကိုင်တိုင်း ကျနော်တို့အညံ့မခံနိုင်ဘူး” ဟုလည်းဆိုသည်။

“စီမံခန့်ခွဲရေးဌာနက ပြန်ပို့မယ်ဆိုတဲ့ သတိပေးစာထုတ်ပြီးနောက်ပိုင်း ကျနော်တို့ တညလုံးမအိပ်ဘဲ အဆောင်တွေထဲမှာ နေခဲ့တယ်၊ စီနီယာအကျဆုံး စက်ရုံလုံခြုံရေးက သေနတ်ဖောက်တယ်၊ မြန်မာအလုပ်သမား ၂,ဝဝဝ ကျော်ကို ကြီးကြပ်ခဲ့တဲ့ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေကလည်း သေနတ်တွေပြပြီး ခြိမ်းခြောက်တယ်” ဟု သူကဆိုသည်။

မောင်ထူးနှင့် နိုင်ဦးဆိုသော ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ရှိသည်။

အလုပ်သမားများအား လူဝင်မှုကြီးကြပ်ရေးပို့ရန် ဗန်ကားများ အဆောင်များနား လာရပ်ထားသော်လည်း ကားမောင်းသမားများကိုတော့ မတွေ့ရဟု ကိုမြင့်မောင်က ပြောသည်။

ဒီချာပန်းနစ် စက်ရုံပိုင်ရှင်က အလုပ်သမားများ ထွက်မည်ကို စည်းဝါးရိုက်သြဇာပြကာ မထေမဲ့မြင်ပြုခဲ့ပြီး အလုပ်သမား တယောက်ကို အလုပ်ပြောင်းခ ဘတ် ၁ဝ,ဝဝဝ ထိ တောင်းနေကြောင်း မက်(ပ်)ဝန်ထမ်းက ပြောသည်။

၎င်းက “လက်ရှိအလုပ်ရှင်ဟာ အလုပ်သမားတွေ အလုပ်သစ်မရအောင် တားတာ၊ နောက်အလုပ်ရှင်သစ်ကို ရွေးပေးစရာ အခွင့်အလမ်း မရှိပါဘူး၊ အလုပ်သမားတွေမှာ တရားဝင် စာရွက်စာတမ်းတွေ ရှိနေကထဲကိုက ဒီအခြေအနေမှာ လဝကကို အာရုံစိုက်ဖို့တောင် မလိုဘူး၊ မကြာခင် အလုပ်အကိုင် ခန့်ထားရေးဌာနက ပါလာမယ်လို့ ကျမတို့ မျှော်လင့်တယ်” ဟုဆိုသည်။

ထိုင်းနိုင်ငံ အလုပ်အကိုင် ခန့်ထားရေးဌာနသည် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးများအား အကာအကွယ်ပေးရန် အဆင်ပြေ ချောမွေ့ရန် ကြားဝင်ညှိနှိုင်းခွင့်နှင့် မည်သည့် လုပ်ငန်းရှင်က ရွှေ့ပြောင်းအလုပ်သမား မည်ရွေ့မည်မျှ တောင်းခဲ့ကြောင်း သတင်း အချက်အလက်များကို ထိန်းသိမ်းထားသည် ဟု မက်(ပ်)ဝန်ထမ်းက ပြောဆိုသည်။

“နှစ်နိုင်ငံ သဘောတူညီချက်အရ ထုတ်ပေးတဲ့ ကျနော်တို့ ယာယီ နိုင်ငံကူး လက်မှတ်တွေကို သူတို့ လုပ်ချင်တိုင်းလုပ်တာ မခံနိုင်ပါဘူး” ဟု ကိုမြင့်မောင်က ဆိုသည်။

သူ့အလုပ်ရှင်ဟောင်းသည် အဆင့်မြင့် အာဏာပိုင်များနှင့် အဆက်အသွယ်ရှိကြောင်းလည်း သွယ်ဝိုက် ပြောသည်။

အရင်လနှောင်းပိုင်းက မဇ္ဖျိမသတင်းတွင် အလုပ်ရှင်က အလုပ်သမားတချို့၏ အလုပ်သမားကဒ်များ ပြန်ထုတ်ပေးရာတွင် မမှန်မကန်ပြုလုပ် ထားကြောင်း ပါရှိသည်။ ကျန်ရှိနေသေးသော စာရွက်စာတမ်းများနှင့် ပတ်သက်၍ “ကျနော်တို့ ဒါတွေမရဘဲ မသွားနိုင်ပါဘူး” ဟု ကိုမြင့်မောင်ကဆိုသည်။

0 comments: