Monday 21 June 2010

ငွေ ၂ သိန်း ဆန်တအိတ်နဲ့ အသက် ၁၈ နှစ် မပြည့်သေးသူကို စစ်တပ်ထံ ရောင်းစား

နေ့သစ် ၊ Monday, June 21, 2010
၂၀၀၇ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က မောင်ရန်ငြိမ်းအောင်ဟာ မိဘများနှင့် နေထိုင်နေရင် ရုတ်တရက် ပျောက်ဆုံးသွားခဲ့ရာ ၆ လ ကြာမှ အိမ်ကိုပြန်လည်ရောက်ရှိလာခါမှ စစ်တပ်ထဲရောက်နေတယ်ဆိုတာ သိခဲ့ရတယ်။

မောင်ရန်ငြိမ်းအောင်တို့ မိသားစုဟာ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရန်ကင်းသာရပ်ကွက် အင်ဝလမ်း အမှတ် ၃၀၇ မှာ နေ ထိုင်ကြပါတယ်။ မောင်ရန်ငြိမ်းအောင် ရဲ့ မွေးသက္ကရာဇ်ကတော့ ၁၉ .၉. ၁၉၉၀ ခုနှစ် ဖြစ်ပါတယ်။ ၂ ဇူလိုင်လ ၂၀၀၇ ရက်နေ့က နေ အိမ်မှ ရုတ်တရက် ပျောက်ဆုံးသွားပြီး အိမ်ကို လည်းပြန်ရောက်လာခြင်း မရှိတော့တဲ့အတွက် ပုသိမ်ကြီးရဲစခန်းမှာ မောင်ရန်ငြိမ်းအောင် ပျောက်ဆုံး သွားကြောင်း တိုင်ကြားခဲ့ပါတယ်။ သူဟာ ဦးနှောက်ဥာဏ်ရည်မမီသူတဦးလည်း ဖြစ်ပါတယ်။

၆ လခန့် ကြာတဲ့အခါမှာတော့ မောင်ရန်ငြိမ်းအောင်ဟာ အိမ်ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူ စစ် သင်တန်းပြီးလို့ ခွင့်ရတဲ့အတွက်ကြောင့် ခလရ (၄) ပုသိမ်ကြီးမြို့မှ နေအိမ်သို့ ပြန်လာခြင်းဖြစ်ကြောင်း ပြောပြမှ ပျောက်ဆုံးသွားသူဟာ စစ်တပ်ထဲ ရောက်နေတယ်ဆိုတာ သိရပါတော့တယ်။

မောင်ရန်ငြိမ်းအောင်ဟာ သူ စစ်တပ်ထဲ ရောက်ခဲ့ရပုံကို ခုလိုပြောပြခဲ့ပါတယ်။ ၂.၇.၂၀၀၇ ရက်နေ့က နေအိမ်မှ အပြင်သို့ထွက် သွားစဉ် စစ်သားများက ခြိမ်းခြောက်ခေါ်ဆောင်သွားပြီး ခလရ (၄) တပ်ရင်း တွင် အမည်ရင်းကို ပြောင်းလဲကာ ဝေယံဖြိုးဟု ပြောင်းလိုက်ပါတယ်၊ မိဘအမည်များကိုလည်း ပြောင်း လိုက်ပြီး ကျပ်ငွေ ၂ သိန်း၊ ဆန် တအိတ်ယူကာ စစ်တပ်မှာ အပ်နှံခဲ့ပါတယ်။

အခု သူ စစ်တပ်ထဲမှာ ဆက်မနေလိုကြောင်းနဲ့ ပညာဆက်လက်သင်ယူလိုကြောင်း ပြောလာသဖြင့် မိ ဘများနှင့်အတူနေထိုင်ပြီး မန္တလေးမြို့ ဖောင်တော်ဦး ဘုန်းတော်ကြီး သင်တန်းကျောင်းမှာ အတန်း ပညာကို ဆက်လက်သင်ယူစေခဲ့ပါတယ်။ ၂ နှစ်ခန့်ကြာ ၂၀၁၀ ဇွန်လ ၆ ရက်နေ့မှာတော့ ပုသိမ်ကြီးမြို့ ရဲစခန်းက မောင်ရန်ငြိမ်းအောင်ကို စစ်ပြေးဆိုပြီး ပုသိမ်ကြီးမြို့ကို ဖမ်းပို့လိုက်ပါတယ်။ ခုဆိုရင် မောင်ရန် ငြိမ်းအောင် (ခ) တပ်သား မောင်ဝေယံဖြိုးဟာ ခလရ (၄) တပ်ရင်းမှာ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံနေ ရပါတယ်။

မောင်ရန်ငြိမ်းအောင်ဟာ အသက် ၁၈ နှစ် မပြည့်သေးဘဲ စစ်တပ်ထဲ အတင်းအဓမ္မရောင်းစားခံလိုက် ရတဲ့အတွက် အုပ်ထိန်းသူဖြစ်တဲ့ အစ်မဖြစ်သူ မသင်းသင်းထွန်းဟာ လမ်းပြကြယ်အဖွဲ့ အကူအညီနဲ့ အ ပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ကို တိုင်ကြားထားပါတယ်။

လမ်းပြကြယ်အဖွဲ့ ဦးအေးမြင့်ကတော့ ဗမာပြည်မှာ ၁၃ နှစ်နဲ့ ၂၀ ကြား သားယောက်ကျားလေးများ အ ပြင်ထွက်ရင် ဓါးထမ်းပြီး လိုက်စောင့်ရှောက်ဖို့လို့ကြောင်း၊ အခု စစ်တပ်က ကလေးတွေကို ပြန်ပေးဆွဲ နည်း၊ လူကုန်ကူးနည်း၊ အတင်းအဓမ္မ ခြိမ်းခြောက်နည်းတွေနဲ့ တပ်သားသစ် လိုက်လံစုဆောင်းနေ ကြောင်း ဗမာပြည်တွင်းက သားရှင်များကို သတိပေးထားပါတယ်။

0 comments: