Tuesday, 27 April 2010

တရားမ၀င် မြန်မာ (၃၆) ဦး၊ ထိုင်းရေပိုင်နက်တွင် ဖမ်းမိ

ခေတ်ပြိုင်၊ စိုးမိုး/ ၂၆ ဧပြီ ၂
ထိုင်းနိုင်ငံ ရနောင်းမြို့ ထိုင်းပင်လယ်ပြင် ရေပိုင်နက်အတွင်း တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက် လာသည့် မြန်မာ (၃၆) ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး နေရပ်ပြန်ပို့ရန် ပြင်ဆင်နေကြောင်း သိရ သည်။

ယခုလ (၂၄) ရက်နေ့ ညက ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့ ပါနမ့် ကျေးရွာအုပ်စုအနီး ပင်လယ်ပြင် တွင် မောင်းနှင်လာသည့် မြန်မာစက်လှေတစီးကို သတင်းအရ တားဆီးစစ်ဆေးရာမှ တရားမ၀င် ဖြတ် ကျော်လာသည့် မြန်မာ (၃၆) ဦးကို ထိုင်းရဲအဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“ကလေး (၁) ယောက်၊ ယောက်ျား (၂၈) ယောက်၊ မိန်းမ (၇) ယောက် စုစုပေါင်း (၃၆) ယောက် ဖမ်းမိ တယ်” ဟု ရနောင်း ရဲစခန်းက ဖြေကြားသည်။

ဖမ်းဆီးရမိသူများမှာ မော်လမြိုင်၊ ကော့သောင်း၊ ထားဝယ်တို့မှ ထိုင်းနိုင်ငံ တောင်ပိုင်းနှင့် ဘန်ကောက် တို့တွင် သွားရောက် အလုပ်လုပ်ကိုင်ရန် တရားမ၀င် နိုင်ငံကူးလာသူများဖြစ်သည်။

ယခု ခိုးဝင်လာသူ မြန်မာ (၃၆) ဦးမှာ စက်လှေခ တဦးလျှင် ဘတ်ငွေ (၂,၀၀၀) မှ (၅,၀၀၀) အထိ ပေး ဆောင်ခဲ့ပြီးဖြစ်ပြီး ရနောင်းမှတဆင့် ထိုင်းတောင်ပိုင်းနှင့် ဘန်ကောက်မြို့သို့ ဆက်လက်သွားရောက် ရန်အတွက် ခရီးစရိတ်အဖြစ် တဦးလျှင် ဘတ် (၈,၀၀၀) ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းတို့က အစစ် ခံသည်ဟု ရနောင်းရဲစခန်းတွင် ဘာသာပြန်သူက ပြောကြားသည်။

ယခု ဖမ်းဆီးရမိသူ မြန်မာ (၃၆) ဦးကို ရနောင်းမြို့ တရားရုံးတွင် တရားမ၀င် ခိုးဝင်မှုအတွက် ဒဏ်ငွေ တရပ်ချမှတ်ပြီး မြန်မာဘက်ခြမ်းသို့ ပြန်ပို့မည်ဟုလည်း ၎င်းထံမှ သိရသည်။

စက်လှေမောင်းနှင်သူ အသက် (၁၅) နှစ်အရွယ် မောင်မြင့်ဦးကိုလည်း တပါတည်း ရနောင်းရဲစခန်းတွင် ဖမ်းဆီးထားပြီး ရနောင်းတရားရုံးတွင် တရားမ၀င် ဖြတ်ကျော်မှုဖြင့် အမှုရင်ဆိုင်ရမည် ဖြစ်သည်။
..

0 comments: