Monday 8 February 2010

တောင်းရမ်းသူ ပပျောက်ရန် YCDC က အလုပ်ပေး သော်လည်း လုပ်ကိုင်လိုသူ ရှားပါး

ရန်ကုန်မြို့တွင် တောင်းရမ်း စားသောက် နေသူတဦးကို ဤသို့တွေ့ရသည် (ဓာတ်ပုံ - အေပီ)

ဧရာဝတီ Monday, 08 February 2010 16:45 လွင်ကို
တောင်းရမ်းစားသောက်သူများ ပပျောက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က နေ့စား အလုပ်သမား အဖြစ် ခန့်ထားမည်ဟု ဆိုသော်လည်း လုပ်ကိုင်လိုသူ ရှားပါးနေကြောင်း သိရ သည်။

ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက တောင်းရမ်း စားသောက် နေသူများ ကို YCDC ၏ ဝန်ထမ်းအဖြစ် လျှောက်ထားလိုပါက မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများတွင် လျှောက်ထားနိုင်ကြောင်း ကြေ ညာထားသည်။

YCDC တွင် နေ့စားဝင်ရောက် လုပ်ကိုင်ပါက လုပ်အားခအပြင် နေထိုင်စရာ အခက်အခဲရှိသူများကို နေ ထိုင်စရာ စီစဉ်ပေးမည်ဟုလည်း ရန်ကုန်မြို့တော်ဝန်က ပြည်တွင်းသတင်းထောက်များကို ပြောကြားခဲ့ သည်။

ထိုသို့ နေ့စားခနှင့် နေစရာစီစဉ်ပေးမည် ဖြစ်သော်လည်း လုပ်ကိုင်လိုသူ နည်းပါးလျက်ရှိကြောင်း တောင်းရမ်း စားသောက်နေသူများ ထံမှ သိရသည်။

“ကျမ အခု မြို့ထဲမှာလိုက်တောင်းရင် တနေ့ ကျပ်လေး၊ ငါးထောင်လောက် ရတယ်။ စည်ပင်မှာ လုပ်ရင် တနေ့ ၁၅၀၀ ပဲပေးတာ။ အရင်က လုပ်ဖူးတယ်။ မကိုက်တော့ မလုပ်တော့ဘူး” ဟု တောင်းရမ်း စား နေသူ တဦးက ပြောသည်။

စည်ပင် ဝန်ထမ်းအဖြစ် ၀င်ရောက်လုပ်ကိုင်ရန် ဆန္ဒမရှိသည့် တောင်းရမ်းစားသောက် သူများကို အရေး ယူ နိုင်သည်ဟုဆိုကာ ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟုလည်း သိရသည်။

ရန်ကုန်မြို့တော်အတွင်း ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက တောင်းရမ်းစားသောက်သူ ပိုမိုများပြားလာပြီး အမျိုးသား ဦးရေထက် အမျိုးသမီးဦးရေ ပိုမိုများပြားကြောင်း YCDC သန့်ရှင်းရေးဌာနမှ ဝန်ထမ်းတဦး ကဆိုသည်။

“အခု သန့်ရှင်းရေး ဝန်ထမ်းအများစုက လူလတ်ပိုင်း အမျိုးသမီးတွေ ဖြစ်နေတယ်။ တချို့နေရာတွေမှာ ဆို အသက်ကြီးကြီး အမျိုးသမီးတွေကို တွေ့ရတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။

ရန်ကုန်မြို့အတွင်း တောင်းရမ်းစား သောက်သူများ ယခင်ထက် များပြားလာသောကြောင့် မြို့တော်စည် ပင်က တင်းတင်းကျပ်ကျပ် လိုက်လံဖမ်းဆီးနေပြီး ကမာရွတ်မြို့နယ်အတွင်းရှိ နာနတ်တော လမ်းအနီး တွင် ထိန်းသိမ်းကာ စည်ပင်ဝန်ထမ်းအဖြစ် ဆောင်ရွက်စေသည်ဟုလည်း သိရသည်။

လက်ရှိ YCDC သန့်ရှင်းရေးဌာနတွင် စည်ပင်ဝန်ထမ်းအဖြစ် ၀င်ရောက်လုပ်ကိုင်ခွင့် ပေးထားသူ ၁၀၀၀ ဝန်းကျင် ရှိကြောင်းလည်း သိရသည်။

“ပိုက်ဆံတောင်းတဲ့သူတွေကို တနေ့ ၁၅၀၀ နဲ့ အလုပ်ပေးတယ်။ အလုပ်ချိန်က မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိဆိုတော့ တော်တော်များနေတယ်။ ၀န်ထမ်းတဦးရဲ့အလုပ်ချိန်က တနေ့ ၈ နာရီ ထက် မပိုသင့်ဘူး” ဟု ရန်ကုန် အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီတခုမှ မန်နေဂျာတဦးက ပြော သည်။

ရန်ကုန်မြို့တွင် တောင်းရမ်း စားသောက်သူများကို အလုပ်အကိုင်အခွင့်အလမ်းများပေး၍ စည်းရုံးနေ သော်လည်း ပပျောက်သွားမည် မဟုတ်ကြောင်း၊ လက်ရှိ စည်ပင်ဝန်ထမ်း လုပ်ကိုင်နေသူများသည် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းသားများအဖြစ် ၀င်ရောက်ရကြောင်း ကျောက်တံတား မြို့နယ်တွင် တောင်းရမ်း စားသောက်နေသူ တဦးကဆိုသည်။

ယခုကဲ့သို့ ရန်ကုန်မြို့တွင်းတွင် တောင်းရမ်းစားသောက်သူများ သိသိသာများပြားလာခဲ့ခြင်းက မြန်မာ နိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေကို ညွှန်ပြနေကြောင်း နိုင်ငံခြား ဧည့်လမ်းညွှန် တဦးကဆိုသည်။

“တချို့ပိုက်ဆံတောင်းရမ်းတဲ့ သူတွေက နိုင်ငံခြား ခရီးသွား ဧည့်သည်တွေကို အဓိကထားနေတာ။ တ ချို့ဆို မပေးရင် ဆဲသွားတာတွေ ရှိတယ်။ အစိုးရအနေနဲ့ ပိုက်ဆံလိုက်တောင်းတဲ့သူတွေ ပပျောက် အောင် သေသေချာချာ လုပ်စေချင်တယ်” ဟု ၎င်းကပြောသည်။

ရန်ကုန် သာကေတမြို့နယ်တွင် သန့်ရှင်းရေး ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် ဒေါ်အေးမြက “ကျမ တနေ့ ၁၅၀၀ နဲ့ နေ့စားဝင်လုပ်တယ်။ တခါတလေကျရင်တော့ ရပ်ကွက်ထဲက တချို့အိမ်တွေက မုန့် ဖိုးပေး၊ ဘာပေးနဲ့ တနေ့ ၄၊ ၅ ရာလောက် အပို ရတယ်။ တချို့ဆိုလည်း အင်္ကျီလေး၊ ဘာလေးပေးတာ ပေါ့” ဟု ဆိုသည်။

၂၀၀၉ ခုနှစ်အတွင်းက တောင်းရမ်းစားသောက်သူ ၃၂၃၂ ဦးကို ဖမ်းဆီး အရေးယူခဲ့ကြောင်း ရန် ကုန်မြို့တော် စည်ပင်၏ တရားဝင် စာရင်းများအရ သိရသည်။

ရန်ကုန်မြို့အတွင်း တောင်းရမ်းစားသောက်သော အခြေအနေမဲ့ လူတန်းစားများကို ရန်ကုန်စည်ပင် လက်အောက်ရှိ လုံခြုံရေးနှင့် စည်ကမ်းထိန်းသိမ်းရေး ဌာနက လိုက်လံဖမ်းဆီးပြီး စမ်းချောင်းမြို့နယ်နှင့် သန်လျင်မြို့နယ်ရှိ လူမှုကယ်ဆယ်ရေး စခန်းများတွင် ထိန်းသိမ်းထားသည်။
...

0 comments: