Monday 18 January 2010

တရားမဝင် မြန်မာ ၃၀ ကျော် ထိုင်းရေပိုင်နက်အတွင်း အဖမ်းခံရ

2010-01-15
တနသဿာရီတိုင်း ကော့သောင်းမြို့ကနေ ထိုင်းနိုင်ငံ ရေပိုင်နက်ထဲ မောင်းနှင်သွားတဲ့ စက်လှေတစီး ကို ထိုင်းနယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ ထိုင်းစစ်တပ်က မသင်္ကာဖြစ်ပြီး ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၉ နာရီ လောက်မှာ တားဆီးစစ်ဆေးခဲ့ရာကနေ ကလေး ၃ ယောက် အပါအဝင် မြန်မာနိုင်ငံသား ၃၅ ဦးကို ဖမ်း ဆီးမိခဲ့ပါတယ်။

ဖမ်းဆီးစစ်ဆေးခဲ့တဲ့ နေရာကတော့ သူဋ္ဌေးကျွန်းအနီး မြန်မာရေပိုင်နက်အကျော်မှာ ဖြစ်တယ်လို့ ထိုင်း လူဝင်မှုကြီးကြပ်ရေးရုံးမှာ အလုပ်လုပ်သူ မြန်မာတဦးက RFA ကို ပြောပါတယ်။

မြန်မာတဦး။ ။ “အမျိုးသား ၁၆ ယောက် အမျိုးသမီး ၁၆ ယောက်ပဲ နောက်သုံးယောက် ၊ ဒီမနက် လဝကကနေ ရဲလက် ပြန်အပ်လိုက်တယ်။ ရဲလက်ပြန်အပ်ပြီးတော့ အခု ဒီနေ့ဆိုရင် တရားရုံးတင်တယ်၊ ဥပဒေအရ ထုံးစံအတိုင်းလုပ်မယ်တဲ့။”
လိုက်ပို့ပေးတဲ့ လှေမောင်းသမားကတော့ လှေပေါ်ကနေ ခုန်ချပြီး ကျွန်းပေါ် ထွက်ပြေးလွတ်မြောက် သွားတယ်လို့ ပြောပါတယ်။

အဖမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံနေရာအနှံ့ကနေ လူပွဲစားတွေရဲ့ အဆက်အသွယ်နဲ့ လာကြသူတွေ ဖြစ်သလို ထိုင်းနိုင်ငံက ဟတ်ရိုင်း၊ ဖူးကက်၊ မဟာချိုင် စတဲ့မြို့တွေမှာ သွားပြီး အလုပ် လုပ်ကိုင်ဖို့အတွက် တယောက်ကို ဘတ်ငွေငါးထောင်ကနေ ခုနှစ်ထောင်အထိ အသီးသီး ကုန်ကျခဲ့ကြ တယ်လို့လည်း ထိုင်းလူဝင်မှုကြီးကြပ်ရေးက စစ်ဆေးမေးမြန်းရာမှာ ပြောပြကြတယ်လို့ ဆိုပါတယ်။

မကြာသေးခင် ရက်ပိုင်းတုန်းကလည်း ထိုင်းနိုင်ငံ ချွန်ဖုန်ခရိုင်အတွင်းက ဆီအုန်းခြံကို ထိုင်းအာဏာပိုင် တွေက ဝင်ရောက်စစ်ဆေးရာမှာ အမျိုးသမီး ၁၄ ဦးအပါဝင် တရားမဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ ကို တွေ့ရှိပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

2010-01-15
RFA

...

0 comments: