အခန်း ၁
ကျမ နာမည် အေးကြည်ပါ။ ကျမ ကရင်ပြည်နယ် ဇွဲကပင်တောင်ခြေ အနီး ရွာတစ်ရွာကပါ။ ကျမ အိမ် ထောင်ပြုပြီး မငယ်ဆိုတဲ့ သမီးကလေး ၃ လ အရွယ်မှာ ကျမခင်ပွန်း ဆုံးပါးခဲ့တာကြောင့် အသက် ၂၀ အရွယ် နဲ့ ကျမ မုဆိုးမဖြစ်ခဲ့ရတယ်။
ကျမလည်းအမေအိုတစ်ယောက်။ ကလေးတယောက်နဲ့ တော်တော်ခက် ရာခက်ဆစ် အသက်မွေးဝမ်းကျောင်း နေခဲ့ရတယ်။ သမီး မငယ် ၁ နှစ် ကျော်ကျော်လောက်မှာ ဆင်းရဲပင်ပန်းမှုကို အံတုလိုရင်းနဲ့ ကျမ ထိုင်း နိုင်ငံ ဘန်ကောက်ကိုတက်ပြီး အိမ်အလုပ်သမအဖြစ် လုပ်ကိုင်ဖို့ ဆုံး ဖြတ်ချက်ချလိုက်ပါတယ်။
အခန်း ၂
နို့စို့အရွယ်သမီးကလေးကို ရုတ်တရက်ခွဲခွာလာခဲ့တော့
ကျမ နို့တွေတလမ်းလုံး တင်းလာတယ်။ မခံနိုင်တဲ့အခါ နို့တွေကို ညှစ်ထုတ်လိုက်ရတယ်။ ကျမရင်ထဲ ကမေတ္တာတရားနဲ့ သမီးလေးအတွက်၊ ထွက်လာတဲ့မိခင်နို့ရည်တွေဟာ တောလမ်းက ပုရွက်ဆိပ်တွေရဲ့ အစာဖြစ်ကုန်တယ်။ မတတ်နိုင်ဘူးလေ။ ဖတဆိုးသမီးလေးရှေ့ရေးကိုတွေးပြီး ကျမအလုပ်လုပ်ဖို့ တက် လာခဲ့တာပဲဆိုပြီးအားတင်းလာခဲ့တယ်။
ကျမ အသိတစ်ယောက်အကူအညီနဲ့ဘန်ကောက်မြို့ ဆူကူဗစ်မှာရှိတဲ့ ထိုင်းသူဋ္ဌေး တယောက်အိမ်မှာ တလကို ဘတ် ၄၀၀၀ နဲ့ ကျမ အလုပ်လုပ်တယ်။
အခန်း ၃
ကျမ ဘန်ကောက်ကိုရောက်ပြီး အိမ်ဖေါ်အလုပ်လုပ်တယ်။ ပင်ပန်းလိုက်တာ။ မနက်စောစော ၅ နာရီ လောက်မှာ ထပြီးတော့ ခြေရောလက်ပါ တနေကုန်တနေခန်း အိမ်မှာရှိသမျှ အလုပ်တွေကို လုပ်လိုက် ရတာ။ ညဥ့်တော်တော်နက်မှ အိပ်ရတယ်၊ တခါတလေ ညဥ့် ၁၂ နာရီလောက်မှာ အိပ်ပျော်ခါစ၊ အိမ်ရှင် တယောက်ယောက်က အခန်းခေါက်ပြီး နှိုးတယ်ဆိုရင်လည်း အိမ်ရှင်တွေခိုင်းတာကို အိပ်ချင်မူးတူးနဲ့ လုပ်ပေးရတယ်။ ပင်ပင်ပန်းပန်းနဲ့ အိပ်ပျော်ခါစပဲရှိသေးတယ်လေ။ မတတ်နိုင်ဘူး လုပ်ပေးရတာပဲ။ အိမ်အကူ အလုပ်သမဘ၀ ပဲလေ။
အခန်း ၎
ကျမ ဘန်ကောက်မှာအလုပ်လုပ်နေတာ နေသားကျလာခဲ့ပြီး ထိုင်းစကားလည်း အသင့်အတင့်ပြော တတ်ခဲ့ပြီလေ။ တနှစ်အတွင်း ရွာမှာရှိတဲ့ အမေနဲ့သမီးမငယ်ကို ရသမျှငွေ တွေအားလုံးကို တပြားမကျန် ပို့ပေးခဲ့ပါတယ်။ ရောက်စတုန်းကလို ပိုသီပတ်သီမနိုင်တော့ဘူးလေ။ သမီးကို နို့မတိုက်ရတော့တာကြာ ပြီးဖြစ်တာကြောင့် နို့လည်းမတင်းတော့ဘူး။ ကရင်ပြည်နယ် ရပ်နီးရွာနီးက မိတ်ဆွေတချို့နဲ့လည်း တွေ့ ရဆုံရတယ်။ နေသားတကျ ဖြစ်လာခဲ့တာပေါ့။ ရွာမှာလိုထင်းလည်းမခွေရ၊ ရေလည်းမခပ်ရ၊ ဟင်းလည်း မခူးရ၊ ဖါးတွေ ငါးတွေလည်းမရှာရ၊ လိုချင်တာတွေကို အဆင်သင့် သွားဝယ်လိုက်ရုံပါ။ နေထိုင်စား သောက်ရတာတွေအားလုံး သန့်သန့်ရှင်းရှင်း၊ သြော် သူများတိုင်းပြည်များ ရေမီးတွေ ပြည့်စုံလိုက်တာ။ လမ်းပန်းဆက်သွယ်ရေး၊ ဘဏ်စနစ် စာတိုက်စနစ် အားလုံးကောင်းတယ်။ လက်ကိုင်ဖုန်းတွေများ ဈေး ပေါ့လိုက်တာ။ ရွာမှာ မြင်ဖူးဖို့နေနေသာသာ မြို့မှာတောင်တော်ရုံလူ ကိုင်နိုင်တာမှမဟုတ်တာ၊ ထိုင်းမှာ တော့ ဘတ်ငွေ ၅၀၀ ဆိုရင် ကိုင်လို့ ရတာတောင်ရှိတယ်။ အကောင်းတွေအသစ်တွေဆိုရင် ထောင် ကျော် ပေးရတာပေါ့။
အခန်း ၅
ကျမ ထိုင်းကိုရောက်လို့ ၂ နှစ်တင်းတင်းပြည့်တဲ့နေ့မှာ ရွာကအမေ ဖုန်းဆက်လာတယ်။ မငယ်နေ မကောင်းဘူး။ နေ့ရောညပါ တငိုငိုနဲ့ ကျမကိုခေါ်ပေးဖို့ ပူဆာတယ်လို့ ပြောတယ်။ ထမင်းလည်းမစား ညလည်းမအိပ်ပဲ မေမေလာမှအိပ်မယ်။ မေမေလာမှစားမယ်။ အဲလိုပြောပြီး တမှိုင်မှိုင်တတွေတွေ ဖြစ်နေတတ်တယ်လို့ ပြောလာတယ်။ ကျမကလည်း မုန်းဝယ်ကျွေး၊ အ၀တ်တွေကောင်းကောင်းဝယ် ပေး၊ ပျော်အောင်ထားဖို့ အမေ့ကိုမှာလိုက်ရတယ်။ ကျမလည်း ကျန်းမာအောင်နေပြီး အလုပ်ကြိုးစားပြီး လုပ်တယ်။ အိမ်ရှင်ကလည်း အနေကြာလာတော့ ရင်းနှီးလာတယ်။ ဒီလိုနဲ့ နောက်နှစ်ကိုရောက်လာ တော့ အမေက လူကြုံနဲ့လည်းမှာသလို ဖုန်းလည်းမကြာမကြာ ဆက်လာတယ်။ မငယ်တော်တော် နေမကောင်း ပြန်လာခဲ့ဖို့မှာတယ်။ ရွာကတိုင်းရင်းဆေးဆရာနဲ့ ကုသလိုလည်း မရ။ မြို့ကဆရာဝန်ဆီ သွားပြတော့လည်း အားရှိတဲ့အစားအစာတွေကိုကျွေး။ ဘာရောဂါမှမရှိ ဘူးလို့ပြောတယ်။ ဒါပေမယ့် အမေက ကလေးအခြေအနေ တော်တော်ဆိုးတယ်လို့ ပြောလာတယ်။ ကျမလည်း သမီးလေးမငယ် အတွက် စိုးရိမ်စိတ်တွေဝင်လာပြီးတော့ အိမ်ရှင်သူဋ္ဌေးဆီးမှာ ခွင့်တောင်းပြီ ရွာကိုပြန်ဖို့ ပြင်ဆင်လိုက် တော့တယ်။
အခန်း ၆
ကျမ ဘန်ကောက် မော်ချစ်အဝေးပြေးကားဂိတ်ကနေ လက်မှတ်ဝယ်ပြီး ညအဆင်းကားနဲ့ လိုက်လာ ခဲ့တယ်။ မိုးလင်းလို့ မဲဆောက်အ၀င်ရောက်တော့ ဘန်ကောက်ကဆင်းလာတဲ့ ကားပေါ်ကပါသမျှ မြန် မာနိုင်ငံသားတွေကို ဆင်းခိုင်းတယ်။ ပြီးတော့အချုပ်ကားနဲ့ မဲဆောက်အချုပ်ခန်းကို ခေါ်သွားတယ်။ မွန်း လွဲပိုင်းလောက်ရောက်တော့ မြ၀တီဘက်ကမ်းက ဒီကေဘီကေဂိတ်တွေကို သွားပို့တယ်။ ထိုင်းနိုင်ငံ အနှံ့အပြားက ထိုင်းပုလိပ်တွေ ဖမ်းဆီးခံရတဲ့လူတွေ။ အခြားအကြောင်းတွေကြောင့် ကိုယ့်တိုင်းပြည်ကို ပြန်လာတဲ့ မြန်မာတွေ အများကြီးပဲ။ အဲဒီမှာကျမအံ့သြတယ်။ ဘန်ကောက်ကဆင်းလာရင် အဲဒီ ဒီကေ ဘီအေဂိတ်မှာ ဘတ် ၁၅၀၀/၂၀၀၀ ပေးရတယ်။ ပိတ်ဆံမပါရင်ဖုန်းတွေသိမ်းတယ်။ မိတ်ဆွေတွေဆီ ကိုငွေမှာရတယ်။ လောလောလတ်လတ် ငွေမပေးနိုင်တဲ့လူတွေကို ဒီကေဘီအေအဖွဲ့တွေက ဆက်ဆံ လိုက်တာများ မကြားဝံ့မနာသာပဲ။ ကျမလည်းဘတ် ၁၅၀၀ ပေးပြီးတော့ မြတ၀တီမြို့ထဲကို လာခွင့်ရ ခဲ့တယ်။ ကားလက်မှတ်ဝယ်ပြီး အသိတစ်ယောက် အိမ်မှာ တစ်ညအိပ်လိုက်တယ်။
အခန်း ၇
ကျမ မြ၀တီကနေ ရွာအပြန်လမ်းတလျှောက် ကားပေါ်မှာ စိတ်ကူးလေးနဲ့ ပျော်လာခဲ့ တယ်။ နို့စို့ကလေး အရွယ်မှာ ထားခဲ့ရတဲ့ သမီးမငယ် ခု ၄ နှစ်အရွယ်ဆိုတော့ ချစ်စရာလေး ရှိမှာပေါ့။ ဂါဝန်လှလှလေး၊ ဖိနပ်လှလှလေး၊ ဦးထုတ်လှလှလေး ၀တ်ပေးလိုက်မယ်။ လာခါနီး ၀ယ်လာတဲ့ ငါးမူးသား ရွှေဆွဲကြိုး လေး ဆွဲပေးမယ်။ အရင်ပို့ထားတဲ့ ငွေတွေနဲ့ ခုပါလာတဲ့ ငွေတွေနဲ့ တခုခုရင်းနှီးပြီးတော့ အမေအိုရယ် သမီးမငယ်ရယ် ပျော်ပျော်နေမယ်ပေါ့။ သမီးလေးကို ပညာသင်ပေးမယ်။
အလှူတွေနိုင်သမျှလုပ်မယ်။ ကျမအတွေးတွေက ပျော်စရာတွေပြည့်လို့။ ဒီလိုနဲ့ ညနေ စောင်းတော့ ကျမရွာကိုချောမောစွာနဲ့ ရောက်လာခဲ့တယ်။ သမီးအတွက်၊ အမေ့ အတွက် စားစရာတွေဝတ်စရာတွေ၊ ကစားစရာတွေ အများကြီးဝယ်လာခဲ့တယ်။ ရွာကိုဝင်လိုက် တယ်ဆိုရင်ပဲ၊ ရွာကလူတွေက ဘန်ကောက် မှာ အလုပ်လုပ်နေကြတဲ့ သားသမီးတွေ။ ခင်ပွန်းသည်တွေ၊ အဖေအမေတွေကို သာကြောင်းမာကြောင်း မေးလိုက်ကြတာ၊ မတ်တတ်ဖြေရင်းနဲ့ အချိန်တော်တော်ကြာမှ အမေနဲ့သမီးမငယ်တို့အိမ်ကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ခဲ့တော့တယ်။
အခန်း ၈
အိမ်ခြံထဲဝင်းလိုက်ပြီးတော့ အိမ်ရှေ့ခွေးကတက်အခန်းပေါ်ကို ပါလာတဲ့ အိပ်တွေတင် လိုက်တယ်။ ပြီးတော့ အမေ့ကိုအော်ခေါ်လိုက်တယ်။ သမီးကိုအော်ခေါ် လိုက်တယ်။
“အမေ…အမေ…သမီး..သမီး…မငယ်…အမေ ပြန်လာပြီးလေ”
“သမီးပြန်လာပြီးလား အမေတို့အိပ်ယာပေါ်မှာ၊ လာခဲ့လေ။ မြေးလေးတော့ ညည်းပြန်လာ မယ်ဆိုပြီး မနက်ကတည်းက ခြံဝကထိုင်းစောင့်လိုက်။ အိမ်တံခါးဝကထိုင်စောင့်လိုက် တနေကုန်ပဲ။ ငိုလိုက် မျှော် လိုက်နဲ့တနေကုန်ပဲ။ နေညိုစောင်းလာတဲ့အထိ သမီးမရောက်လာတော့ အိပ်ချင်လို့ပြောတယ်။ အမေ လာရင် သူ့ကိုနှိုးပါတဲ့။ လာလာသမီးလာ”
ကျမလည်း အပြေးကလေးသမီးလေး အိပ်ရာကို ရောက်သွားတယ်။
“သမီးလေး…မငယ်…သမီး…မငယ်…
ကျမခေါ်လည်းခေါ်လှုပ်လည်းနှိုးလိုက်ပါတယ်၊ မငယ်လေးမျက်လုံးတွေ ပွင့်လာပြီးတော့ ကျမကိုခေါ် တယ်။ အသံကတိုးညှင်းလွန်းတယ်။ မငယ်က …
“အမေပြန်လာပြီလားဟင်……အင့်”
ကျမလက်ပေါ်မှာပဲ သမီးလေးပျော့ခွေဆင်းသွားတယ်။
အခန်း ၉
“သမီး..သမီး….ဖြစ်မှဖြစ်ရလေသမီးရယ်…..မေမေပြန်လာပြီလေ သမီးလေးရဲ့…မေ့မေ့ကို တွေ့ချင်တယ် ဆို၊ သမီး … မငယ် … သမီး … ခေါ်လို့မရတော့ဘူး … လုပ်ကြပါအုံး … ဟီး … ဟီး …..”
“မြေးလေး…မငယ်…ဖွားဖွားမြေးလေး… အဖြစ်ဆိုးလိုက်တာကွယ်။ မြေးလေးမေမေရောက်ပြီလေ… မေမေရောက်ရင် မြေးကနှိုးပါဆို … ဖွားဖွားနှိုးနေတယ် လေး … မြေးလေး … ထတော့လေ .. မေမေနဲ့စကားတွေ ထပြောအုံးလေ … ဟီး …. ငါ့မြေးလေးဆုံးရှာပြီး…ကယ်ကြပါအုံးရှင် …..”
“ဆိတ်မ နင့်သမီး နို့မစို့ရတော့ဘူး……..”
“ပဲ…..ပဲ…..ပဲ…..ပဲ ဟဲ…..ဟဲ….”
တပဲပဲအော်ပြီးဝင်လာသော နို့ညှစ်ဆိပ်မကို ပြောလျှက်မိခင်ကြီးက အော်ငိုရှာတယ်။ အပြင်မှာ အိမ်နီနား ချင်းများ ၀ိုင်အုံရောက်ရှိ လာကြတယ်။
အခန်း ၁၀
“သမီးအေးကြည်။ မြေးလေး မငယ်ဟာ အသက်၂နှစ်လောက်ရှိလာတဲ့အခါ ပျော်ပျော်ရွှင်ရွှင် မရှိတော့ ဘူး။ ဆော့လည်းမဆော့တော့ဘူး။ သမီးဘန်ကောက်က မီးကျောင်းကန်တို့။ မြဘုရားတို့မှာရိုက်ထား တဲ့ ဓါတ်ပုံကိုနေ့တိုင်း ကြည့်ပြီးတော့။ တငိုငိုဖြစ်လာတယ်။ ထိုင်းကပြန်လာတဲ့လူတွေဆီသွားပြီး မေမေ နဲ့တွေ့ခဲ့လား။ ဘယ်တော့ပြန်လာမလဲ။ အဲဒီလို သွားမေးပြီး၊ ပြန်လာတဲ့ညတွေဆိုရင် သူ မအိပ်တော့ ဘူး။ ရွာကိုမြို့ကနေပြီး ဗွီဒီယိုတို့ဘာတို့လာပြလို့ရှိရင် အခြားကလေးတွေဆို ပျော်လို့။
မငယ်ကိုခေါ်တော့၊ မေမေလာမှကြည့်မယ်။ စားစရာကျွေးတော့လည်း မေမေလာမှစားမယ်။ အိပ်တော့ လည်းမေမေလာမှအိပ်မယ်။ ငါလေ ချော့လိုက်ရတာ မပြောနဲ့တော့။ တနေ့ထက်တနေ့ဆိုးလာတာတွေ့ လို့ သမီးကိုမှာတာပေါ့။ အိပ်ယာကနိုးလာရင်လည်း ဖွားဖွား မေမေလာပြီးလား။ ရောက်ပြီလား၊ မေမေ သမီးကိုမချစ်တော့လို့ မလာတာလား၊ အဲလိုပဲမေးနေတော့တာ”
“ဖြစ်မှဖြစ်ရလေသမီးရယ်။ မေမေ့ကိုလွမ်းလို့ သမီးလေးရင်ကွဲနာကျပြီး သေခဲ့ရတာ။ မေမေချစ်တာ ပေါ့သမီးရယ်။ ဘန်ကောက်မှာရှိတဲ့၊ အချို့တွေဆိုရင် အိမ်ထောင်တွေပြုကြတယ်။ မေမေကသမီးလေး အတွက် နောက်အိမ်ထောင်ပြုဖို့မစဉ်းစားဘူး။ မေမေကတော့ သမီးလေးအတွက် သူများတိုင်းပြည်မှာ သူတပါးမလုပ်ချင်တဲ့၊ အိမ်ဖေါ်အလုပ်ကိုလုပ်ပြီး သမီးလေးရှေ့ရေးအတွက် အလုပ်လုပ်နေခဲ့တယ်။ ခုတော့ သမီးလေးလည်းဆုံးပြီ။ ငါ့ ရည်မှန်းခဲ့တဲ့ မိသားစုဘ၀ဆိုတာ ဘယ်တော့မှမရ နိုင်တော့ပါလား၊ သမီးလေး ကောင်းရာသုဂတိကိုလားဖို့ မေမေနဲ့ဖွားဖွားဆွမ်းသွတ်အမျှဝေးပေးအုံးမယ် သမီရယ်။ နောင် ဘ၀ ဆက်တိုင်းဆက်တိုင်းမှာမိခင်နဲ့ ရင်အုပ်မကွာ နွေးထွေးစွာနေထိုင်ရတဲ့ဘ၀ကို သမီးမငယ် ရောက် ရှိနိုင်ပါစေလို့ မေမေ နေ့တိုင်းဆုတောင်းပေးနေမယ် သမီး”
“သမီး အေးကြည်၊ တရားနဲ့ဖြေကြရမယ်။ သတ္တ၀ါတခု ကံတခုပေါ့ကွယ်။ သမီးလေး ဘယ်လောက်ပူ ဆွေးမယ်ဆိုတာ မေမေသိတယ်။ မေမေလည်း သမီးဘန်ကောက်ကို တက်သွားကတည်းက ဆိတ်မ တကောင်ဝယ်ပြီး ငါနို့ညှစ်ပြီး မငယ်ကိုမွေးခဲ့တယ်။ ဆိတ် မကလည်း အလွန်နားလည်တယ်။ ရွာထဲမှာ သူတပါး သီးပင်စားပင်တွေကို မစား ဘယ်တော့မှ မစားဘူး။ သူ့ကိုကျွေးမှစားတာ။ တိရိစ္ဆာန်ဖြစ်ပေမယ့် အထူးသန့်ရှင်းတယ်။ အပေါ့အလေးကို လူနဲ့ဝေးတဲ့နေရာတွေမှာသွားစွန့်တယ်။ သိပ်လိမ္မာတာ။ မြေး လေးကို သူ ကူပြီးစောင့်ပေးတယ်။
သူ အစာဝလာပြီးပြန်လာရင် မြေးလေးအနားမှာ အရိပ်တကြည့်ကြည့်နဲ့နေတာ။ သူမွေး ထားတဲ့သမီး လေးလိုပဲ။ သိပ်လေးစားစရာကောင်းတယ်။ ရွာပြင်တစ်နေရာမှာ သူအစာ စားနေလို့ တစ်ယောက် ယောက်က ဟေ့ဆိတ်မ နင့်သမီးနို့ဆာလို့ငိုနေတယ် နင်ပြန်တော့ လို့ပြောလိုက်ရင် တပဲပဲအော်ပြီး အိမ် အရောက်ပြေးလာတယ်။ အိမ်ရောက်ရင် မငယ်ကို ပတ်ရှာတော့တာပဲ။ မငယ်ကိုတွေမှ သူအော်တာ ကိုရပ်တာ။ မြေးလေးဆုံးတဲ့နေ့ ကတည်းက သူမှိုင်နေတယ်။ အစာလည်း ကောင်းကောင်းသွား မစား ဘူး။ ခုကြည့်လေ ငါတို့သား မိနှစ်ယောက်လို လူစကားမပြောတတ်လို့သာဝင်မပြောနိုင်တာ သူမျက်လုံး မှာ မျက်ရည် တွေနဲ့ပါလား။ နင်လည်းငါတို့လို ခံစားနေရမှန်းသိပါတယ်။ နင်လည်းနို့ တိုက်ခဲ့တဲ့ အမေ တယောက်ပဲလေ။ ဒီအမေတွေဘယ်လိုဖြေရမလဲသမီးရယ်။ ။
(ခရီးလွန် မိခင်၊ ဖခင်များ။ သား၊ သမီးများအား ပြန်လာနိုးမျှော်ကိုးနေသူများ ဘယ်လောက်များ ရှိနေပြီ လဲ)
ကျော်သောင်း
၂၀၀၉ စက်တင်ဘာ ၂ ရက်နံနက် ၃ နာရီ ၃၅
......
အလွမ်း
4 years ago
1 comments:
ကိုယ့်ဘဝ ဖူလုံမှုကို မပေးနိုင်တဲ့ တိုင်းပြည်ကို မတတ်သာလို့  စွန့် ခွာသွား ပြီး ခုလို ရင်နင့်စရာ အဖြစ်တွေကြုံ ခဲ့ကြရသူတွေ ရေတွက်လို့  မရနိုင်တော့ဘူး ထင်ပါတယ် ...
ဒီအဖြစ်ဆိုးတွေမှ လွတ်ကင်းရဖို့  ဆုတောင်းပေးရုံမှ မှ တပါး.......
Post a Comment