Wednesday 26 August 2009

ပရဟိတကျောင်းမှ အဖြူရောင်ကလေးများ

ဦးတင်ဦး(ကျူရှင်)

ကလေးငယ်ဆိုသည်မှာ ဘာအရောင်မှ မသမ်းသေးသော ပကတိအပြစ်မဲ့သည့် အဖြူရောင်နှလုံးသား ပိုင်ရှင် ကလေးများဖြစ် ကြပါသည်။

အပြစ်မဲ့သူ ကလေးများဖြစ်ကြသဖြင့် ကလေးငယ်လေးများနှင့် တွေ့လိုက်ရလျှင် အရောင်အမျိုးမျိုး စွန်း ထင်းနေသည့် လူကြီး၏ နှလုံးသားသည်ပင်လျှင် ကလေးငယ်များ၏ ဓာတ်ကူးကာ ဟင်းလင်းပွင့်သွား တတ်သည်။

သို့ရာတွင် လောကကြီး၏သဘောက တခါတရံ ခပ်ဆန်းဆန်း ကလေးတွေရှိသည်။ ကလေးငယ်မှာ ဘာ အပြစ်မှလုပ်မထား ရပါပဲလျက် အသေစောကြမည့် မိဘများထံတွင် လူလာဖြစ်မိသည်နှင့်ပင် အပြစ်ဒဏ် လာသင့်ချင်သင့်နေတတ်၏။ ကျနော့် မြေးကလေး နှစ်ယောက်သည် သူတို့အဖေနှင့် အမေ စောစော သေသွားကြသည်နှင့်ပင် သူတို့မှာမိဘမဲ့အဖြစ် အပြစ်ဒဏ် လာသင့်နေကြသည်။ ဤမြေးကလေးများကို မသိကျိုးကျွန်ပြုထား လိုက်ပါလျှင် လောကကြီးက သူတို့ကိုသည်ထက်ပြင်းထန်သည့် ပြစ်ဒဏ်တွေ ပေး ပစ်မှာကို စိုးရိမ်သည်နှင့်ပင် ကျနော့်မှာ အသက်အရွယ်ကြီးခါမှ အလုပ်ကိုမနားပဲ လုပ်နေရလေ သည်။

ကိုယ်တိုင် မိဘမဲ့မြေးကလေးနှစ်ဦးအတွက် ရုန်းကန်နေရသည့် ကျနော်သည်လွန်ခဲ့သော ၂၀၀၇ ခုနှစ် တွင် မြန်မာတိုင်းမ်စီးပွားရေးနှင့် သတင်းဂျာနယ်တွင် ကာတွန့်ဆရာအဖြစ် ဆောင်ရွက်နေသူ ကိုသိန် ထွန်းဦး(တီတီအို)က သူတို့တတွေ လူငယ်များစုစည်း၍ အလူငွေကောက်ခံကာ မိဘမဲ့ကလေးငယ်များ ကို ထိန်သိမ်းစောင့်ရှောက်ပေးထားသည့် ပရဟိတကျောင်းများသို့ သွားရောက်လှူဒါန်းမည့်အလုပ်ကို လုပ်ကြမည်ဟု ဆိုလာသောအခါ ၀မ်းမြောက်ဝမ်းသာ အားပေးခဲ့သည်။

လစဉ်လတိုင်းလည်း တတ်အားသမျှ အလူငွေထည့်ဝင်ခဲ့၏။ တီတီအိုတို့ Children, Our Future လူ ငယ်များတွင် မြန်မာတိုင်းမ် အချို့လူငယ် လုံမငယ်များ၊ နိုင်လင်း၊ အာကာ၊ ထက်မိုး အစရှိသည့် ကာ တွန့်ဆရာများ၊ မြန်မာ့အသံမှ မြင့်မြင့်စိုး သင်းသင်းမာ၊ နွေးနွေးနှင့် ထက်မိုး၏ဇနီး ဇူးဇူးလှိုင် အစရှိသည့် လုံမငယ်များ ပါဝင်ကြသည်။

ဤ Children, Our Future လူငယ်မျာ၏ ပရဟိတလုပ်ငန်းသည် ၂၀၀၇ ခုနှစ် မတ်လ ၄ ရက် ကတည်း က စတင်ခဲ့သော်လည်း ကျနော်သည် စနေ၊ တနင်္ဂနွေ ပိတ်ရက်တွင်လည်း အားလပ်သည်ဟူ၍ မရှိ သည်နှင့်ပင် ၎င်းတို့နှင့်အတူလိုက်ပါကာ ကိုယ်ထိလက်ရောက် ပါဝင်အားပေးနိုင်ခြင်း မပြုနိုင်ခဲ့ပါ။

ဤလူငယ်ကလေးများသည် လစဉ်လတိုင်း လ၏ ပထမတနင်္ဂနွေနေ့တွင် ပရဟိတကျောင်းများသို့ သွား ရောက်လှူဒါန်း ထောက်ပံနေခဲ့သည်မှာ ၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ ကျောင်းပေါင်း ၂၀ ကျော်ကို တလ လျှင် ကျပ်ငွေနှစ်သိန်းကျော်တန်ဖိုးရှိသော ဆန် ၁၀ အိတ် နှင့် ဆီသုံးပုံးခန့် လှူဖြစ်နေကြသည်။ ဗလာ စာအုပ်စသည့် စာရေးကရိယာများကိုလည်း အလျှဉ်းသင့်သလို တကြိမ်မက နှစ်ကျော့ပြန်၍ လှူဒါန်းခဲ့ ခြင်းများလည်း ရှိခဲ့သည်။

ဧပြီလတုန်းက တိုက်ကြီးမြို့ထဲ ကျောင်းတကျောင်းသို့သွားမည့် အစီအစဉ်ရှိရာ လိုက်ဖြစ်အောင်လိုက် မည်ဟု ဆုံးဖြတ်ပြီးခါမှ သွားမည့်နေ့တွင် ၀မ်းတွေသွားနေသည်နှင့် မလိုက်ဖြစ်ခဲ့ပြန်။ မေလခရီးတွင်မှ လိုက်ဖြစ်တော့လေသည်။

မေလ ၃ ရက် တနင်္ဂနွေနေ့က Children, Our Future လူငယ်ကလေးများသည် သန်လျှင်မြို့နယ် အ တွင်းမှ ခရမ်းသုံးခွလမ်းခွဲ အစတွင်ရှိ ဆုတောင်းပြည့်ပရဟိတကျောင်းသို့ သွားရောက်လှူဒါန်း ထောက် ပံကြရာ ထိုခရီးတွင်မှ လိုက်ပါဖြစ်ခြင်းဖြစ်သည်။

ဤကျောင်း၏ သက်တမ်းသည် ၁၉ နှစ်ရှိပြီဟုသိရသည်။ စာရင်းအရ ကျောင်သား ၂၃၂ ဦးရှိသည်ဟု ဆိုသည်။ ကိုရင် ၄၂ ပါး နှင့် ကျောင်းသား ၁၆၀ ကျော်မျှတွေ့ခဲ့ရသည်။ ဤကျောင်းသို့ ယခုအကြိမ် သွား ရောက်လှူဒါန်းမှုမှာ ဒုတိယအကြိမ် ဖြစ်သည်။ ဘုန်းတော်ကြီးအား ဆန်နှင့်ဆီတို့ လှူဒါန်းခဲ့သည့်အပြင် ကျောင်းသားလေးများအား မုန့်ပဲသရေးစာများ ဝေငှပေးခြင်း လွယ်အိတ်၊ ဗလာစာအုပ်၊ ကွန်ပါ၊ ရောင်စုံ ခဲတံ၊ ရိုးရိုးခဲတံ၊ ပေတံစသော ပစ္စည်းများကိုလည်း ဆုအဖြစ် ပေးခဲ့ကြသေးသည်။

ဆုပေးပုံမှာ ဤသို့ဖြစ်ပါသည်။ ပန်းချီကား ၆ ခု၏ ပန်းချီကားချပ် အစိတ်အပိုင်းကလေး များကို A.B.C.D.E.F ဟူသောအိတ် ခြောက်လုံးတွင်ထည့်၊ ကလေးများအား A.B.C စသည်အုပ်စုနှင့် အမှတ်စဉ် ကို မဲနှိုက်ခိုင်းသည် A အုပ်စုအမှတ်စဉ် ၁၅ ကျသည် ဆိုပါစို့။ ထိုကလေးသည် မိမိကျရာအမှတ်စဉ် အ မှတ်စဉ် ၁၅ တပ်ထားသော ပန်းချီကား၏ အစိတ်အပိုင်းကလေးကို မိမိစိတ်ကူးရသလို ရောင်စုံဆေး ခြယ်ရသည်။ သူ့လို အလားတူ A အုပ်စုကျသည့် ၁၊ ၂...၂၉၊၃၀ စသည့် အမှတ်စဉ်ကျသူ များကလည်း မိမိတို့ မဲကျရာ ပန်းချီကားချပ်၏ အစိတ်အပိုင်းကို ဆေးခြယ်ရသည်။ အားလုံးဆေးခြယ်ပြီးလျှင် အမှတ် စဉ် ၁ မှ ၃၀ အထိ အစိတ်အပိုင်းများကို သစ်သားဘုတ်ပြားကြီးပေါ်တွင် အစဉ်အတိုင်းကပ်လိုက်သည့် အခါ ပြည့်စုံသောပန်းချီးကား ချပ်ကြီးဖြစ်သွားသည်။

ထို့အတူ အခြား B,C....F ကျသည့် ကလေးများ၏ ဆေးခြယ်ထားသော အစိတ်အပိုင်းများကို အစဉ် အတိုင်း ဘုတ်ပြားပေါ် တွင်ကပ်လိုက်သောအခါ ပြည့်စုံသော ပန်းချီကားချပ်ကြီးများ အသီးသီးထွက် ပေါ်လာသည်။ ထိုသို့ထွက်ပေါ်လာသော ပန်းချီကားခြောက်ခုကို ကျနော်တို့အားလုံး မိမိတို့ ထင်မြင်သုံး သပ်ချက်အတိုင်း အမှတ်ပေးကြ၍ အားလုံး၏အမှတ်များကို ပေါင်းလိုက်သည့်အခါ အမှတ်အများဆုံးရ ပန်းချီကားကို ပထမ၊ ထို့နောက်ဒုတိယ စသည်ဖြင့် သတ်မှတ်ဆုပေးခြင်း ဖြစ်ပါသည်။

ကလေးငယ်များအား ထိုသို့ ပြိုင်ပွဲကျင်းပပေးရုံမက စောငဲစပ်ဆိုထားသည့် `အဖြူရောင်ကလေးများနှင့်´ `ဖြူစင်မှုတို့၏ အနာဂတ်´ဟူသော သီချင်းများကို အားလုံး စုပေါင်းသီဆိုပြခြင်း၊ ပါလာသည့် လူငယ် လုံမငယ်လေးများက ကိုယ်သီဆိုနိုင်ရာ သီချင်းဖြင့် သီဆိုပြခြင်း၊ ကာတွန့်ဆရာ နိုင်လင်းက မျက်လှည့်ပြ သပေးခြင်း စသောဖျော်ဖြေမှုများကိုလည်း ပြုပေးကြပါသည်။ မြန်မာတိုင်းမ်မှ နေမျိုး၊ သရုပ်ဆောင် ရိုတ နှင့် မြန်မာ့အသံမှ မြင့်မြင့်စိုးတို့သည် ကလေးငယ်များပါ ပျော်ရွှင်တက်ကြွစွာ ပါဝင်လာအောင် တင် ဆက်ပေး နိုင်ကြသော ကိုယ့်ကိုယ်ကိုယ်ခန့် အစီအစဉ်တင်ဆက်သူများ ဖြစ်ကြပါသည်။

ကျနော်သည် သီချင်းနှင့်ပတ်သက်လာလျှင် နလပိန်းတုံးတယောက် ဖြစ်နေသောကြောင့် လူငယ် လုံမငယ်များနှင့်အတူ ပါဝင်မသီဆိုနိုင်၊ သူတို့နှင့်အတူ ကလေးငယ်များပါ ပျော်ရွှင်အားရ ပါဝင်သီဆိုနေ သည်ကို တွေ့ရသည့်အခါ ရင်ထဲမှာ တသိမ့်သိမ့် ဖြစ်နေမိပါတော့သည်။

သို့ဖြစ်၍ နောက်လတွေမှာလည်း လိုက်ဖြစ်အောင် လိုက်ပါအားပေးမည်ဟု ဆုံးဖြတ်ကာ ၈-၆-၂၀၀၉ ရက်နေ့ခရီးတွင်လည်း ကျနော်လိုက်ပါဖြစ်သည်။ ထုံးစံအတိုင်း နံနက် ၁၀ နာရီကျော်ကျော်ခန့်တွင် ဗိုလ်အောင်ကျော်လမ်း မြန်မာတိုင်းမ်မှ ကားစထွက်သည်။ ယခုသွားသည့်ခရီးမှာ ယခင်လထက် အတန် ပိုဝေးသည်။ ခရမ်းအထိ သွားရခြင်းဖြစ်သည်။

ခရမ်းမြို့ ကံဦးပရဟိတကျောင်းသို့ မွန်းတည့်ချိန်တွင်မှရောက်သည်။ ဆရာတော် ဦးအဂ္ဂ၀ံသသည် ထမင်ပါ စီစဉ်ထားသည်။ ဆာနေသော လူငယ်များသည် ပဲကုလားဟင်း ကောင်းလှပေစွဟု မြည်ကျူး ကာခေါင်းမဖေါ်ဘဲ လွေးကြလေသည်။ (တကယ်တော့ ငါးကြင်း ကြော်ချက်ကလည်း အရသာရှိပြန်သ ဖြင့် ထိုဟင်းကိုလည်း အလွတ်မပေးကြပါပေ) လွန်ခဲ့သောခရီးတွင်ကား တီတီအိုထုပ်ယူလာသော ထမင်ကြော်ထုပ်များကို ကျိုက်ခေါက်စေတီ အနီးမှဘုန်းကြီးကျောင်း ဓမ္မာရုံတွင်စားခဲ့ကြရသည်။

ယခုသော် ပရဟိတကျောင်ဆရာတော်က ထမင်းပါစီစဉ်ပေးထားသဖြင့် ဆရာတော်အားကျေးဇူးတင် ဖွယ် ဖြစ်ပါပေသည်။ ဤကျောင်းတွင် ရှင်သာမဏေ ၅၂ ပါးအပါအ၀င် ကျောင်းသား ၁၃၅ ယောက်ရှိ လေသည်။ မိန်ခလေးငါးဦးမှအပ ကျန် ကျောင်းသားများသည် ကျောင်းမှာပင် ကျောင်းအိပ်ကျောင်း စား များ ဖြစ်ကြသည်။

ပရဟိတကျောင်းတိုက် ယေဘုယျလက္ခဏာအတိုင်း အများစုသော ကျောင်းသားများ မှာတိုင်းရင်သား မျိုးနွယ်စုဝင်များ ဖြစ်ကြသည်။ ယခင်ကာလက ဆုတောင်းပြည့် ကျောင်းသားများတွင် ပအိုဝ်၊ ရှမ်း၊ ပ လောင်၊ ဓနု၊ ကရင်၊ ချင်း၊ ရခိုင် စသော လူမျိုးများပါဝင်သော်လည်း ကချင်လူမျိုးများ မတွေ့ရပေ။ ယခု ကျောင်းတွင်မူ ကချင်လူမျိုးများပါ တွေ့ရသည်။

ကျောင်းသားများတွင် မိဘမဲ့ကလေးများသာမက မိဘရှိပါလျက် ဆင်ရဲနွမ်းပါးလှ၍ အတိဒုက္ခရောက်ကြ ရသည့် ကလေးမျိုးတွေလည်း ပါဝင်ပေသည်။

ဤကျောင်းမှာ ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ကျောင်းဖြစ်သည်ဟု သိရသည်။ ထမင်စား ပြီးကြသော် ကျောင်းသား၊ ကိုရင်များကို ကျောင်းကြီးပေါ်မှာ စုဝေးစေ၍ မုန့်များဝေပေးကြသည်။ ထို့ နောက် ဖျော်ဖြေရေးအစီအစဉ် စကြသည်။

ဆောင်းပါး အစတွင် ဖော်ပြခဲ့သော သီချင်းသံသည် ကျောင်းကြီးပေါ်တွင် ဟိန်းညံသွားတော့သည်။

(ဖြူစင်တဲ့ ကလေးများအတွက် အနက်ရှိုင်းဆုံးမေတ္တာတရားတွေ....ကိုယ်တတ်စွမ်း သလောက် အမြဲထာ ၀ရ ပေးမယ်လေ ....)2 ဒီလိုနဲ့ ရှေ့ဆက်မယ်လေ... တို့များ ၀ိုင်ဖေးမကာ သာယာလှပတဲ့ အနာဂတ် ဆီသို့ကွယ်...

သီချင်းစာရွက်ကလေးများကို ကလေးငယ်များကိုပါ ဖြန့်ဝေပေးထားရာ ကလေးငယ်များသည် စိတ်အား တက်ကြွစွာပါဝင် သီဆို ကြလေသည်။

ရန်ကုန်ကထွက်လာစဉ်က ကားပေါ်တွင် ကျနော်ထိုင်သည့် ထိုင်ခုံနှင့်တတန်းတည်းရှိ တဖက်ခုံ၌ ထိုင် နေသော ကလေးမလေးက ကလေးငယ်များရှေ့တွင် ထွက်ရပ်ကာ အစီအစဉ် တခုအတွက်စကားပြော မည်ပြုသည်။ ဤကလေးမသည် ယခင်လ ခရီးတုန်းက မပါ။ ယခုမှ ပါလာသူဖြစ်သည်။ သို့ရာတွင် ကျနော်စိတ်ထဲ၌ ဤကလေးမလေးကို မြင်ဖူးသလို ရှိနေသည်။ ရုပ်ရည်ကလည်း မိန်းမချောကလေးပင်။ ကျနော့်တပည့်မများတွင် သူ့လောက်ချောသူမျိုး မပါဖူး၍ တပည့် မဟုတ်သည်ကတော့ သေချာပါသည်။ သို့ဖြစ်လျှင် သူကို ဘယ်မှာမြင်ဖူးပါလိမ့်။ ကျနော်ကားပေါ်တုန်းက `အုံးစား´နေခဲ့၏။

ဟော...အခုတော့ ဦးနှောက်ထဲ စဉ်းစားမရသည့် ပြဿနာရှင်းသွားပါလေသည်း။ ထိုကလေးမလေး စ ကားမပြောမီ `မြင့်မြင့်စိုး´က `ကလေးတို့ သူကို သိကြသလား´ဟုမေးလိုက်ရာ ကျောင်းပွင့်အန်ကျ သွားမည့်အသံမျိုးဖြင့် ကျယ်လောင်စွာ တပြိုင်နက် ဖြေဆိုကြ၏။

`ချစ်သုဝေ´
ကလေးတွေ ဖြေသံကြားတော့မှ`သြော်...ငါမြင်ဖူးတဲ့ မိန်ခလေးက ရုပ်ရှင်မင်းသမီးကိုး´ဟု အမှန်အ တိုင်း သဘောပေါက် သွားပါလေသည်။ (မန္တလေးမှာနေတုန်းက ခေါင်းရင်းမှ အိမ်က မနက်စောစော ကက်ဆက်ထ,ထဖွင့်သည်။ သီချင်းက ကိုအံ့ကြီးတို့ဆိုသည့် သီချင်း။ သို့ရာတွင် ကိုအံ့ကြီးအသံမဟုတ် `သီချင်ဆိုတဲ့ ဒီမောင် တော်တယ်ဟေ့...ဘယ်သူပါလိမ့်´ ဟု စုံစမ်းသည့်အခါ `သုမောင်....လေ´တဲ့။ သည်တုန်းက သုမောင် အဆိုတော်မှန်းသိဖူးခဲ့သည်။)

ကျနော်တို့၏ Children, Our Furure လူငယ်များသည် လာရ၊ ပြန်ရမည့် ခရီးကဝေး၍ ပန်းချီပြိုင်ပွဲ မ လုပ်နိုင်ကြ။ ကလေးများကို မျက်လှည့်ပြပြီးနောက် အုပ်စုခွဲ၍ ဖျော်ဖြေမှု လုပ်ပေးကြရသည်။ မဲနှိုက်ရာ တွင် နံပါတ်စဉ် ၅၀ အတွင်းကျ သွားသည့် ကျောင်းသားကလေး များအား သူတို့ ဆွဲပေးစေလိုသည့် ပုံမျိုးကို ပန်ချီဆရာ၊ ကာတွန့်ဆရာများက ချက်ချင်းလက်ငင်း ဆွဲပေးကြသည်။ ပန်ချီဆွဲခိုင်းခွင့် မရသူ များအား တစုခွဲ၍ ကျောင်းအောက်ထပ်သို့ ခေါ်ကာ တီးမှုတ်သီဆိုပေးသည်။ စောငဲက ဂစ်တာတီး၊ ချစ်သုဝေက သီချင်းဆိုပြကြခြင်းဖြစ်ပါသည်။

ကာတွန့်ထက်မိုး၏ဇနီး ဇူးဇူးလှိုင်နှင့် မြင့်မြင့်စိုးတို့က ကျောင်းသားတစုကို ခွဲထုတ်ကာ ဉာဏ်စမ်းပဟေဋ္ဌိ ပွဲလုပ်ကာ ကလေးများအား ဆုပေးကြသည် ။

ဤကလေးငယ်များသည် ကျန်သည့်အချိန်များတွင် တခါတရံ စိတ်ပျက်အားငယ် ဖြစ်မိတာတို့၊ မိဝေးဖ ဝေး ကလေးများက မိဘလွမ်းတာတို့၊ မိဘမဲ့ကလေးများက အဖေ-အမေ ခေါ်စရာမရှိတာတွေးမိ၍ ၀မ်း နည်းမိတာတို့ ရှိကောင်းရှိခဲ့ကြ ပေလိမ့်မည်။ သို့ရာတွင် ဘယ်လိုပဲ ရှိခဲ့ရှိခဲ့ ယခုလို သူတို့ကို အားပေးကူ ညီကြသည့်သူများနှင့် တွေ့ကြ၊ ဆိုသံတီးသံတွေကြားနေရသည့် ယခုလိုအချိန်အတွင်းမှာတော့ သူတို့၏ မပြည့်စုံသောဘ၀ကို မေ့ပျောက်နေကြ သည်သာ ဖြစ်ပေသည်။

ကျနော်သည် ဤကလေးများကိုကြည့်ရင်း ငါသာမရှိပါက ငါ့မြေးများ သူတို့အရွယ်မှာ ဘယ်လိုနေကြ ရလေမလဲ၊ ဘယ်သူ့ကို မှီခိုကပ်ရပ်၍နေရလေမလဲဟု အတွေးဝင်မိပါသည်။ ထိုသို့အတွေးဝင်ရင်းမှပင် တဆက်တည်း ဤ Children, Our Future လူငယ်ကလေးများ၏ တလတကြိမ် အချိန်ပေး၍ ဆောင် ရွက်လာခဲ့ကြသည် ဤလုပ်ငန်း၏ တန်ဖိုးကို ပို၍အသိအမှတ်ထားမိ ခဲ့ပါလေသည်။

ပတ်ဝန်ကျင် အခြေအနေကောင်းမျိုးရှိသည့်အခါ အသက် ၆ နှစ်သားအရွယ်လောက် ကတည်းက ဖခင် နှင့်မနေခဲ့ရသူ၊ လူဖြူတွေက အနှိမ်ခံရလေ့ရှိသူ အိုဘားမားသည် ကမ္ဘာကို ကိုင်လှုပ်နိုင်သည့် သမ္မတ ကြီးတဦး ဖြစ်လာခဲ့သည်။ ကျနော်တို့သည် ဤမိဘမဲ့၊ သို့မဟုတ် မိဝေးဖဝေး ဆင်းရဲရှာကြသော ကလေး များကို အစားအသောက်သာမက စာပေသင်ကြားနိုင်ခွင့်၊ လူ့အဖွဲ့အစည်းအတွင်း၌ အခြားသူများနည်းတူ ပါဝင်ဆောင်ရွက်နိုင်ခြင်းမျိုးများ ဖန်တီးပေးနိုင်ပါလျှင် ဤကလေးများထဲကလည်း နောင်အနာဂတ်တွင် မြန်မာနိုင်ငံ၏ ခေါင်းဆောင် မဖြစ်နိုင်ပါသလော။

ကျနော်နှင့်အတူ သွားလာနေကြသည့် ဤလူငယ်လေးများသည် မြန်မာလို`ကလေးငယ်များသည် ကျနော်တို့အနာဂတ်´ ဟူသော အင်္ဂလိပ်စာတန်းထိုး တူညီတီရှပ် အဖြူများကို ၀တ်ဆင်ထားကြသည်မှာ နက်နဲသော အဓိပ္ပါယ်ဆောင်ပါကလား ဟုလည်းကျနော် ခံစားမိပေသည်။ ဤပရဟိတကျောင်းက ယခုနှစ် ၂၀၀၉၊ ၁၀ တန်းစာမေးပွဲတွင် ကျောင်းသား ၁၇ ဦး ဖြေဆိုရာ နှစ်ဦးအောင်မြင်သည်ဟု သိရ သည်။ အဝေးသင်တက္ကသိုလ် ၄ ဦးတက်နေရာ တဦးမှာ နောက်ဆုံးနှစ်ရောက် နေပြီဟု သိရသည်။ သူတို့ကလေးတွေသည် မကြာမီပင် ဘွဲ့ရ ပညာတတ်ကလေးတွေ ဖြစ်လာကြပေတော့မည်။

ကျနော်တို့သည် မည်သူကမှ တာဝန်ပေးကြသည်မဟုတ်ဘဲ မိမိတို့၏ စေတနာအလျှောက် ဤကလေး ငယ်များကို တတ်အားသမျှကူညီ ထောက်ပံခွင့်ရကြသဖြင့် ကလေးငယ်များနှင့် တွေရချိန်တွင် ကျနော် တို့လည်း ပျော်၊ သူတို့လည်း ပျော်ကြရပေသည်။

ကျနော်တို့လို ကိုယ်ထိလက်ရောက် သွားရောက်ကူညီမှုမပြုနိုင်ကြသော်လည်း လစဉ် အလှူငွေထည့်ဝင် နေကြသည့် မြန်မာတိုင်းမ်မှ ၀န်ထမ်းတွေ အများအပြားရှိကြပါသည်။ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ဒပ်ဂလပ် (စ်)လောင်း (Dauglass Long) ဆိုလျှင် တလ ကျပ်နှစ်သောင်းလောက် လစဉ်အလှူငွေထည့်နေသည်။ ရုပ်ရှင်အနုပညာလောကမှ အနုပညာရှင်များလည်း အခါအားလျှော်စွာ အလှူငွေထည့်နေသူတွေရှိသည်။ ချစ်သုဝေတို့လို လူကိုယ်တိုင် လိုက်ပါအားပေးကြသည့် သရုပ်ဆောင်တွေလည်း ရှိနေကြသည်။ Road to Mandalay မှ မခင် ဆိုလျှင်လည်း နိုင်ငံခြားသားခရီးသွားများထံမှ အလှူငွေများရရှိ သည့်အခါ ဤ လူငယ်လေး များနှင့် ပူပေါင်းလိုက်ပါသည့်အခါ လိုက်ပါသည်။

တီတီအိုသည် ၀က်ဘ်ဆိုက်တခုဖွင့်ထားရာ ဤလူငယ်ကလေးများ၏ လုပ်ဆောင်မှုကို ၀က်ဘ်ဆိုက် http://cartoon1000.skyrock.com တွင် ကြည့်နိုင်ပေသည်။ g-mail နှင့်ဆက် သွယ်လိုလျှင်လည်း ttotime@gmail.com သို့ အီးမေးလ်ပို့ ဆက်သွယ်နိုင်၏။

ကျနော်တို့သည် ကလေးငယ်များအား ပန်းချီပုံများ၊ မုန့်ပဲသရေစာများပေး၍ ဖျော်ဖြေ မှုများပြုလုပ်ခဲ့ ကြပြီးနောက် ညနေ ၃ နာရီခန့်ရှိသောအခါ ပြန်ကြဖို့ပြင်ကြသည်။ မပြန်မီ စုပေါင်း ဓါတ်ပုံရိုက်ကြ၏။ ဓါတ်ပုံရိုက်ပြီးသော် ကလေးမလေးတဦးက သတိရကာ `ချစ်သုဝေက ဘုန်းကြီးကို ပိုက်ဆံပေးဦးမလို့ တဲ့´ ဟုပြောလိုက်သည်။ ကျနော်က သူပြောပုံကိုပြုံးမိပြီး `ဘုန်ကြီးကို န၀ကမ္မလှူမလို့ ထဲ့ပြောပါ သမီး ရယ်´ ဟု ပြောရသေးသည်။

ချစ်သုဝေက ငွေကျပ်တသိန်း သီးသန့်လှူသည်။ အဆိုတော်နှစ်ဦးက သူ့အားလက်ဆင့်ကမ်းလိုက်သည့် ငွေငါးသောင်းလား ခုနှစ်သောင်းလားမသိကိုလည်း လှူခဲ့ပါသေးသည်။ ကလေးလူကြီး စုပြုံတိုးနေကြ၍ ကျောင်းဝင်းတံခါးကို သော့ခတ်ပိတ် ထားရဟန်တူသည်။ ပြန်မည်ပြင်တော့ ဦးပဉ္စင်းတပါးက သော့ဖွင့် ပေးရသည်။ ဤလူအုပ်ကြီးသည် စာရေးဆရာ ဦးတင်ဦး(ကျူရှင်)၏ စာတွေဖတ်ထားပြီး စာရေးဆရာ ကိုယ်တိုင်နှင့် အရှင်လတ် လတ်တွေ့ချင်သောကြောင့် စောင့်နေခြင်း မဟုတ်ပါ။ မည်သူ့ကို တွေ့မြင်ချင်၍ စောင့်နေကြကြောင်း စာဖတ်သူများတွေးမိပါလိမ့်မည်။

ဤအခါမှ ဤလုပ်ငန်းမျိုးတွင် ငါတို့လိုလူမျိုးတွေထက် ရုပ်ရှင်၊ဂီတလို အနုပညာလောကမှ celebrity တွေက ပို၍ဆွဲဆောင် မှုရှိနိုင်ကြောင်း သတိပြုမိသည်။ ကျနော်တို့သည် ထိုနေ့က ညနေ ငါးနာရီခွဲ၊ ခြောက်နာရီလောက်တွင်မှ ပြန်ရောက်ကြသည်။ အိမ်ပြန်ရောက်သော်လည်း ဤ ခရမ်း၊ ကံဦးပရဟိတ ကျောင်းလို အခြားသော ပရဟိတကျောင်းများတွင်ရှိကြသော ကလေးများ အကြောင်းကိုပါ တွေးနေမိ လေသည်။

ငါ့မြေးလေးတွေကမှ ကံကောင်းနေကြသေးတယ်။ ငါ့မြေးတွေလောက် ကံမကောင်းရှာကြတဲ့ ဒီကလေး ငယ်လေးတွေကိုပါ ငါတတ်နိုင်သလောက် ကူညီသွားရဦးမှာ ပါကလား´ဟု တွေးနေမိခြင်းဖြစ်ပါသည်။

ဦးတင်ဦး(ကျူရှင်)
မဟေသီ ရုပ်စုံမဂ္ဂဇင်း အမှတ်၊ ၂၉၆၊ သြဂုတ်လ၊ ၂၀၀၉ ခုနှစ်

0 comments: