Friday, 5 June 2009

ထိုင်းစစ်တပ်မှ မြန်မာအလုပ်သမား ၃၀၀ ခန့် ဖမ်းဆီး လူနေအိမ်များမီးရှို့

ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရမြို့နယ် ၄၄ ကီလိုမီတာကျေးရွာက မြန်မာရွှေ့ ပြောင်း အလုပ်သမားများနေထိုင်တဲ့ ရပ်ကွက်များကို ထိုင်းနယ်ခြားစောင့်စစ်တပ်က ၀င်ရောက်ဖမ်းဆီး ပြီး အလုပ်သမားတွေနေထိုင်တဲ့ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဇွန်လ ၄ ရက်နေ့ နံနက် ၃ နာရီခန့်က ထိုင်းစစ်တပ်မှ စစ်သားအင်းအား ၁၀၀ လောက်ရောက်လာပြီး မြန်မာအလုပ်သမားတွေနေထိုင်ရာ ၄၂ ကီလို အနီးပတ်ဝန်းကျင်ကျေးရွာနဲ့ ၄၄ ကီလို ပတ်ဝန်းကျင် ကျေးရွာတွေက မြန်မာအလုပ်သမား ၃၀၀ ကျော်လောက်ကို ဖမ်းဆီးသွားပါတယ်။ ထွက်ပြေးလွတ် မြောက်သွားသူတွေရဲ့ နေအိမ်အချို့နဲ့ ကျန်နေခဲ့တဲ့ အိုးခွက်ပန်းကန် အသုံးအဆောင် အ၀တ်အထည် အားလုံးကို စုပုံမီးရှို့သွားခဲ့တယ်လို့ မျက်မြင်သက်သေများက ပြောပြပါတယ်။


မျက်မြင်သက်သေ မယဉ်ဝင်း ပြောပြတာက …
“ပြေးကြတာပေါ့ အိမ်သုံးလေးအိမ်လောက်ကို မီးရှို့သွားတယ်။ အိမ် ၃၀ လောက် အဖျက်ဆီးခံရတယ်။ တွေ့သမျှစုပြီးရှို့ပါတယ်။ ပြီးတော့ မွေးထားတဲ့ ကြက်အချို့ကိုလည်း ယူသွားကြတယ်။ အသက် ၇၀ ၀န်းကျင် လူကြီး ၃ ယောက် လောက်ပါတယ်။ ဗိုက်ကြီးသယ်တွေရော ကလေးသေးသေးလေးတွေ လည်းပါတယ်။ အလုပ်အကိုင် အဆင်မပြေရတဲ့ကြားထဲ ပူပင်သောက ဖြစ်ရတာပေါ့လေ။ ဗမာပြည်မှာ အဆင်မပြေလို့လာတာ ဒီမှာကလည်းမလုံခြုံ ကျမတို့ တော်တော်အခက်ကြုံရပါတယ်'' လို့ ပြောပြပါ တယ်။


အဲဒီ ၄၂ ကီလိုမီတာမှာ မြန်မာအလုပ်သမားများရဲ့ ကလေးငယ်များပညာရေးအတွက် ကျောင်းဆရာ လုပ်နေတဲ့ ကိုထိုက်သူအောင် က …
“ ၄၄ ရွာက ကျနော်တို့ ကျောင်းသား မူကြိုတန်းကနေ ၄ တန်းထိ ၁၂၀ ကျော် အားလုံးဖမ်းသွားတယ်၊ အနီးအနားမှာရှိသမျှ လူနေ၀င်းတွေကို ဖမ်းသွားပါတယ်၊ လူလေးရာကျော်လောက် ရှိပါတယ်၊ ဘတ်မ ရှိတဲ့အတွက် ဖမ်းမယ်ဆိုရင် ဖမ်းပေါ့ဗျာ ခုဟာက နေအိမ်တွေကို ဖျက်ဆီးတယ်၊ မူကြိုကလေး သုံးလေး နှစ်အရွယ်တစ်ယောက်ဆိုရင် မိဘတွေမှာဘတ်ရှိတယ်။ အဖိုးအဖွားဆီမှာသွားထားတာ အဘိုးအဖွားကို ဖမ်းတာနဲ့ ကလေးကိုပါဖမ်းသွားတယ်။ မိဘက တောင်းပန်တာ မရဘူးဗျ၊ အိမ်တွေကိုဖျက်ဆီးတာ၊ အ၀တ်အစား တွေကိုမီးရှို့တာတွေက အရမ်းရက်စက်ရာကျပါတယ်” လို့ ပြောပါတယ်။


နံနက် ၃ နာရီကျော်ကစလိုက်တဲ့ ဖမ်းဆီးမှုဟာ နံနက် ၈ နာရီ လောက်ထိ ဖမ်းထားတဲ့ လူတွေကို ဖုတ်ဖရမြို့အထိ ကားတွေနဲ့ဆက်တိုက်သယ်ယူနေတယ် ဆိုတာကိုလည်း ဆက်ပြီးပြောပြပါတယ်။

၄၄ ကီလိုရွာက မြန်မာအလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလကလည်း အခုလို ထိုင်းစစ်တပ်က မောင်းထုတ်ခဲ့လို့ ဘေးလွတ်ရာတောတောင်ထဲမှာ အတော်ကြာကြာ ရှောင်တိမ်းနေထိုင်ခဲ့ရပါတယ်။ အခု မိုးကျလာလို့ နေထိုင်ရာဝင်းများကို ပြန်လာခဲ့တာ ရက်ပိုင်းလောက်ပဲ ရှိပါသေးတယ်။

အိမ်တွေမီးရှို့ လူတွေကိုဖမ်း လွတ်တဲ့လူတွေက နီးစပ်ရာတောတောင်တွေထဲ ပုန်းအောင်နေလိုက်၊ အခုလို ဖြစ်နေတာတွေဟာ ဖုတ်ဖရမြို့နယ်အတွင်းမှာ ၂၀၀၈ ခုနှစ် က ၂ ကြိမ်၊ အခုနှစ် ၂၀၀၉ တွင် ၂ ကြိမ်ရှိနေပြီဖြစ်တယ်လို့ အဲဒီဒေသက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ပြောပြပါတယ်။

Photo by: SAW

0 comments: