Thursday 5 February 2009

တောင့်တမိသည် အမိရင်ခွင်


မပြည့်စုံမှု
ဘက်လိုက်မှု
နိုင့်ထက်စီးနင်းမှုတွေ
ပြွမ်းနေတဲ့ ဒီခေတ်ဆိုးကြီးထဲမှာ
လောကသခင်က
အမေ့ကို
ကျမဘ၀ထဲကနေ
အပြီးတိုင် ဆွဲခေါ်သွားခဲ့တယ်။

လူမှန်းသိတတ်စကတည်းက
အမေ လို့ ခေါ်ခွင့် မရခဲ့တဲ့ ကျမ …
အမေ့မေတ္တာဆိုတာ
အေးမြတယ်၊ ငြိမ်းချမ်းတယ်တဲ့ …
အမေ့ရင်ခွင်ဟာ
နွေးထွေး လုံခြုံတယ်တဲ့ …
စာဆိုတွေ အမျိုးမျိုးဖွဲ့ခဲ့ကြပေမယ့်
ကျမမှာ အဲသလို
လုံခြုံ နွေးထွေး ချမ်းမြေ့မှုကို
ရခဲ့တဲ့ အတွေ့အကြုံ မရှိခဲ့ပါဘူး။

' အမေရယ်
ကျမကို တယောက်တည်း
ဘာကြောင့် ထားခဲ့ရတာလဲ '
ခဏခဏ မေးမိခဲ့။

အမေသာရှိရင်…..
ကျမလည်းပဲ
ဟိုရောက် သည်ရောက်
ဝမ်းရေတထွာ ဖြည့်ဖို့ရာတွက်
ရေကြည်ရာ မြက်နုရှာရင်း
ကြုံတွေ့ဆုံခဲ့ ဘ၀အတွေ့အကြုံ
မြင်ကွင်းတွေကို
အမေသာ ရှိနေပြီး တွေ့မြင် ကြုံခွင့်ရရင်..
အမေဟာ
ကျမဘက်က မားမားရပ်ပြီး
ကာကွယ် ဖြည့်ဆည်းပေးမယ့်သူဆိုတာ
ကျမ အကြွင်းမဲ့ ယုံကြည်တယ်။

မဟုတ်မခံတတ်တဲ့ အမေ
ဘက်လိုက်မှုကို မနှစ်သက်တဲ့ အမေ
ထက်မြက်တဲ့ အမေဟာ
ကျမအတွက်တော့
မဟာတံတိုင်းကြီးပဲပေါ့။

ဒီလိုပါပဲ
ဒီတခေတ်မှာ လူဖြစ်ရတဲ့
ကျမတို့တွေဟာ
ပေဖြစ်တုန်းခံ တူဖြစ်ရင်နှံ
ရတဲ့ ဘ၀တွေပါပဲ။

ဘယ်လို ဒုက္ခ သုခတွေပဲ ကြုံရ ကြုံရ
ကျမ အလိုချင်
အတောင့်တဆုံးက
အမေ့ရဲ့ အေးမြ ရင်ခွင်
နွေးထွေးတဲ့ ရင်ခွင်လေးပါပဲ။

(ကေဇီလင်း)
၃၁ ဒီဇင်ဘာ ၂၀၀၈။

0 comments: