Thursday 11 December 2008

လူဆိုး လုံးဝ မဟုတ်ရပါဘူးကွယ်













(ဖေဖော်ဝါရီလ ၁၃ ရက်နေ့ရောက်တိုင် ကျင်းပမြဲဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ပန်းချီကားများ)


ကိုသီလသည် ထိုင်း-ဗမာနယ်စပ် မြို့ကလေးတမြို့သို့ ရောက်ရှိနေသည်မှာ ဆယ်စုနှစ် ပင်ပြည့် ခဲ့ပြီဖြစ်သည်။ ထိုနယ်စပ်မြို့ကလေးမှာ ထိုင်းနိုင်ငံကပိုင်ဆိုင်သော မြို့ကလေးဖြစ်သည်။ ထိုင်း နိုင်ငံပိုင်မြို့ကလေးတမြို့ဖြစ်သော်လည်း မြန်မာပြည်သားအများစု အကြောင်းအမျိုးမျိုး ဖြင့်လာ ရောက်နေထိုင်ကုန်သော မြို့ကလေးဖြစ်သည်။ တရားမ၀င်၊ တရားမ၀င့်တ၀င်၊ ဒုက္ခ သည်၊ပျံကျ စသည်ဖြင့် သဏ္ဌာန်အမျိုးမျိုးဖြင့်နေထိုင်သူများဖြစ်သည်။ အများစုမှာကောင်းရောင်း၊ ကောင်း ၀ယ်နေထိုင် စားသောက်ကြသူများဖြစ်သော်လည်း တရားမ၀င်မှုဆိုသော ဥပဒေက သူတို့ဘ၀ တွေကို ကျီးလန့် အစာစားကဲ့သို့ ဖြစ်နေရသည်။
မိုးမလင်းခင် ထိုင်းတောမောက၀င်ရောက်ရှာဖွေ ဖမ်းဆီးလျှင် ညှိုးငယ်စွာလိုက်သွားရသည်။ ဗမာပြည်ဘက်ကမ်းသို့ အမှိုက်သရိုက်သဖွယ် သွန်ပစ်ခြင်းကိုခံရသည်။လမ်းသွား၊လမ်းလာထိုင်း ရဲကဖမ်းလျှင် စားစရာမရှိသော်လည်း လျော်စရာရှိမှ ဖြစ်သည်။ သည်ကြားထဲ မိန်းကလေး လှတပတဆိုက ဖင်ပုတ်၊ ခေါင်းပုတ်က ခံရသေးသည်။ တရားမ၀င် အသတ်ခံရသည့် ယောက် ကျား၊ မိန်းမတွေမှာလည်း ထုနဲ့ဒေး တနေ့နဲ့တနေ့ ဒီရေအလား တိုးပွားနေကြသည်။ စီးပွား၊ဥစ္စာ တွေသာ ဒီရေအလား တိုးပွားလိုက်လျှင် အဘယ်မျှကောင်းလိုက်မည်နည်း။ အခုတော့။

ထိုဒုက္ခမြို့ကလေးတွင် ဗမာကလေးများမှာလည်း အင်နှင့်အားနှင့် တရားမ၀င်ရောက်ရှိ နေကြ သည်။ တချို့က မိဘတွေနှင့်ပါလာသည်။ တချို့က မကျွေးနိုင်၊ မမွေးနိုင်၍ မိဘကစွန့် ပစ်ခဲ့သူ များ။ တချို့ကတော့ ရေမျောကမ်းတင် နယ်ပယ်သစ်ကို စွန့်စားရှာဖွေလာသော အိမ်ပြေး က လေးများဖြစ်ကြသည်။ အရွယ်အမျိုးမျိုး၊ဗမာအပါအ၀င် လူမျိုးပေါင်းစုံ မြန်မာနိုင်ငံက ကလေး များဖြစ်သည်။

ကိုသီလသည်လည်း အမိမြန်မာနိုင်ငံတော်ကို ချစ်ရက်နှင့် တရားမ၀င်စွန့်ခွာလာသော မြန်မာ ပြည်သားစစ်စစ်ဖြစ်သည်။ မြန်မာပြည်မှာတုန်းက ဆယ်တန်းကို အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ် မတက်နိုင်သဖြင့် စာပေးစာယူဖြင့် ဘွဲ့ရခဲ့ရသည်။ ဘွဲ့ရပြန်တော့ လည်း ဆိုက်ကားနင်းရမလို၊ ရေလှည်းပဲတွန်းရမလိုနှင့် ကျေးလက်ဆွဲခန့် ကျောင်းဆရာ ၀င်လုပ် ခဲ့ရသည်။ လေး၊ငါးနှစ်ခန့်လုပ်အပြီးတွင် ကိုသီလအတော့်ကို စိတ်ဓါတ်ကျသွားတော့သည်။ သူ့ ကျောင်းကလေးတွင် စာသင်သားကလေးများ နည်းသထက်နည်းလာကာ လက်ဆယ်ချောင်း ပင်မပြည့်ချင်တော့။ ကျောင်းသား မိဘများမှာလည်း တာဝန်မကျေလို့ဆိုပြီး အဖမ်းခံရကာ မြို့ အချုပ်ထဲရောက်သူကရောက်၊ ထွက်ပြေးသူကပြေးနှင့်။ တစစနှင့် သူစာသင်သည့် တွဲဘက် အ လယ်တန်းကျောင်းကလေးမှာ ရွာပျက်ကမ်းပါး လိုဖြစ်လာသည်။ သည်လိုနှင့် ကိုသီလသည် စာသင်ကျောင်းကလေးကိုရော၊ ဇာတိမွေးရပ်မြေနှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ ချစ်လှစွာသော အမိမြန်မာနိုင်ငံတော်ကြီးကိုပါ ချစ်ရက်နဲ့လွမ်းချက်က နာလွန်း လှစွာဖြင့် မခွဲချင်၊ ခွဲချင် ခွဲခွာခဲ့ရပါတော့သည်။

ဤသို့ဖြင့် မဲဆောက်မြို့ကလေးသို့ ကိုသီလ ရောက်လာခဲ့သည်။ ကိုသီလ ထိုင်းနိုင်ငံ မဲဆောက် မြို့ကလေးသို့ တရားမ၀င်ရောက်ရှိလာခဲ့ပါသည်။ရောက်စသုံးလေးနှစ်ခန့်မှာ ကိုသီလ ပန်းရံလုပ် ငန်းတွင် အုတ်သယ်၊ ကျောက်သယ် ၀င်လုပ်သည်။ တောမောအဖမ်းခံရပြီး ဗမာဘက်ကမ်းပြန် ပို့သည်။ အတုမြင်အတတ်သင်ဆိုသလို သူလိုဘ၀တူတွေနှင့်အတူ ခပ်တည်တည် မဲဆောက် ဘက်ကမ်း ပြန်ကူးလာခဲ့သည်။ ကြုံရာကျဘန်းဝင်လုပ်သည်။ သည်လိုနှင့် ကိုသီလသည် မဲဆောက်မြို့ရှိ မြန်မာပြည်သား ကလေးငယ်များကို စာသင်ပေးနေသော (တရား ၀င်မှန်း၊မ၀င် မှန်းလည်း မသေချာ၊ မရေရာလှသော) စာသင်ကျောင်းကလေးတွင် ကျောင်းဆရာ အလုပ်က လေးကို ရခဲ့ပါတော့သည်။

ဆရာလေး စာသင်နေသော ကျောင်းကလေးသည် မဲဆောက် ဆင်ခြေဖုံးတွင်တည်ရှိသည်။ က လေးများမှာလည်း မူကြိုမှအလယ်တန်းအရွယ်ထိဖြစ်သည်။ ဘ၀အမျိုးမျိုးဖြင့်ရောက် လာကြသူ များဖြစ်သလို စိတ်ခံစားမှုများမှာလည်း အမျိုးမျိုးဖြစ်ကြသည်။ ကိုသီလက မူလတန်း နှင့်အ လယ်တန်းကို သင်ကြားပေးရသည်။ မြန်မာစာနှင့်သမိုင်းကို တာဝန်ယူသင်ကြားပေးရသည်။ ထိုင်းနိုင်ငံသို့ ဘုမသိ၊ဘမသိရောက် လာကုန်ကြသော အပြစ်မဲ့ကလေးများကို မြန်မာစာနှင့် မြန်မာနိုင်ငံသမိုင်းကို သင်ပေးရသည့်အတွက် သူအရမ်းဝမ်းမြောက်ဂုဏ်ယူမိသည်။ စေတနာ လည်း အထူးထားပြီးသင်ပေးသည်။

မြန်မာနိုင်ငံဆိုတာ တိုင်းရင်းသားလူမျိုးစုပေါင်းစုံ အေးအတူပူအမျှနေထိုင်ခဲ့တာမို့ ဘယ်လို ချစ်စ ရာကောင်းပြီး ဘယ်လိုသမိုင်းမျိုးရှိခဲ့တာ။ နယ်ချဲ့နဲ့ဖက်ဆစ်ဂျပန်ကို ဘယ်လို တော်လှန်ခဲ့တာ။ လူမျိုးစုပေါင်းစုံ ဘယ်လို သွေးစည်းညီညွတ်ခဲ့တာဆိုပြီး ကလေးများကိုသင် ကြားပေးနေရသော ကိုသီလအဖို့ သူ့ဘ၀ကို ကျေနပ်ပီတိ ဖြစ်နေပါတော့သည်။

ကိုသီလသည် သူ့ကျောင်းသားကလေးများကို မိဘမေတ္တာအကြောင်းကို ကြိုးစားပမ်းစားသင် ပေးသည်။ ကလေးအများစုမှာ ပုံမှန်မိသားစုဘ၀ကို မရရှိကြသောကြောင့် မိဘမေတ္တာနှင့် မိဘ တန်ဖိုးကို ခံစားနားလည်နိုင်မှုဘက်တွင် အားနည်းနေခဲ့သည်။ တချို့ ကလေးများဆို အမေကို အရမ်းနာကျည်းမုန်းတီးသည့် စိတ်အခြေခံတွေပင်ရှိနေကြသည်။ အဖေဆိုလျှင်တော့ ပြောစရာ တောင်မရှိ ဖြစ်နေခဲ့ရသော ဘ၀များဖြစ်သည်။ ထိုကလေးငယ်များအဖို့ မိခင်နှင့်ဖခင်ကို မုန်းတီး နေသော စိတ်အခြေခံရှိသော ကလေးငယ်များအဖို့ သူတို့.အနာဂတ်သည် မတွေးဝံ့ စရာဖြစ်ရ သည်။ လူ့အဖွဲ့အစည်းအပေါ် သူတို့ခံစားသိမြင်မှုများသည် သူစိမ်းပြင်ဆန်သွားနိုင်သည် မလား။

ဆရာလေးကိုသီလသည် မြန်မာ့သမိုင်းကိုလည်း ကလေးတွေကို စိတ်ရှည်လက်ရှည် သင်ကြာ ပေးသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင် ကြီးများအကြောင်း၊ နယ်ချဲ့နဲ့ဖက်ဆစ်ကို တွန်းလှန်ခဲ့တဲ့အကြောင်း စသည်ဖြင့် အရွယ်အလိုက်၊ အတန်းအလိုက် နားလည် သိရှိစွဲမြဲသွားအောင် သင်ကြားပေးပါသည်။

တနေ့ ငါးတန်းကျောင်းသားလေးများကို မြန်မာနှင့်သမိုင်းဘာသာ သင်ပေးနေချိန်ဖြစ်ပါသည်။ မြန်မာစာကို အရင်သင်သည်။ မိဘမေတ္တာအကြောင်းကိုသင်သည်။ မိဘစကားကို နားထောင် လိုက်နာသော ကလေးများသည် ဗိုလ်ချုပ်အောင်ဆန်းလို တိုင်းပြည်ခေါင်းဆောင် ဖြစ်နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်လို ပြည်သူကချစ်သည့် ဒီမိုကရေစီခေါင်းဆောင် ဖြစ်နိုင်သည် စသည် ဖြင့်သင်ပေးခဲ့သည်။ ကလေးများမှာလည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ့သမီး ဒေါ်အောင်ဆန်း စုကြည်ဆိုလျှင် စိတ်ဝင်စားကြသည်။ ချစ်ခင်လေးစားမှုလည်းရှိကြသည်။ ထို့ကြောင့် ဆရာလေး ကိုသီလ အတော်ကိုအာသွက်နေခဲ့သည်။

မြန်မာစာပြီးတော့ ခဏနားပြီး သမိုင်းကိုဆက်သင်သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ နယ်ချဲ့ အင်္ဂ လိပ်ကိုတော်လှန်ရန် နိုင်ငံရေးသမား လုပ်ခဲ့ပုံတွေကို သူတို့နားလည်နိုင်အောင် ရှင်းလင်းပြော ပြနေသည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ နိုင်ငံရေးလုပ်ရာတွင် ဘယ်လိုရိုးသားခဲ့၊ ဆင်းရဲခဲ့ကြောင်း၊ ထောင်လည်းကျနိုင်၊ အသက်လည်းသေနိုင်ကြောင်း၊ နယ်ချဲ့ကိုတော်လှန်ဖို့ ဂျပန်ဆီမှာ ပါးနား အရိုက်ခံပြီး စစ်ပညာသင်ခဲ့ရကြောင်း စသည်ဖြင့် ဆရာလေးကိုသီလ ရှင်းလင်းသင်ပြ နေချိန် တွင် ရှေ့ဆုံးတန်းက ကျောင်းသူ သမီးလေးက ကောက်ခါ၊ ငင်ကာဖြင့် မေးခွန်းတခု ထမေးပါ တော့သည်။
“ဆရာ ဗိုလ်ချုပ်အောင်ဆန်းအမေက မလုပ်ဖို့ မပြောဘူးလားဟင် သေနိုင်တဲ့အလုပ် ကိုလုပ်တာ ဘယ်အမေကမတားဘဲ မရှိဘူး ထင်တယ်နော် ဆရာ”
ကိုသီလ ခဏတော့ တွေသွားသည်။ မေးခွန်းက အဖြေပါနေသည်။ သူတို့လေးတွေ အရွယ်က သူတို့အရွယ် ဘာသာစကားကိုသာ နားလည်နိုင်မည်။ တိုင်းပြည်ကောင်းစားရေး၊ အများ ကောင်းစားရေးအတွက် မိခင်တွေက သားတွေကို နိုင်ငံရေး၊ တော်လှန်ရေးအလုပ်တွေကို ကြည် ကြည်ဖြူဖြူပေးလုပ်နိုင်တယ်ဆိုပြီး ပြောရင်ရော သူတို့လေးတွေအရွယ်က တကယ်ခံစားနား လည်နိုင်ပါ့မလား။ ဆရာလေးကိုသီလ ထိုသို့အကြပ်ရိုက်နေစဉ် ကျောင်းသားလေးတ ယောက် က လက်ညှိုးထောင်ကာ …
“ဆရာ ဒါဆို ဗိုလ်ချုပ်အောင်ဆန်းလည်း မိဘစကားနားမထောင်တဲ့ ကလေးဖြစ်နိုင်တယ်နော်။ သားတို့လို လူဆိုးလေးတွေ ဖြစ်မှာပေါ့နော် ဆရာ”
ဆရာလေး ကိုသီလ ဘာပြန်ပြောရမှန်း ချက်ချင်းအဖြေမတွေ့။ ကလေးတွေကိုပြန် တော့ပြော ရမည်။ မပြောလို့မဖြစ်။ ဆရာလေး ကိုသီလ လည်ချောင်းရှင်းကာ…
“ဒီလို ကလေးတို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လူဆိုးမဟုတ်ပါဘူးကွယ်။ တိုင်းပြည်က၊ ပြည်သူ လူထုက လေးစားချစ်ခင်ရတဲ့ လူကောင်းပါ။ အဲ…ကလေးတို့လို ကျောင်းသားအရွယ် မှာတော့ မိဘကိုနွဲ့ဆိုးဆိုးတတ်တဲ့ ချစ်စရာကောင်းတဲ့ ကလေးဆိုးလေး ဖြစ်ချင်ဖြစ်ခဲ့မှာပေါ့။ အဲ အင်း ဆရာလည်း အဲဒီတုန်းက မမွေးသေးတော့ အတိအကျမသိဘူးကွယ်။ သေချာတာကတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ လူကောင်းတယောက်ပါ။ လူဆိုးလုံးဝမဟုတ်ရပါဘူးကွယ် … နော် ကလေးတို့ နော်”
ထိုစဉ် ကျောင်းဆင်းခေါင်းလောင်းထိုးသံက ကိုသီလကို သက်ညှာစေခဲ့သည်။ အဖိနှိပ်ခံ ပြည်သူ့ အရေးနဲ့ မိဘတွေရဲ့ စိုးရိမ်မှုက ဖြစ်ပေါ်လာတဲ့ မေတ္တာတို့ လွန်ဆွဲကြတဲ့အခါ အဖိနှိပ်ခံပြည်သူ့ အရေးက ပိုအရေးကြီးလို့ အလေးပေးဆောင်ရွက်ရမယ် ဆိုတဲ့အကြောင်း ကလေးတို့ခံစားနာ ယူနိုင်မယ့်အထိ ဆရာလေးကိုသီလ မင်းတို့ကို စောင့်နေပါဦးမယ် …..။ ။


(SAW)

8 comments:

Han Thit Nyeim said...

`လူဆိုး´ ဆိုတာ ဒီလိုသတ်မှတ်ချက်တွေရှိတယ် လို့ ကလေးတွေကို သင်ပေးရမလို ဖြစ်နေပြီ။

လင်းဦး(စိတ်ပညာ) said...

လူဆိုး.......လာဖတ်၏

Welcome said...

နယ်စပ်ရောက် မြန်မာ လူမျိုးများ အားလုံးရဲ့ ဘ၀ကို စာနာနားလည်မိပါတယ်။ ကလေးတွေရဲ့ ပန်းချီ လက်ရာကို ကြည့်သွားတယ်။ ဗိုလ်ချုပ်မွေးနေ့ ဆိုတဲ့ ကဗျာလေးတောင် မရေရွတ်ခဲ့မိတာ ကြာပြီ။

http://winzaw-mdy.blogspot.com

Anonymous said...

လူဆိုးမဟုတ်ကို လာဖတ်ရင်း ကျနော့် ရည်မှန်းချက်လေး ပြန်ပေါ်လာတယ်.. ငယ်ငယ်က ကျောင်းဆရာ ဖြစ်ချင်ခဲ့တာ... နောင်ဘဝမှာ လူပြန်ဖြစ်ခဲ့မယ် ဆိုရင် ကျောင်းဆရာ ဘဝလေးကို ရချင်ပါတယ်..

nay way said...

လာဖတ်သွားပါတယ်.

Nge Naing said...

စာလာဖတ်ပြီး မျှဝေခံစားသွားပါတယ်။ မြန်မာပြည်အမြန်ဆုံး ငြိမ်းချမ်းပါစေ။

မေသူပိုင် said...

လူဆိုး လုံးဝ မဟုတ်ရပါဘူးကွယ်
အရေးအသားလဲ အလွန်ကောင်းလွန်းပါတယ်
လေးစားလျက်
မေသူ

ငွန်ငယ် said...

အရမ်းကောင်းတဲ့ ဝထ္တုလေးပါပဲ။ကျမလည်း ဟိုမှာ ဆရာမ လုပ်ခဲ့ဘူးတော့ စာနာ နားလည်းမိပါတယ်။အဆင်ပြေ အေးချမ်းပါစေလို့
ဆုတောင်းပေးပါတယ်ရှင့်။ခင်မင်လေးစားလျှက်